စစ်မှုမထမ်းချင်ပေမဲ့ ပြေးစရာမြေ မရှိသူများ 

စစ်မှုထမ်းခေါ်ခြင်းကိုလက်မခံဘဲ မလေးရှားနိုင်ငံများသို့ ပွဲစားများဖြင့် တရားမဝင် ထွက်ပြေးရာ၌လည်း စစ်ကောင်စီထံ ဖမ်းဆီးခံရသည့်အပြင် လမ်းခရီး၌ အစာရေစာပြတ်ပြီး သေဆုံးသူများလည်း ရှိနေသည်။ 

By Admin 20 Sep 2024

စစ်မှုမထမ်းချင်ပေမဲ့ ပြေးစရာမြေ မရှိသူများ 

ဝင်းညွန့် - ရေးသည်။

ပြည်တွင်းစစ်ပွဲတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်‌နေ့တွင် ပြဌာန်းလိုက်သည်။ ထို့ကြောင့် စစ်မှုမထမ်းလိုသူများမှာ ပြည်ပနိုင်ငံများသို့ တရားမဝင်၊ တရားဝင် နည်းလမ်းများဖြင့် လည်းကောင်း၊ လွတ်မြောက်နယ်မြေများသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

သို့သော် အခြားသူများကဲ့သို့ လွတ်မြောက်နေရာသို့ ပြေးရန် အခွင့်မသာသည့် လူတစ်စု ရှိနေသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသည့် ရခိုင်ပြည်ထဲက မွတ်ဆလင်များ ဖြစ်သည်။ 

အခြားနေရာများသို့ တရားဝင် သွားလာခွင့်မရဘဲ စစ်တွေမြို့တွင် ပိတ်မိနေသည့် သောင်းနှင့်ချီသည့် မွတ်ဆလင်များထဲတွင် စစ်မှုမထမ်းချင်သည့် ကိုမောင်မောင်(အမည်လွှဲ) တစ်ဦးလည်း ပါဝင်သည်။ 

“အခုက စစ်တွေမြို့က အကျဉ်းထောင်လို ဖြစ်သွားပြီ။ မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီက မိုင်းထောင်းထားတာ ရှိတယ်။ နောက်ပြီးတော့ ခြံစည်းရိုးကာတာတွေ ရှိတယ်။ ပြေးစရာနေရာလည်းမရှိဘူး” ဟု အသက် ၂၅ နှစ်အရွယ် ကိုမောင်မောင်က ပြောသည်။  

ရခိုင်တွင် ၂၀၁၂ ခုနှစ်၊ ပဋိပက္ခဖြစ်ပွားခဲ့ချိန်မှစ၍ မွတ်ဆလင်များမှာ ခရီးသွာလာခွင့် ကန့်သတ်ခံထားရသည်။ ပုံစံ(၄)ဟု ခေါ်သည့် ခရီးသွားလာခွင့်ထောက်ခံချက် ပါမှသာလျှင် မြို့နယ်တစ်ခုမှတစ်ခုသို့ ခရီးသွားခွင့်ရှိပြီး မပါလျှင် ဖမ်းဆီးအရေးယူခံရသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီသည် စစ်တွေမြို့ အဝင်/အထွက်ကို တင်းကျပ်စွာ ပိတ်ဆို့လိုက်သည်။ 

ကိုမောင်မောင်အပါအဝင် မွတ်ဆလင်များမှာ မှတ်ပုံတင်မရှိ၍ ရန်ကုန်သို့ထွက်ပြေးရန် မဖြစ်နိုင်သည့်အပြင် စစ်ကောင်စီ၏ ပိတ်ဆို့ထားမှုကြောင့် အခြားနေရာများကိုလည်း ထွက်ပြေးရန် အဆင်မပြေပေ။

လှောင်အိမ်ထဲက ငှက်ကလေးသဖွယ် ပိတ်လှောင်ခံထားရပြီး လွတ်လပ်စွာသွားလာခွင့် ဆုံးရှုံးနေရသည့်အပြင် စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ပြီး တိုက်ပွဲများတွင် အသုံးပြုနေသည်။ 

မွတ်ဆလင်များမှာ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို လက်မခံဘဲ ထွက်ပြေးချင်သော်လည်း ထွက်ပြေးဖို့နေရာမရှိဘဲ ပိတ်မိနေကြခြင်းဖြစ်သည်။ 

“ကျနော်တို့က စစ်ကောင်စီဆီမှာ စစ်မှုမထမ်းချင်ဘူး။ တစ်နေရာကို ထွက်ပြေးချင်တာပေါ့။ ဒါပေမယ့် ထွက်ပြေးဖိုလည်း မရဘူး။ တိုက်ပွဲဖြစ်လာရင် ဘယ်လိုဖြစ်လာမယ်ဆိုတာ မတွေးတတ်တော့ဘူး” ဟု ကိုမောင်မောင်က ပြောသည်။  

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာကျေးရွာအပါအဝင် ဘောဒူဖ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်မှုထမ်းခေါ်ယူခဲ့သည်။ ယင်းနောက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် - ဒကစ (စစ်တွေ) တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။

အလားတူ ဧပြီလတွင်လည်း ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ လူဦးရေ ၅၀၀ ကို စစ်မှုထမ်းခေါ်ယူခဲ့သည်။ 

စစ်မှုထမ်း မွတ်ဆလင်များအား စစ်ကောင်စီက တိုက်ပွဲအတွင်း အသုံးပြုနေသည်ကို အာရက္ခတပ်တော်(AA) က ရသေ့တောင်တိုက်ပွဲအပြီးတွင် မွတ်ဆလင်ရုပ်အလောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် ဘူးသီးတောင်နှင့် မောင်တော တိုက်ပွဲများတွင်လည်း စစ်ကောင်စီက မွတ်ဆလင်များကို စစ်သင်တန်းပေးပြီး အသုံးပြုမှုများ ရှိနေသည်။ 

လက်ရှိတွင် စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ထောင်နှင့်ချီကို စစ်သင်တန်းပေးထားသည်။ အဆိုပါ မွတ်ဆလင်များထဲမှ အချို့ကို ကျေးရွာအနီးတွင် ဘန်ကာများပြုလုပ်ကာ ကင်းစောင့်ခိုင်းခြင်း၊ အချို့ကို ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေသည်။ 

ဘုမေကျေးရွာမှ စစ်မှုထမ်းခေါ်ခံရသူ မွတ်ဆလင် အမျိုးသားတစ်ဦးက “ကျနော်တို့က စစ်မှုမထမ်းချင်ဘူး။ ဒါပေမယ့် စစ်ကောင်စီက မတက်ရင် အဖေ့ကိုဖမ်းမယ် ဆိုပြီးတော့ ခြိမ်းခြောက်တဲ့အတွက် စစ်မှုထမ်းစစ်သင်တန်း တက်လိုက်ရတယ်” ဟု ပြောသည်။ 

စစ်ကောင်စီထံတွင် စစ်သင်တန်းတက်ရောက်နေချိန် ထွက်ပြေးသည့် မွတ်ဆလင်အချို့မှာ မိုင်းနင်းမိပြီး သေဆုံးသွားသည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။  

မွတ်ဆလင်များသည် စစ်ကောင်စီ၏လုပ်ရပ်များကို မလွန်ဆန်နိုင်သဖြင့် ဒုက္ခရောက်နေကြရကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ 

အချို့သော မွတ်ဆလင်များမှာ စစ်မှုထမ်းခေါ်ခြင်းကိုလက်မခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ၎င်းတို့မှာ ပြည်ပနိုင်ငံများအပြင် AA က သိမ်းပိုက်ထားသည့် ဒေသများသို့ သွားရောက်ခိုလှုံနေခြင်းဖြစ်သည်။ 

မလေးရှားနိုင်ငံများသို့ ပွဲစားများဖြင့် တရားမဝင် ထွက်ပြေးရာ၌လည်း စစ်ကောင်စီထံ ဖမ်းဆီးခံရသည့်အပြင် လမ်းခရီး၌ အစာရေစာပြတ်ပြီး သေဆုံးသူများလည်း ရှိကြောင်း သိရသည်။ 

AA ထိန်းချုပ်နယ်မြေများသို့ ထွက်ပြေးသူများအထဲတွင် ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင် ကိုထွန်းမြင့်ကျော် တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ အုပ်ချုပ်သူအဆက်ဆက် မွတ်ဆလင်များကို ပစ်ပယ်ထားပြီး စစ်မှုထမ်းဉပဒေပြဌာန်းပြီးမှ နိုင်ငံသားဟုဆိုကာ စစ်မှုထမ်းခိုင်းသဖြင့် AA နယ်မြေထဲသို့ ခိုလှုံလာရခြင်းဟု သူက ပြောသည်။ 

“အစက ကျနော်တို့လူမျိုးတွေကို ခိုးဝင်ဘင်္ဂလီတွေလို့ ပြောပြီးတော့ စစ်မှုထမ်းဥပဒေထုတ်ပြီးမှ ‘မင်းတို့က နိုင်ငံသားတွေပါ၊ စစ်မှုထမ်းကိုထမ်းရမယ်၊ နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်’ ဆိုတာကတော့ မတရားဘူး” ဟု ကိုထွန်းမြင့်ကျော်က ပြောသည်။ 

ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်မှ အသက် ၅၅ နှစ်အရွယ် ဒုက္ခသည် ၁၁၇ ဦးကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။ 

ယင်းအပြင် စစ်ကောင်စီက စစ်မှုထမ်းမွတ်ဆလင်များကို လစာပေးရန်ဟုဆိုကာ မွတ်ဆလင်ကျေးရွာနှင့် ဒုက္ခသည်စခန်းများထံမှ လစဉ်ကြေးများကို ခြိမ်းခြောက်တောင်းခံနေကြောင်း သိရသည်။ 

စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းနှင့် ကျေးရွာများထံမှ တစ်အိမ်ကို ငွေကျပ် ၅,၀၀၀ မှ ၃၀,၀၀၀ အထိ လစဉ်ကြေး အတင်းကောက်ယူနေကြောင်း ပြောကြသည်။  

“သူတို့ကောက်ခံတဲ့ငွေကို မပေးဘူးဆိုရင် စစ်မှုထမ်းရမယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ နောက်ပြီးတော့ စစ်မှုမထမ်းရင် အဖေကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်” ဟု စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ကြုံတွေ့နေရပုံကို စစ်တွေဒေသခံ ကိုမောင်မောင်က ပြောပြသည်။ 

“ကျနော်တို့မှာ ထွက်ပြေးစရာနေရာလည်း မရှိတဲ့အတွက် လတိုင်းပေးနေရတယ်” ဟု သူက ဆက်ပြောသည်။ 

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုကို ကြုံတွေ့နေရသည့်အထဲ စစ်မှုထမ်းများအတွက် လစဉ်ကြေးပေးနေရသဖြင့် စားဝတ်နေရေးကို ပို၍ခက်ခဲစေကြောင်း မွတ်ဆလင်များက ပြောကြသည်။ 

ပြေးစရာမြေမရှိသည့် ကိုမောင်မောင်တို့လို မွတ်ဆလင်တွေကတော့ စစ်ရေးအသာရရှိနေသည့် AA က ရခိုင်ပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်လျှင် ဒေသတွင်း လွတ်လပ်စွာသွားလာနိုင်ပြီး နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ တန်တူးအခွင့်အရေး ရရှိရန်  မျှော်လင့်နေကြသည်။