စစ်လှေကို စီးနင်းမိကြသော မင်းတိုင်ပင် ပညာသည်များ

လက်ရှိအစိုးရသည် အာဏာရပြီးနောက် မဲဆွယ်ပွဲတစ်ခုကို အစပြုသည့်အချိန်ထိ ၎င်းတို့ကြွေးကြော်ခဲ့သော ပြည်တွင်းစစ်ရပ်တန့်ရေးကိစ္စကိုလည်း ဆောင်ရွက်နိုင်ခဲ့ဲခြင်း မရှိခဲ့ပေ။ 

28 Sep 2020

(ဓာတ်ပုံ - wallup.net)

By ခိုင်ကျော်ဆန်း | DMG

နှီးနှောတိုင်ပင်ခြင်း၊ ဆွေးနွေးခြင်းများသည် ရန်ငြိုးရန်စများကို ပြေစေသည်ဟု အဆိုရှိသော်လည်း မှန်ကန်သောစိတ်ဓာတ်များလည်း လိုအပ်ပါသည်။ ကျနော်ငယ်ငယ်က ဖတ်ခဲ့ဖူးသော စာတစ်ပိုဒ်တွင် ယခုလို ဖော်ပြထားပါသည်။

“နွားများသော ခြံထဲကို ကျားတစ်ကောင် ဝင်သွားသည်နှင့် နွားများနေသည့်အတွက် ကျားသည် နွားစိတ်ပေါက်သွားမှာမဟုတ်ဘဲ အဆိုပါကျားက စားလိုက်၍သာ များမကြာမီပင် နွားများတဖြည်းဖြည်း ကုန်သွားဖွယ်ရှိသည်” ဆိုသောစကားပါ။

ရောနှောနေထိုင်ခြင်း၊ ဆွေးနွေးခြင်းများ အဖြေရဖို့ နီးစပ်သည်ဆိုသော်လည်း ဗီဇကလည်း အရေးပါပါသည်။ ပြုမူဆောင်ရွက်ပုံ၊ တွေးတောဆင်ခြင်ပုံများ ကွာခြားလွန်းလျှင်လည်း အစေးကပ်ဖို့မလွယ်ပေ။ ညှိလို့ရသည်ဆိုလျှင်တောင် တစ်ဖက်ဖက်၏ အလိုကိုလိုက်နိုင်မှ၊ နာခံမှသာ အဆင်ပြေပါလိ့်မ်မည်။ သို့သော် ယင်းကဲ့သို့သဘောဖြစ်လျှင်ကော ဆွေးနွေးခြင်းမည်ပါတော့မလား။

ယင်းဖြစ်ရပ်များကို မြန်မာနိုင်ငံ၏ ပြည်တွင်းပြဿနာများကို လှည့်၍စဉ်းစားလိုက်လျှင် ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးမှုနှင့်အဖြေရှာဆိုသော စကားကို စောကြောဖွယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ မငြိမ်းနိုင်သော ပြည်တွင်းစစ်၊ နောင်လည်း ငြိမ်းမယ်ဟု မသေချာသော ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည်လည်း တစ်ဖက်ဖက်က အင်အားဖြင့် တောင်းဆိုထားသည့် မူဘောင်ကို ကျော်လွန်နိုင်ဖွယ်မရှိသည့် သဘောပါ။ တပ်မတော်ဖက်ကလည်း လက်နက်ကိုင်တပ်မတော် တစ်ခုတည်းသာ ရှိသင့်သည်ဆိုသော မူ၊ တခြားလူမျိုး လက်နက်ကိုင်အုပ်စုများကလည်း လက်နက်အပ်လိုက်လျှင် စိတ်မချရဆိုသည့် မူ။ တခြားရပိုင်ခွင့်ပြဿနာ၊ တခြားနိုင်ငံရေးကိစ္စများကို အသာထား ဒီနှစ်ခုတည်းမှာပင်လျှင် အခြေခံမူက ကွာခြားလွန်းသည့်အခါ ဆွေးနွေးပွဲသည်လည်း ဆွေးနွေးပွဲထက်အပြင် တိုင်းပြည်သို့ ထိရောက်စွာ မစီးဆင်းလာတော့ပေ။

သို့ဆိုလျှင် လမ်းစမရှိတော့ပြီလားဆိုတော့ လမ်းစရှိပါသည်။ ပြည်တွင်းစစ်ဖြစ်စေ၊ တိုင်းပြည်အတွက် ကာကွယ်သည့်စစ်ဖြစ်စေ၊ ခုခံစစ်ဖြစ်စေ ဘယ်သူတို့က စစ်ကိုမှီပြီး ကြီးပွားအောင် လုပ်နေခဲ့ကြသလဲ။ စစ်ကိုမှီပြီး ဘယ်သူတွေက ကောင်းစားခဲ့သလဲ။ စစ်မတိုက်ရလျှင် မနေနိုင်အောင် ဘယ်သူတို့က စစ်ကို ဆာလောင်နေကြသနည်း။ စစ်လက်နက်ပစ္စည်းများကို ဝယ်ရောင်းလုပ်ပြီး မည်သူတို့က ကောင်းစားနေသနည်း။ စသည့် အချက်အလက်များစွာကို အခြေခံပြီး ပညာသည်များက ဝိုင်းဝန်းထိန်းကျောင်းကြဖို့ လိုပါသည်။ နာနာဖိပြောဖို့ လိုလာပါသည်။ စစ်ကို သေရည်လိုသောက်ကာ စစ်သွေးစစ်မာန် တက်ကြွနေကြသူများကို စစ်ကြောင့် ထိခိုက်နစ်နာသူများကိုယ်တိုင်မက အဆိုပါ စစ်ခေါင်းဆောင်တောင်တို့က အလေးထားကြသော ပညာသည်များက ဝိုင်းဝန်းထောက်ပြကြဖို့ လိုပါသည်။

မြန်မာနိုင်ငံရေးနှင့် ပြည်တွင်းစစ်အကြောင်းကို လေ့လာကြည့်လိုက်လျှင် ပညာသည်များ၏ နှုတ်ပိတ်မှု၊ သက်သာရာသက်သာကြောင်း နေထိုင်မှုတို့သည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ သို့ဆိုလျှင် စစ်အာဏာရှင်ခေတ်တွင် ဒီမိုကရေစီတိုက်ပွဲအတွက် ပညာတတ်များ ခေါင်းဆောင်ခဲ့သည်၊ ပညာမဲ့များလည်း နောက်ကဝန်းရံခဲ့ကြသည် ဆိုကြပါလိမ့်မည်။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင် ဝိုင်းဝန်းခဲ့သလောက် ပြည်တွင်းစစ်ကို စိတ်ဝင်စားခဲ့ကြပါသလားဆိုသည့် မေးခွန်းကလည်း ရှိပါသည်။

ယခုအချိန်တွင် လက်ရှိအစိုးရသည် အာဏာရပြီးနောက် မဲဆွယ်ပွဲတစ်ခုကို အစပြုသည့်အချိန်ထိ ၎င်းတို့ကြွေးကြော်ခဲ့သော ပြည်တွင်းစစ်ရပ်တန့်ရေးကိစ္စကိုလည်း ဆောင်ရွက်နိုင်ခဲ့ဲခြင်း မရှိခဲ့ပေ။ ဒီကြားထဲ ပညာသည်ဆိုသူများ၊ သုတေသီဆိုသူများကလည်း တပ်မတော်က တခြားဒေသကို ရခိုင်မှအပ ထိုးစစ်ရပ်ခြင်းကို နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့သည်ကိုတောင် ရေငုံနှုတ်ပိတ်နေခဲ့ကြသည်ကို တွေ့ရပါသည်။

အင်အားရှိသောသူများ၏ မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်ကို သာယာခဲ့သောသူများမှာ ယခုတွင်မှတော့ မဟုတ်ပေ။ မြန်မာရာဇတွင်လည်း ဦးပုညကအစ ပညာရှိအမတ်ဆိုသူတို့မှာ ဘုရင်ကိုရိုသေနည်း၊ ဘုရင့်ရွှေစိတ်တော်မညှိုးရေး စသည့် ဘုန်းတော်ဘွဲ့များကိုသာရေးခဲ့သည်။ သို့သော် ယောမင်းကြီးဦးဘိုလှိုင် လို တော်လှန်သော၊ ဝေဖန်ထောက်ပြသော စာဆိုများက ရှားပါးခဲ့သည်။ ညီအစ်ကိုတောင်သုံးကျိပ်ကျော်ကို ဝါးရင်းတုတ်ဖြင့် စီရင်ခဲ့သော ဘုရင်သီပေါ လက်ထက်တွင်လည်း ပညာရှိဆိုသူတို့ ရှိခဲ့သည်သာဖြစ်သည်။ သူတို့၏ ရှိသောပညာသည် ညီအစ်ကိုချင်း သွေးချောင်းစီးသည်ကိုတောင် မတားဆီးနိုင်ခဲ့ပေ။

ယခုလည်း မြန်မာနိုင်ငံတွင် အများပြောဆိုနေကြသော ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲရာတွင် ပါဝင်သူများသည် သာမညောင်ည တစ်ဦးတစ်လေတောင် မပါရှိခဲ့ပေ။ ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ် ပညာသည်များသာဖြစ်သည်။ သို့သော် ယခုအခါ ထိုဖွဲ့စည်းပုံကို ပြည်သူတို့မလိုလား၊ ကာကွယ်ရေးတပ်မတော်၏ ကာကွယ်ရေးပစ္စည်းလားဆိုသည်ကို ပြည်သူအများ သိနှင့်ကြပြီးဖြစ်သည်။
ဧကရာဇ်ခေတ်မှာချည်း မင်းပူဇော်ခံလိုသည် မဟုတ်ဘဲ ယခုခေတ်တွင်လည်း မင်းပူဇော်ခံလိုသော၊ အစိုးရအဖွဲ့နှင့် မဆက်စပ်ခင် ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ပြောပြီး ဝန်ကြီးတစ်နေရာရသွားလျှင် ဆက်သွယ်ရေးဧရိယာပြင်ပကို ရောက်သွားကြသော ပညာသည်များကိုလည်း မျက်ဝါးထင်ထင် ကြုံတွေ့ကြရပြီဖြစ်သည်။ ယင်းကဲ့သို့ ပညာသည်များကြားတွင် လက်ရှိ ရခိုင်ပြည်သည် ဒုှဗ္ဘိကန္တရကပ်နှင့်(ရောဂါဘယကပ်)နှင့် သတ္တန္တရကပ်(ဓားလှံလက်နက်ကပ်) နှစ်ခုကြားတွင် အလူးအလဲခံနေရသည်။

လက်ကို မှန်မှန်ဆေးဖို့ထက် ထမင်းကို မှန်မှန်စားဖို့အရေးအတွက် ပူပန်နေကြရသည်။ အိမ်မှာနေဖို့အတွက် ရွာလုံးကျွတ်မီးရှို့ခံရသည့်အခါ အိမ်ပါပျောက်သွားကြသည်။ ယင်းကဲ့သို့ လူမူဒုက္ခအ၀၀ကို ရေငုံနှုတ်ပိတ်နေကြခြင်းမှာ သာမန်ပါရမီနှင့်တော့ မရနိုင်ပေ။ အလွန်တရာ ကျင့်ကြံအားထုတ်မှုရှိမှသာ ရနိုင်လောက်သောပါရမီဟုသာ ဆိုချင်ပါသည်။

တခါတရံ ယင်းကဲ့သို့ ပါရမီရှင်များ ပြောကြသည့်စကားကတော့ “စစ်ပွဲဖြစ်ရင် တပ်မတော်ကတော့ ရန်ကိုရှင်းတဲ့အခါ ဒီလိုပဲရှင်းလေ့ရှိပါတယ်။ စစ်တပ်ကိုတော့သွား မတုလေနဲ့၊ စစ်ကိုတော့သွားမခေါ်လေနဲ့” ဆိုသော စိုးရိမ်သလိုနဲ့ ခြိမ်းခြောက်မှုပါသော စကားဖြင့် ချွေးသိပ်တတ်ကြပါသေးသည်။ တကယ်တမ်းသူတို့က အင်အားရှိသူကို မထောက်ပြဝံ့သည့်အတွက် တပ်ကို အတိုက်အခံလုပ်သော သူတို့ကို ရန်ပွဲကိုဖျန်ဖြေသလိုဖြင့် ဝိုင်းချုပ်ပေးသလိုမျိုး ပြောတတ်ကြပါသေးသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပညာရှင်ဆိုသူတစ်ဦးကလည်း “ အင်တာနက်ပိတ်တုန်းက အင်တာနက်ကို လိုအပ်လို့ပိတ်ရတာ၊ တစ်သက်လုံးလည်း သုံးလာကြတာမဟုတ်ဘူး” ဆိုသည့် သဘောထားမှတ်ချက် ပေးခဲ့ဖူးသည်ကို မြင်ခဲ့ရသည်။

ယင်းကြောင့် စစ်ပွဲဖြစ်ရခြင်းသည် တန်းတူရေးကြောင့် ဖြစ်သည်ဆိုလျှင် တန်းတူရေးကို မည်သူတို့က မလိုလားသလဲ၊ မိမိတို့အသင်းအဖွဲ့ တည်မြဲရေးထက် တိုင်းပြည်အရေးကို မလုပ်ချင်သူများက ဘယ်သူတွေ ဖြစ်သလဲဆိုသည်ကိုသာ အဖြေရှာပြီး ပညာရှင်များအနေဖြင့် မီးမောင်းထိုးပြကြမည့်အစား သူတို့က လက်ရဲဇက်ရဲရှိတယ်၊ သူတို့ကိုသွားစရင် အန္တရာယ်ရှိတယ်၊ သူတို့ကိုသွားမလုပ်နဲ့ ဆိုသော စကားဖြင့်သာ လုပ်နေကြလျှင် ဖုံးဖိကာကွယ်ပေးသူရှိလေ အင်အားကြီးသောအုပ်စုသည် မိမိကိုယ်ကို မှန်ကန်သူဟု ထင်လေဖြစ်လာသည်မှာ မည်မျှကြာညောင်းခဲ့ပြီလဲ။ ယင်းကဲ့သို့ မိမိတို့သာအမှန်၊ မိမိတို့သာ တိုင်းပြည်ကိုချစ်သည် ဆိုသော တလွဲယူဆချက်ဖြင့်လည်း အရှေ့တောင်အာရှမှာ နောက်ဘိတ်ဆုံးနိုင်ငံ၊ ကမ္ဘာတွင် ပြည်တွင်းစစ် အရှည်ဆုံးနိုင်ငံဖြစ်နေခဲ့ပြီ။ သို့သော် မိမိတို့မှန်သည်ဟု ထင်သူများနှင့် သူတို့ကိုသွားလုပ်ရင် အန္တရာယ်ရှိသည်ဆိုသော ဖုံးဖိကာကွယ်သူများကတော့ အမှားကို မမြင်နိုင်ကြသေးပေ။ ယင်းလုပ်ရပ်များကြောင့်လည်း တိုင်းပြည်မှာ နာလန်မထူနိုင်သော အခြေအနေကို ရောက်ရခြင်းဖြစ်သည်။

စီးပွားရေး၊ လူမှုရေး ချွတ်ခြုံကျသွားသည့်အခါ လူတွေ ဘယ်လမ်းကို ရွေးချယ်တတ်ကြသနည်း။ အင်္ဂလိပ်တို့ လူခွန်၊မြေခွန်ကို တိုးမြှင့်မကောက်ခဲ့လျှင်၊ ဂျပန်က ဆိုးရွားစွာမအုပ်ချုပ်ခဲ့လျှင် အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောင်မှာ အလိုက်သင့်နေခဲ့ကြမှာပဲ ဖြစ်သည်။ သို့သော် အဖက်ဖက်က ချွတ်ယွင်းလာသော အခြေအနေများက ဇာတိစိတ်နှင့် ပေါင်းမိသည့်အခါ အမျိုးသားရေးဝါဒီအဖြစ် ထွက်ပေါ်လာတတ်ပြီး ရရာလက်နက်ဖြင့် တော်လှန်ရမည်ဆိုသည့်ဖက်ကို ဦးတည်သွားကြသည်မှာ သီအိုရီတစ်ခုဖြစ်သည်။

ယခုလတွင်လည်း ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြသော ကျောင်းသားသုံးဦးအား ငြိမ်းစုစီဖြင့် တရားမစွဲဘဲ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် စွဲဆိုခဲ့သည့် အလွန်တရာမှ ထင်သာမြင်သာသော ခွဲခြားမှုတစ်ခု၊ ဥပဒေကိုလိုသလို အသုံးချသော ကိစ္စရပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ အထက်မြန်မာပြည်က ကျောင်းသားများကိုတော့ အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းမရှိပေ။ ယင်းကဲ့သို့လုပ်ဆောင်မှုများကိုလည်း ပညာသည်များက ဝိုင်းဝန်းတည့်မတ်ပေးသင့်သည် မဟုတ်လား။

ဂျာမဏီနိုင်ငံတော်၏ အမျိုးသားရေးစိတ် ထက်သန်မှုသည် ပထမကမ္ဘာစစ်ကြောင့် ဂျာမဏီပြည်စစ်ရှုံးရာမှ အစပြုခဲ့ခြင်းသည်။ ၁၉၁၈ နိုဝင်ဘာ ၁၁ ရက် ပါရီဗာဆိုင်းနန်းတော်တွင် နိုင်ငံပေါင်းချုပ်အသင်း ဖွဲ့စည်းခဲ့ပြီး နောက်ပြီး ဂျာမဏီနိုင်ငံအား စစ်လျော်ကြေးပေးရန် သတ်မှတ်ခဲ့ကြသည်။ ယင်းနောက်တွင်တော့ အဖက်ဖက်က ချွတ်ခြုံကျလာသော ဂျာမဏီပြည်တွင် အမျိုးသားရေးဝါဒီ ဟစ်တလာ ပေါ်လာပြီး ရေပန်းစားလာသည်ကအစပြုကာ ဒုတိယကမ္ဘာစစ်ထိ ဦးတည်သွားစေခဲ့သည်။ အဆိုပါအချက်အလက်များကို လေ့လာကြည့်လျှင် အဖက်ဖက်က ချွတ်ယွင်းမှုပြုလာလျှင်လည်း အခက်အခဲများကြားထဲက အကြမ်းဖက်မှုများ ထွက်ပေါ်လာတတ်သလို လူထုကြိုက်သော ခေါင်းဆောင်သည်လည်း အာဏာရှင်ဖြစ်သွားတတ်သည် ဆိုသည့်အချက်ပင်။ ယင်းကဲ့သို့မဖြစ်ဖို့အတွက် ထိန်းညှိရာတွင် မင်းပူဇော်ခံများက အဓိက အရေးပါပါသည်။

တကယ်တမ်း မင်းပူဇော်ခံဆိုသည်မှာ ရှေးခေတ်ကတည်းက တည်ရှိလာခဲ့သော အလေ့အထတစ်ခုပင်ဖြစ်သည်။ စာတတ်သူသည် သာမန်လက်လုပ်လက်စားများထဲတွင် ဝမ်းရေးအတွက် မလွယ်ကူလှသလို ထင်ရှားလာစရာအကြောင်းလည်း မရှိပေ။ ကဗျာ၊ စာပေ ရေးစား၍လည်း ဝင်ငွေကို မရှာနိုင်သည့်အခါ စာ၊ကဗျာကိုအသုံးချပြီး လုပ်ခလစာရသောနေရာက မင်းနေပြည်တော်သာ ဖြစ်သည့်အတွက် ဘုရင်များအတွက် ဖျော်ဖြေရေးလုပ်တန်လုပ်၊ အတိတ်နမိတ်များကို ကောက်လိုကောက်၊ အကြံပေးလိုပေးနှင့် မိမိလည်း ထင်ရှား၊ ဝါသနာကိုလည်း ဆက်လက်ဖြစ်ထွန်းအောင် လုပ်လို့ရဆိုသည့် အနေအထားဖြင့် ရောက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းမှဆက်လက်ပြီး ခေတ်ပြောင်းလာသော်လည်း တချို့မှာ မည်မျှပင် ပညာတတ်စေကာမူ မိမိကိုချီးမြှောက်မည့် အုပ်စုကို လိုက်ရှာတတ်သော မင်းပူဇော်ခံဖို့ကိစ္စကို ဆာလောင်သော ချင်ခြင်းတစ်ရပ် ဖြစ်လာလေတော့သည်။ ယင်းချင်ခြင်းကြောင့်လည်း အင်္ဂလိပ်လက်ထက်တွင် တတိုင်းပြည်လုံး ထကြွပုန်ကန်ကြသော်လည်း အင်္ဂလိပ်ပေးသောလစာကို မက်နေပြီး နေမဝင်အင်ပါယာ၏ အရိပ်တွင် ခိုချင်သူများ၊ ဂျပန်ခေတ်တွင်လည်း ဂျပန်မာစတာများဖြင့်သာ နေချင်သူများက ရှိခဲ့ခြင်းပင်ဖြစ်သည်။ ယင်းမှရွေ့လျားလာသည့် ခေတ်တွင်လည်း ယင်းကဲ့သို့ အာဏာရှိသူက ချီးမြှောက်မှုကို မခံနိုင်သော စကော်လာများ၊ ရေငုံနှုတ်ပိတ်နေသူများက ရှိနေဆဲပင်။ လောက၏ မပြောင်းလဲသော သဘာဝတစ်ခုဟုပင် ဆိုနိုင်ပါသည်။

ယင်းသို့သော အလေ့အထကို ဆရာမွေး - တပည့်မွေးစနစ်ဟုလည်း ခေါ်ဆိုကြပါသည်။ ဥရောပတွင်လည်း အလယ်ခေတ်တွင် အဆိုပါ ဆရာမွေး-တပည့်မွေးစနစ်က ထွန်းကားခဲ့သည်ကို တွေ့ရသည်။ ဒဿနပညာရှင်အသီးသီးကလည်း ထောက်ခံသူများ၊ ကန့်ကွက်သူများ ရှိခဲ့ဖူးသည်။ ဆရာမွေး-တပည့်မွေးစနစ်ကို ထောက်ခံသူတစ်ဦးထဲတွင် ထင်ရှားသူတစ်ဦးဆိုလျှင် ပုပ်ရဟန်းမင်း ဧဒရိယန်(၁၁၀၀-၁၁၅၉) ဖြစ်သည်။ ထိပ်ဆုံးမှလူက အခွန်ကင်းလွတ်ခွင့်ရခြင်း၊ တရားရင်ဆိုင်ရာတွင် အကာအကွယ်ပေးခြင်းခံရခြင်း၊ အရာရှိအဖြစ်လုပ်ကိုင်ခွင့်ရခြင်း၊ မသင့်မြတ်သူများဆီက လယ်မြေ၊ ငွေကြေးများကို သိမ်းပိုက်ခွင့်ရခြင်း စသောလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ခွင့်ရှိသောစနစ်။ အခွင့်အရေးလည်းရှိ၊ အာဏာလည်းရှိသော စနစ်။ စံစားရသူများအတွက် လက်မလွှတ်စေချင်သော စနစ်။ သို့ဆိုလျှင် ယခုတွင်ကော အစိုးရယန္တရားများတွင် ထိုစနစ်ပပျောက်သွားပြီလား။ ဖြစ်ပျက်သမျှ သတင်းအချက်အလက်များကို ကြည့်လျှင်ပင် ပျောက်၊ မပျောက်ဆိုသည်က အထင်အရှားပင်။ အလယ်ခေတ် အတွေးအခေါ်ပညာရှင်ရူးဆိုးက အဆိုပါစနစ်ကို “စိတ်ထင်တိုင်းလုပ်ပြီး ရုပ်ဝတ္ထုပစ္စည်းပေါ်ကိုသာ အခြေခံတဲ့ ဆရာမွေးတပည့်မွေးစနစ်ဟာ မထိရောက်ဘူး။ ကိုယ်ကျင့်တရားကင်းမဲ့တယ်” ဟု ဝေဖန်ထောက်ပြခဲ့ဖူးပါသည်။

ယခုလည်း ရွာတွေကိုမီးရှို့၊ ပစ္စည်းများကိုလုယက်၊ မြစ်ကမ်းနားတစ်လျှောက် ကျေးရွာများကို စစ်သင်္ဘောအတက်အဆင်းဖြင့် ပစ်ခတ်စသည့်လုပ်ရပ်များကို တစ်ဖက်သတ် သူပုန်ရှိလို့ပစ်တာပါ ဆိုသည်ထက် သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများကို တိုင်းပြည်က အသိအမှတ်ပြုထားသော မင်းတိုင်ပင်ပညာရှင်များက လုပ်သင့်ကြသည်ဟု ယူဆပါသည်။ သို့သော် ယခုအချိန်ထိ သေချာသော သုတေသနလုပ်ရပ်များကို သော်လည်းကောင်း၊ ထိန်းကျောင်းပေးသောသဘောများကို သော်လည်းကောင်း ၎င်းတို့ထံမှ မကြားရသေးပေ။

မော်စီတုန်းပြောသောစကားကဲ့သို့ သွားကိုက်ဖူးသူမှ သွားနာသည်ကို ကိုယ်ချင်းစာနိုင်သလို ယခုလက်ရှိအချိန်တွင် လုပ်ငန်းဆောင်တာကိစ္စအတွက် အီးမေးလ်တစ်စောင်ကို ၂ နာရီကျော်ကြာအောင် ပို့ရသောလူတစ်ဦးကို အင်တာနက် 4G ရသောနေရာမှ လူတစ်ဦးက ကိုယ်ချင်းမစာနိုင်ပေ။ ဈေးဝယ်စင်တာတွင် အပူအပင်ကင်းမဲ့စွာ ဈေးဝယ်နေကြသူများက ဒုက္ခသည်စခန်းတွင် သုံးပေကွာဖို့ မဆိုထားနှင့် ခြောက်ပေပတ်လည်အခန်းတွင် မိသားစု ၄၊ ၅ ဦး စုပြုံနေထိုင်ကြရသည်ကို ကိုယ်ချင်းမစာနိုင်ပေ။ ဗိုက်ဝသူသည် ဆာလောင်သူကို ကိုယ်ချင်းစာ၍မရ ဆိုသည့်စကားအတိုင်း အဆိုပါအနေအထားများမှ ပေါက်ကွဲသံများကိုလည်း နားမလည်ကြသည်မှာ သဘာဝကျပါသည်။

သို့သော် နိုင်ငံခေါင်းဆောင်များ၊ ပါတီတွင်းလှုပ်ရှားသူများ၊ လူထုအကျိုးပြု လုပ်ငန်းလုပ်သူများကတော့ ယင်းကဲ့သို့ အနေအထားများကို မိမိတို့ မနေထိုင်သော်ငြားလည်း စာနာစိတ်ရှိသင့်ကြသည်။ တာလီဘန်များ၊ IS များတောင် စစ်နားနေသော ကမ္ဘာ့အကျပ်အတည်းတွင် ပြည်နယ်တစ်ခုတည်းကို ထပ်တလဲလဲ ထိုးစစ်ဆင်နေခြင်းကို လက်ပိုက်ကြည့်နေကြသည်ကို ထောက်လျှင် မြန်မာနိုင်ငံမှ ပညာသည်များ၊ မင်းတိုင်များသည် စစ်လှေကို စီးနင်းကြသည်ဟုသာ ဆိုနိုင်ပါသည်။

လှေမနစ်စေဖို့သာ ဆန္ဒပြုလိုက်ရပါကြောင်း ........

ခိုင်ကျော်ဆန်း
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်။