- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
- ဆွီဒင်နိုင်ငံရှိ ပညာရေးစင်တာ တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံး
ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
လက်ရှိမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စိတ်ကူး ဉာဏ်ဆန်းသစ်မှု၊ ရဲရင့်မှု၊ အရင်းအမြစ်နဲ့ မျှော်မှန်းချက်တွေ အသုံးမပြုနိုင် ဖြစ်နေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်၊ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား အခြေခံတဲ့ အတင်းအကျပ် ကြားဝင်စွက်ဖက်မှု၊ ဒါမှမဟုတ်လည်း တခြား အင်အားကြီးတွေရဲ့ ပထဝီနိုင်ငံရေးနဲ့ ဆက်စပ်တဲ့ သာမန်ကာလျှံကာ ထိတွေ့ဆက်ဆံမှု အစရှိတာတွေဟာ တစ်ခုမှ မြန်မာနိုင်ငံရဲ့ လက်ရှိလိုအင်အတွက် ကူညီနိုင်စွမ်း မရှိပါဘူး။
06 Feb 2025
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျွန်တော်အမုန်းဆုံး မေးခွန်းတစ်ခု ရှိခဲ့ပါတယ်။ မြန်မာ့အနာဂတ်နဲ့ ပတ်သက်လို့ ကျွန်တော်ဟာ 'အကောင်းမြင်သမားလား'၊ 'အဆိုးမြင်သမားလား' ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ 'နှစ်ခုလုံးမဟုတ်ဘူး' လို့ပဲ တုံ့ပြန်တတ်ပါတယ်။ ကျွန်တော်ဟာ 'လက်တွေ့သမား' ပါ။
နိုင်ငံခြားရေးမူဝါဒမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းနဲ့ ကံကိုပုံပြီး ယုံစားလိုက်ခြင်းတို့ဟာ ရှောင်အပ်တဲ့အရာတွေ ဖြစ်ပါတယ်။ မြန်မာလို အရပ်မျိုးမှာ ပိုတောင် မှန်နေပါသေးတယ်။ မြန်မာဟာ လူဦးရေ ၅၄ သန်းရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း (နောက်ပြီး လာအိုနိုင်ငံ) တို့အကြားမှာ ညှက်ညှက်လေး တည်ရှိပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်အုပ်ချုပ်မှုကို နှစ်ပေါင်း ၅၀ ဖြတ်ကျော်ခဲ့ပြီးနောက် ၂၀၁၀ အလွန်နှစ်တွေမှာတော့ မြန်မာဟာ အံ့သြဖွယ် ဒါမှမဟုတ်လည်း ကွဲရှလွယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ပါတယ်။
အရပ်သားတစ်ပိုင်း စစ်တပ် အစိုးရဟာ နှစ်အနည်းငယ် အတွင်းမှာပဲ မထင်မှတ်ရလောက်အောင် နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကို ဖြေလျှော့မှုတွေ ပေးတယ်၊ မီဒီယာဘက်မှာလည်း ကန့်သတ်ချက်တွေကို ဖယ်ရှားပေးပါတယ်။ ၂၀၁၅ ခုနှစ်မှာ အထင်ကရ ရွေးကောက်ပွဲကြီးကို ကျင်းပပေးပါတယ်။
အထင်ကရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီဟာလည်း ဒီရွေးကောက်ပွဲကြီးမှာ အမျိုးသားလွှတ်တော် နေရာအများစုကို ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ဒီလို တိုးတက်ဖြစ်ထွန်းမှုတွေကို ကောင်းချီးသြဘာ ပေးခဲ့ကြပြီး မြန်မာ့ရှေ့ခရီးအတွက် ကူညီပေးရခြင်းကိုလည်း အကြောင်းပြချက်ကောင်းတွေနဲ့ ပီတိဖြစ်ခဲ့ကြပါတယ်။ မြန်မာဟာ ဘားရက်အိုဘားမား သမ္မတရာထူး လက်ခံစဉ် ပြောကြားခဲ့တဲ့ သူ့အစိုးရအဖွဲ့ဟာ "လက်သီးဆုပ်ဖြေလာမယ့်" နိုင်ငံတွေကို "လက်ကမ်းကြိုမယ်" ဆိုတဲ့ ကတိစကားရဲ့ အစောပိုင်း စစ်ဆေးမှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
အိုဘားမားနဲ့ ဟီလာရီကလင်တန် တို့ရဲ့ ရီပါပလစ်ကန် လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း မထင်ရဘဲ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ မစ်ချ်မက်ကောနယ်နဲ့ ဂျွန်မက်ကိန်းတို့ဟာ အမေရိကန်ရဲ့ပါဝါကို အားယူပြီး မြန်မာကို နိုင်ငံရေး လမ်းကြောင်းပေါ် ရောက်ရှိအောင်၊ နိုင်ငံရဲ့အလားအလာကို သဘောပေါက်ပြီး နိုင်ငံတကာအလယ်မှာ တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ပံ့ပိုးခဲ့ကြပါတယ်။
ဘာတွေ မှားကုန်တာလဲ
သို့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြန်မာ့အခြေအနေတွေဟာ မြန်မြန်ဆန်ဆန်ပဲ လမ်းချော်သွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ၂၀၁၆-၁၇ အတွင်းမှာ (ရိုဟင်ဂျာတွေအပေါ်) လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်။ ၁၉၉၁ ခုနှစ်ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း စစ်တပ်ရဲ့ သင်ပုန်းချေမရတဲ့ လုပ်ရပ်အတွက် ခုခံကာကွယ် ပြောဆိုခဲ့တဲ့အတွက် နာမည်ပျက်ခဲ့ရတယ်။
အဆိုးဆုံးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြုပြင်ပြောင်းလဲရေးဟာ လုံးလုံး လမ်းချော်သွားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေ၊ လူသားချင်းစာနာမှု အကျပ်အတည်းကြီးတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီအဖြစ်အပျက်တွေရဲ့ အလားအလာတွေကြောင့် ပေါ်ထွက်လာတဲ့ မေးခွန်းကတော့ ဘာတွေမှားခဲ့တာလဲ ဆိုတာနဲ့ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာနဲ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ မြန်မာ့ဖြစ်စဉ်က ဘာတွေ ညွှန်ပြနေသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ကြေကွဲဖွယ်ရာ ဒီဖြစ်ရပ်ကြီးကနေ ကျွန်တော်တို့ ဘာတွေ သင်ခန်းစာယူနိုင်သလဲ။
မြန်မာနဲ့ နောက်ဆက်တွဲ ကမ္ဘာ့ဒီမိုကရေစီ အရေး လုပ်ဆောင်ချက်တွေမှာ ကျွန်တော့် အတွေ့အကြံအရ ပထမဦးစွာ ပြောရမှာကတော့ အောင်မြင်မှု ဒါမှမဟုတ်လည်း ကျရှုံးမှု ဆိုတာမျိုး ရိုးရိုးရှင်းရှင်း မကြည့်ဘဲ သတိကြီးကြီးထားပြီး ရှုမြင်ဖို့ပါ။
နိုင်ငံတိုင်းဟာ ရှုပ်ထွေးပြီး ပြည်တွင်းအခင်းအကျင်းတွေဟာလည်း ရောထွေးယှက်တင် ရှိကြပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တုန်းက နိုင်ငံရေးနဲ့ လူမှုရေး တားမြစ်ကန့်သတ်ချက်တွေ ဖြေလျှော့နေချိန်မှာတောင်မှ မြန်မာနိုင်ငံရဲ့ အခြေခံ အုတ်မြစ် ပုံစံတွေဟာ အဆင်ပြေ ချောမွေ့နေခဲ့တာ မဟုတ်ပါဘူး။
စစ်တပ်ဟာ ပြည်တွင်းလုံခြုံရေးကို ထိန်ချုပ်ထားဆဲ ဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေး အများစုကိုလည်း ကိုင်ထားဆဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေဟာ လူ့အသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှုမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။
တကယ်တမ်း နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေ ပြောင်းလဲသွားတယ် ထားဦး၊ စစ်တပ်ရေးဆွဲထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက မပြောင်းလဲဘူးဆိုရင်လည်း စစ်တပ်ဟာ လွှတ်တော်တွင်းမှာ ၂၅ နေရာ ရထားပြီးသား ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အနာဂတ်အပြောင်းအလဲကို ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း ရှိနေဦးမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပတာ၊ လူမှုဘဝ တားမြစ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာမျိုး လုပ်လို့ ရကောင်း ရပါလိမ့်မယ်။ ဒါပေမဲ့ သယံဇာတ အရင်းအမြစ်နဲ့ လူ့အရင်းအမြစ် ပေါများကြွယ်ဝတဲ့ကြားက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အကြီးအကျယ် နိမ့်ကျနေတာ၊ အုပ်ချုပ်ရေးပိုင်း စွမ်းဆောင်ရည် ကျဆင်းတာနဲ့ စီးပွားရေး ဆုတ်ယုတ်လာတာတွေကိုတော့ နေ့ချင်းညချင်း ကုစားဖို့ မဖြစ်နိုင်ပါဘူး။
မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာကြပြီး နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ အကြောက်တရားတွေ၊ အချင်းချင်း မယုံကြည်မှုတွေကလည်း ထိုနည်းလည်းကောင်း ပါပဲ။ အထူးသဖြင့် နိုင်ငံအစွန်ဖျား ပတ်ပတ်လည်မှာ ရှိနေကြတဲ့ မရေတွက်နိုင်အောင် များပြားလှတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံအလယ်ပိုင်းက ဗမာလူများစု အကြားမှာ ဖြစ်ပါတယ်။
မြန်မာဟာ ကိုလိုနီအုပ်ချုပ်မှုအောက်က လွတ်မြောက်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ အခုအချိန်အထိ တစ်ကြိမ်တစ်ခါမှ ပြည်တွင်းမှာ ငြိမ်းချမ်းတယ်ဆိုတာ မရှိဖူးသေးပါဘူး။ အမျိုးသားရေး လက္ခဏာ တစ်ခုတည်းအောက်မှာ စုစည်းနိုင်ခြင်းလည်း တစ်ခါမှ မရှိသေးပါဘူး။
၂၀၁၁ နဲ့ ၂၀၂၁ ခုနှစ်ကြားမှာတော့ ဘာပဲပြောပြော ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ရပ်အတွက် ကတိကဝတ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ အိုဘားမားအစိုးရဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ အတွက် ဒဏ်ခတ်အရေးယူမှုတွေ လိုအပ်တယ်လို့ ယူဆကြတဲ့ လူ့အခွင့်အရေး အသိုင်းအဝိုင်းနဲ့ ဥပဒေပြုလွှတ်တော်တို့အကြားမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဖွံ့ဖြိုးစ ဒီမိုကရေစီတစ်ရပ် အမြစ်တွယ်ဖို့၊ အနာဂတ်မှာ ရှိလာနိုင်တဲ့ အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုရင် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်တွေ၊ အထူးသဖြင့် စီးပွားရေးရလဒ်တွေ ထုတ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ အိုဘားမားအဖွဲ့က အသိအမှတ်ပြု လက်ခံပါတယ်။
မယ်ဒလင်းအောဘရိုက် ပြောခဲ့ဖူးတဲ့ နိုင်ငံသားတွေဟာ 'မဲပေးချင်တယ်၊ ထမင်းလည်း စားချင်တယ်' ဆိုတဲ့စကားအတိုင်းပါပဲ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကျတော့ ဒီရည်မှန်းချက်ကို ဟန့်တား ခြိမ်းခြောက်ပါတယ်။ မိမိတို့အနေနဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရေပန်းစားတဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် မဖော်နိုင်တဲ့ အချိန်ရောက်ရင် ဘာတွေ ဖြစ်ကုန်ကြသလဲ ဆိုတာကို လောလောလတ်လတ် မြင်တွေ့ထားကြပြီး ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံကို ကိုယ့်တစ်ယောက်တည်း သြဇာနဲ့ ကာလရှည် အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ဟာ လူတွေ လမ်းပေါ်ထွက်ပြီး အုံလိုက်ကျင်းလိုက် ဆန္ဒပြကြတဲ့အတွက် ပြည်ပကို တိမ်းရှောင်သွားရပါတယ်။ ထိုင်းမှာဆိုရင်လည်း လူများစုရဲ့ဆန္ဒကို မထင်ဟပ်တဲ့ ခေါင်းဆောင်တွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အီလေးဆွဲနေပြီး မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေလျက်ရှိပါတယ်။
ဗင်နီဇွဲလားဆိုရင် တချိန်က လက်တင်အမေရိကရဲ့ ရှေ့အရောက်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်သလို ရင်းမြစ်ကြွယ်ဝတဲ့ လူမှုအသိုင်းအဝိုင်းတွေ ရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေ၊ အများကြိုက် အာဘောင်အာရင်းသန်သန် ဟောပြောမှုတွေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေကြောင့် ဒေါသထွက်မှု စိတ်ပျက်မှုတွေသာ ပိုများလာစေပြီး အခုအချိန်မှာ နိုင်ငံ လူဦးရေ ငါးပုံတစ်ပုံရဲ့ အထက်ဟာ ပြည်ပကို ထွက်ခွာသွားကြပြီဖြစ်သလို နောက်ထပ်လည်း လူသန်းပေါင်းများစွာ ထွက်ခွာကြဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ပြင်းပြင်းထန်ထန်ပဲ နောက်ပြန်ဆုတ်နေပါတယ်။ သို့ပေမယ့် ဒါကိုကြည့်ပြီး အမေရိကန်ရဲ့ မူဝါဒ ကျရှုံးတယ်လို့ ယူဆလို့တော့ မရပါဘူး။ နိုင်ငံတစ်ခုရဲ့ လမ်းကြောင်း ဒါမှမဟုတ် ရွေးချယ်မှုတွေအတွက် ဘယ်နိုင်ငံကမှ လုံးလုံးလျားလျား တာဝန်ရှိတယ် ဆိုတာ မရှိပါဘူး။ တကယ်တမ်း နိုင်ငံကို မတူတဲ့ လမ်းကြောင်းဆီ ဆွဲခေါ်သွားတာဟာ စစ်အာဏာရှင် အစိုးရသာ ဖြစ်ပါတယ်။
၂၀၁၀ အလွန်နှစ်တွေအတွင်းက အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး မဟာဗျူဟာဟာ ကာလရှည်ကြာ ခံစားလာရတဲ့ နိုင်ငံရဲ့ အခြေတည်စ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် ခရီးဆက်နိုင်အောင် ဒီရေအသင့် လေကြောင်းသင့် ကူညီပို့ဆောင်ပေးဖို့နဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အင်အားစုတွေ အလွယ်တကူ နောက်ကြောင်း ပြန်လှည့်ဖို့ ခက်ခဲသွားအောင် အချိန်ယူ ဆောင်ရွက်ပေးဖို့ပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်တော်လှန်မှု၊ အထူးသဖြင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ရှင်သန်အားကောင်းလာခဲ့ကြတဲ့ လူငယ်တွေအကြားမှာ အုံကြွတော်လှန်ကြမှုက တကယ်တမ်း အမေရိကန်ရဲ့ မဟာဗျူဟာ အောင်မြင်ခဲ့ကြောင်း ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာစစ်တပ်ဟာ အဆုံးအရှုံး ကြီးမားစွာနဲ့ နိုင်ငံတစ်ဝန်းမှာ သူ့အာဏာကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ဖြစ်နေရတာပါ။
နောက်ထပ် သင်ခန်းစာ ယူရမှာတစ်ခု ရှိပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ အထူးသဖြင့် ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူမှုတွေဟာ ဆိုးသွမ်းသူတွေနဲ့ သူတို့ရဲ့ အရင်းအမြစ်တွေကို ဖိအားပေးဖို့အတွက် လိုကောင်း လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဒဏ်ခတ်မှုတွေဟာ သံတမန်ရေးအရ အခါအားလျော်စွာ ဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုကိုတော့ အစားထိုးလို့တော့ မရဘူး ဆိုတဲ့အချက်ပါ။
ဘာတွေလုပ်ဖို့လိုအပ်သလဲ
မြန်မာ့အတွေ့အကြုံက ကျွန်တော်တို့ကို အဆုံးစွန်ထိ ပြသနေတာကတော့ ဒီမိုကရေစီရဲ့ အနာဂတ်အတွက် တစ်ကိုယ်စာ အားရကျေနပ်နေလို့ မရသလို ကံကိုချည်း ပုံချနေလို့လည်း မရဘူး ဆိုတာပါပဲ။ မြန်မာ့အနာဂတ် အတွက်ဆိုလည်း ဒီအတိုင်းပါပဲ။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းဟာ တချို့တွေ ပြောနေကြသလို ကျဆုံးသွားခြင်း မဟုတ်ဘဲ ရက်ရက်စက်စက် ဆွဲချခံလိုက်ရခြင်းသာ ဖြစ်ပါတယ်။ ရုန်းကန်နေရတဲ့ နိုင်ငံတွေအတွက် အမေရိကန်အပါအဝင် တတိယနိုင်ငံတွေက သူတို့ရဲ့ အင်အားတွေကို အသုံးချကူညီခြင်းရဲ့ အပြုသဘော အကျိုးသက်ရောက်မှုကိုလည်း ကျွန်တော် ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စိတ်ကူး ဉာဏ်ဆန်းသစ်မှု၊ ရဲရင့်မှု၊ အရင်းအမြစ်နဲ့ မျှော်မှန်းချက်တွေ အသုံးမပြုနိုင် ဖြစ်နေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်၊ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား အခြေခံတဲ့ အတင်းအကျပ် ကြားဝင်စွက်ဖက်မှု၊ ဒါမှမဟုတ်လည်း တခြား အင်အားကြီးတွေရဲ့ ပထဝီနိုင်ငံရေးနဲ့ ဆက်စပ်တဲ့ သာမန်ကာလျှံကာ ထိတွေ့ဆက်ဆံမှု အစရှိတာတွေဟာ တစ်ခုမှ မြန်မာနိုင်ငံရဲ့ လက်ရှိလိုအင်အတွက် ကူညီနိုင်စွမ်း မရှိပါဘူး။
ဒါတွေကိုကြည့်ရင် အမေရိကန်ပြည်ထောင်စုဟာ အရင်က လုပ်ခဲ့သလိုပဲ သူ့ရဲ့ ခေါင်းဆောင်မှုကို အသုံးချပြီး နိုင်ငံတကာ အလွှာစုံ ပူးပေါင်းပါဝင်တဲ့ ချဉ်းကပ်မှု တစ်ရပ်ကို တည်ဆောက်ပြီး မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအနာဂတ်အတွက် သဘောထားချင်း တိုက်ဆိုင်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းကူညီသင့်ပါတယ်။
မြန်မာ့အရေးဟာ မကြာသေးမီ နှစ်တွေအတွင်း ပိုမိုရှုပ်ထွေးလာခဲ့ပြီး သူ့အလိုလို အလွယ်တကူ ပြေလည်သွားဖွယ်ရာ မရှိဘဲ အာရှဒေသအတွက်လည်း ပိုမို တာဝန်ကြီးလာနေပါတယ်။ မြန်မာပြည်ထဲမှာ ကာလရှည်ကြာ ဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေဟာလည်း ဒီထက်ပိုကောင်းမွန်တဲ့ အခြေအနေ ရရှိသင့်ပြီ ဖြစ်ပါတယ်။
NPR ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် "How hopes for Myanmar's democracy faded and why leadership is needed (again)" ကို ဘာသာပြန်ဆိုပါသည်။
ဆောင်းပါးရှင် ဒဲရစ်မစ်ချယ်သည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်းတွင် ပထမဆုံး အမေရိကန် သံတမန်လည်း ဖြစ်သည်။ ဒဲရစ်မစ်ချယ်သည် လက်ရှိတွင် ဝါရှင်တန်ဒီစီ၌ အခြေစိုက်သည့် အကြံပေးအဖွဲ့ ဖြစ်သော မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (CSIS) တွင် ဝါရင့်အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။