မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြဿနာ
၂၀၁၆ ခုနှစ် ဒီမိုကရေစီအစိုးရ မတက်လာခင်အချိန်အထိ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက ဆယ်စုနှစ်ငါးစု ကျော်ကြာတဲ့အထိ အုပ်ချုပ်ခဲ့ပါတယ်။ အာဏာရှင်စစ်အစိုးရတွေရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုတွေကို လေ့လာခဲ့ကြတဲ့ ပညာရှင်တွေက ဒီမိုကရေစီဆိုတာ ဘက်မလိုက်ဘဲ တရားမျှတမှုရှိတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကို ချောချောမွေ့မွေ့ ကျင်းပပေးပြီး အစိုးရသစ်တစ်ရပ် ရွေးကောက်တင်မြှောက်ရုံနဲ့မပြီးဘဲ အားလုံး တန်းတူညီမျှ ပါဝင်မှုရသင့်တယ်လို့ ပြောဆိုလေ့ရှိကြပါတယ်။
28 Sep 2022
ကမ္ဘာတစ်ဝန်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ (စက်တင်ဘာ ၁၅ ရက်) ကျင်းပနေချိန်ဟာ ပဋိပက္ခတွေနဲ့ ရှေ့ဆက်နေရတဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းထူထောင်နေမှုတွေကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ရမယ့် အချိန်ပါပဲ။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း နှေးကွေးတဲ့မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေဟာ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ဆီကို နောက်ထပ်တစ်ဖန် ပြန်ပြီး ကျရောက်သွားခဲ့ရပါတယ်။ အပျံသင်စ ဒီမိုကရေစီရယ်လို့ လူသိများတဲ့ မြန်မာ့ဒီမိုကရေစီမှာ ၂၀၂၀ ရွေးကောက်ပွဲ ဒုတိယသက်တမ်းအတွက် အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရလဒ်တွေကို သဘောတူလက်ခံဖို့ စစ်တပ်က ငြင်းပယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းခြင်းရဲ့ သားကောင်အဖြစ်ကို ကျရောက်သွားခဲ့တာပါပဲ။
၂၀၂၃ ခုနှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲသစ်ကို ကျင်းပပေးမယ်လို့ စစ်တပ်က ထုတ်ဖော်ပြောဆိုထားပေမယ့် အဲဒီရွေးကောက်ပွဲ ဆိုတာကလည်း ဘယ်ပါတီပဲ အနိုင်ရရ စစ်တပ်အာဏာ ဆက်ပြီးတည်မြဲနေဖို့ဖြစ်သလို စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဖွဲ့စည်းမှုအောက်က “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရ” တစ်ရပ်ဖြစ်ထွန်းလာဖို့ ကြံစည်ထားခြင်းသာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဒီမိုကရေစီအစိုးရ မတက်လာခင်အချိန်အထိ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက ဆယ်စုနှစ်ငါးစု ကျော်ကြာတဲ့အထိ အုပ်ချုပ်ခဲ့ပါတယ်။ အာဏာရှင်စစ်အစိုးရတွေရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုတွေကို လေ့လာခဲ့ကြတဲ့ ပညာရှင်တွေက ဒီမိုကရေစီဆိုတာ ဘက်မလိုက်ဘဲ တရားမျှတမှုရှိတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကို ချောချောမွေ့မွေ့ ကျင်းပပေးပြီး အစိုးရသစ်တစ်ရပ် ရွေးကောက်တင်မြှောက်ရုံနဲ့မပြီးဘဲ အားလုံး တန်းတူညီမျှ ပါဝင်မှုရသင့်တယ်လို့ ပြောဆိုလေ့ရှိကြပါတယ်။ အထူးသဖြင့်ကတော့ နိုင်ငံရေးခေါင်းဆောင်သစ်တွေဟာ အုပ်ချုပ်ရေးပိုင်းမှာ လုံလောက်ပြီး ထိရောက်မှုရှိတဲ့အာဏာကို သုံးစွဲနိုင်ခွင့်ရှိရပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နိုင်ငံရေးလမ်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် အရပ်သားအစိုးရဟာ အာဏာရလာပြီးစ အချိန်ကတည်းကစလို့ မြန်မာစစ်တပ်နဲ့ သင့်တော်တဲ့ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားလိုတဲ့ဆန္ဒရှိခဲ့ပြီး စနစ်အတွင်းပြောင်းလဲဖို့ လိုအပ်နေတဲ့ အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သွားလိုတဲ့ဆန္ဒ ရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ နိုင်ငံတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် NLD ပါတီရဲ့တုန့်ပြန်မှုတွေက သိပ်ပြီးအားရကျေနပ်စရာ မရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ် မွတ်ဆလင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်းတစ်သန်းကျော် အိုးအိမ်စွန့်ခွာနယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရချိန်မှာလည်း NLD အစိုးရက နှုတ်ဆိတ်နေခဲ့သလို မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စဉ်မျိုး မဖြစ်ခဲ့ဘူးလို့ပြောဆိုခဲ့ပြီး မွတ်ဆလင်ပဋိပက္ခကလည်း ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည် နယ်မွတ်ဆလင်အရေးနဲ့ ပတ်သက်ပြီး NLD အစိုးရရဲ့ကြေညာချက်ဟာ နိုင်ငံတကာက လက်ညှိုးထိုးပြစရာ ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်သလို လူ့အခွင့်အရေးကိစ္စတွေအတွက် မီးရှူးတန်ဆောင်ရယ်လို့ သတ်မှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမအနေနဲ့ ထိန်းကျောင်းနိုင်စွမ်း နည်းပါးခဲ့ပေမယ့်လည်း အခြေအနေတွေ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်စရာရှိတာတွေကိုတော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
■ ဒီမိုကရေစီအုပ်ချုပ်ရေးကို အဟန့်အတား ဖြစ်စေသောအရာများ
အရပ်သားအစိုးရအတွက် အုပ်ချုပ်ရေးအာဏာကင်းမဲ့နေမှုဟာ အများအားဖြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကသတ်မှတ်ထားတဲ့ ကြိုတင်သတ်မှတ်ချက်တွေကြောင့် ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက ပါတီစုံရွေးကောက် ပွဲကျင်းပပြီး “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး”တစ်ရပ် (ယင်းစကားလုံးကို ဒီမိုကရေစီအတွက် စံပြအနေဖြင့် စစ်တပ်က မကြာခဏ သုံးလေ့ရှိသည်) ဆောင်ကြဉ်းပေးဖို့ စစ်အာဏာရှင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ အင်အားချိန်ခွင်လျှာကိုလည်း စစ်တပ်ကအလိုရှိသလို တိမ်းစောင်းပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲနိုင်ဖို့ ပထမကြိုးပမ်းချက်တစ်ရပ်အနေနဲ့ ကြိုးပမ်းခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်ကအရာရှိတွေကို မြန်မာ့လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာပေးထားပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း အရေးပေါ်အခြေအနေတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်အပါအဝင် အချုပ်အခြာအာဏာကိုပါ ရယူပိုင်ခွင့်ပေးထားပါ တယ်။ ပုဒ်မ ၄၃၆ မှာပါရှိတဲ့အချက် တချို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရဖို့လိုပါတယ်။ ဒါကြောင့်လည်း စစ်တပ်ရဲ့ထိန်းချုပ်မှုကို လျှော့ချဖို့ ဒါမှမဟုတ် အာဏာကိုလျှော့ချဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကို NLD ပါတီက ဒီကနေ့အထိ လုပ်ဆောင်နိုင်ခဲ့တာမျိုး မရှိပါဘူး။
ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ သင့်တော်မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို သေချာစေဖို့အတွက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ အပြောင်းအလဲလိုအပ်မှုက အရေးပါတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီလိုအပြောင်းအလဲတွေအတွက် အခြေခံအချက်တွေကို စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေက လုပ်ပိုင်ခွင့်ရှိတဲ့နေရာကနေ အာဏာနဲ့ ချမှတ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ အကူးအပြောင်းကာလလမ်းကြောင်းနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိနေပါတယ်။
အသွင်ကူးပြောင်းရေးကာလအတွင်း ဒီမိုကရေစီအစိုးရအတွက် အဓိကစိန်ခေါ်မှုကတော့ စစ်တပ်ကိုထိန်းချုပ်နိုင်မယ့် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေ ထူထောင်ဖို့ပါပဲ။ ဒီစိန်ခေါ်မှုတွေဟာ အထူးသဖြင့်ကတော့ စစ်အာဏာရှင်စနစ်ရဲ့ အမွေအနှစ်တွေကျန်နေပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလအတွင်း နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ဩဇာလွှမ်းမိုးမှုတွေကို စစ်တပ်က ဆုပ်ကိုင်ထားတဲ့နိုင်ငံတွေမှာ စိတ်ရောလူပါ အပင်ပန်းခံပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်နိုင်ဖို့ လိုအပ်တာပါပဲ။
ဒီအချက်ကို NLD အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့တာ ဒါမှမဟုတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေအုပ်)ကို အောင်အောင်မြင်မြင်နဲ့ ပြောင်းလဲနိုင်ခဲ့တာတွေမှာ အထင်အရှား တွေ့ရပါတယ်။ ဒါတွေအပြင် ဒီမိုကရေစီခေါင်းဆောင်ရဲ့ အားနည်းပျော့ညံ့မှု နဲ့ ခေါင်းဆောင်မှာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ စရိုက်လက္ခဏာတွေ ရှိနေတာကလည်း တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းတဲ့အခါ တိုးတက်မှုတွေကို နှောင့်နှေးစေပါတယ်။ ဒါကြောင့်လည်း စစ်ရေးအပေါ် အာရုံစူးစိုက်မှုမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးဆိုင်ရာ အမြင်သဘောတရားက စိတ်ကူးယဉ်အိပ်မက် အဖြစ်သာ ဆက်ပြီးရှိနေခဲ့ရတာပေါ့။
■ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေး
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ နိုင်ငံအုပ်ချုပ်ပုံနည်းလမ်းကတော့ အနိုင်အထက် ပြုကျင့်တာနဲ့ ပိုတင်းကြပ်ပြီး ပိုကြမ်းတမ်းတဲ့နည်းလမ်းပါပဲ။ အိမ်စောင့်အစိုးရအဖြစ်နဲ့ လာမယ့်နှစ်မှာ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောနေပေမယ့်လည်း စစ်တပ်ရဲ့လက်ရှိအပြုအမူတွေက ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်စနစ်ကို ရောင်ပြန်ဟပ်နေပါတယ်။ စစ်ကောင်စီက နိုင်ငံကို အဆင့်နှစ်ဆင့်နဲ့ အုပ်ချုပ်နေပါတယ်။ ပထမအဆင့်မှာတော့ မြေပြင်ပေါ်က ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ပြီး နှိပ်စက်သတ်ဖြတ်တဲ့ ရက်ရက်စက်စက်နည်းလမ်းတွေ သုံးပြီး လူထုကို ထိန်းချုပ်ပါတယ်။
နောက်တစ်ဆင့်မှာတော့ ထင်ရှားတဲ့ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ ပါတီအဖွဲ့အစည်းတွေကို စောင့်ကြည့်ပြီး စစ်တပ်အပေါ်ပြန်ပြီးခြိမ်းခြောက်နိုင်တယ်လို့ ထင်မြင်ယူဆရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာနဲ့ ပါတီဖျက်သိမ်းတာမျိုး ပြုလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားထင်ရှားတဲ့ခေါင်းဆောင်တွေကို စွပ်စွဲချက်အမျိုးမျိုးနဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး ဘဝတစ်သက်တာလုံး ထောင်ထဲကမထွက်နိုင်အောင် အစီအမံ တွေနဲ့ အသေအချာဆောင်ရွက်နေပါတယ်။
အတိုက်အခံပြုလုပ်နေကြသူတွေနဲ့ ပြည်သူလူထုတွေမှာ အကြောက်တရား လွှမ်းမိုးကြီးစိုးလာအောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီးသေဒဏ်ပေးတဲ့ နည်းလမ်းကို အသုံးပြုလာပါတယ်။ ဒါတွေအပြင် အဓိကအတိုက်အခံ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံညှိနှိုင်းတာ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းတာမျိုးကို လက်မခံခဲ့ပါဘူး။ အဲဒီ လိုနည်းလမ်းတွေအစား အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ငြင်းဆန်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရမယ့် ပုံစံမျိုးအတိုင်း ဆောင်ရွက်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ထပ်ပြီးပြင်ဆင်ဖို့ ကြိုးစားနေပြီး လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လိုပါတီမျိုးကမှ မဲရလဒ်အပြတ်အသတ်နဲ့ အနိုင်ရတာမျိုးမဖြစ်စေဖို့ သေချာပြင်ဆင်နေပါတယ်။ ဒီပြင်ဆင်ချက်ဟာ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေရဲ့ပါဝင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို သေချာပေါက် ထိခိုက်ပါစေလိမ့်မယ်။ အာဏာချိန်ခွင်လျှာကလည်း စစ်အုပ်စုကိုသာ ဆက်ပြီးမျက်နှာသာ ပေးနေပါလိမ့်ဦးမယ်။
စစ်တပ်နဲ့ တိုင်းရင်းသားပါတီတွေကြားမှာလည်း တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတဲ့အတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူရေးလုပ်ငန်းတွေ အချိန်မီမပြီးစီးနိုင်မှာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိုးရိမ်နေရပါပြီ။ ဒါကြောင့်လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့က ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကို တစ်နှစ်အထိပြဋ္ဌာန်းနိုင်ပြီး နောက်ထပ်ခြောက်လ တစ်ကြိမ်နဲ့ နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ပါတယ်။ ဒီကာလပြီးဆုံးရင်တော့ ရွေးကောက်ပွဲ ကျင်းပပေးရပါလိမ့် မယ်။ အရေးပေါ်အခြေအနေကို သိပ်မကြာသေးခင်ကပဲ ဒုတိယအကြိမ် သက်တမ်းတိုးခဲ့ပြီးပြီဖြစ်တဲ့အတွက် လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးပါလိမ့်မယ်။ သက်တမ်းကုန်ဆုံးပြီးရင်တော့ ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရပါလိမ့်မယ်။ ရယ်စရာကောင်းနေတဲ့ အချက်က ရွေးကောက်ပွဲနှောင့်နှေးနေရတဲ့ အဓိကအချက်ဟာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာကြောင့်လို့ စစ်တပ်က ပြောနေတဲ့အချက်ပါပဲ။
ဒီမိုကရေစီဟာဆိုတာ အချိန်ကာလအရ ချက်ချင်းလိုအပ်နေတဲ့ လိုအပ်ချက်တချက်ဖြစ်တယ်လို့ ထင်ရပေမယ့် စစ်အာဏာရှင်တွေရဲ့ အပြောင်းအလဲတွေကို လေ့လာနေတဲ့ ပညာရှင်တွေကတော့ စစ်အာဏာရှင်တွေကိုယ်တိုင်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဆီ ဦးတည်သွားတဲ့ အချိန်ရောက်မှသာ အသွင်ကူးပြောင်းမှုတွေက စတင်ဖြစ်ပေါ်လာလေ့ရှိတယ်လို့ ပြောဆိုကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ သူရဲ့ကိုယ်ပိုင်အစိုးရအဖွဲ့တွေ ဝန်ကြီးတွေနဲ့ မူဝါဒတွေရေးဆွဲတာ၊ ရန်ပုံငွေရှာဖွေတာ စတာတွေကို အစိုးရတစ်ရပ်လိုပဲ အမှန်တကယ်ဆောင်ရွက်နေချိန်မှာ ပြင်ပအသိုင်းအဝိုင်းက အသိအမှတ်ပြုလက်ခံတာမျိုး မရှိခဲ့ရင် NUG ရဲ့ဩဇာအာဏာ ထူထောင်မှုတွေက တစ်စထက်တစ်စ လျော့နည်း သွားရပါလိမ့်မယ်။
လက်ရှိအချိန်မှာတော့ လစ်ဘရယ်ဒီမိုကရေစီအစိုးရ (NUG)အပေါ် အကောင်းမမြင်နိုင်တဲ့ စိတ်တွေ ရှိနေတဲ့အတွက် အာဏာကို စစ်အာဏာရှင်တွေဘက် ရောက်အောင် ပိုပြီးတိမ်းညွှတ်မှု ရှိလာစေမယ့် (စစ်တပ်ကပြောလေ့ရှိတဲ့) “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုသာ စတင်ကောင်း စတင်သွားနိုင်စရာပဲ ရှိနေပါတော့တယ်။
ကြည်ဖြူစံ
“ORF” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Sreeparna Banerjee” ရေးသားသည့် “The Democracy conundrum in Myanmar” ကို ဆီလျော်အောင်ရေးသားသည်။