- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်ဒဏ်၊ ကိုဗစ်ဒဏ်တွေကြားက ရခိုင်စစ်ဘေးရှောင်တွေရဲ့ဘဝ
လူသေဆုံးမှုတွေ တစ်နေ့တခြား များလာနေတဲ့ ရခိုင်ပြည်ဟာဆိုရင် အောက်ဆီဂျင်အခက်အခဲတွေ၊ ရောဂါကာကွယ်ထိန်းချုပ်မှုအပိုင်းတွေ တော်တော့ကိုအရေးကြီးလာပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေ များစွာ ပြွတ်သိပ်နေတဲ့ စခန်းတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။
21 Jul 2021
DMG ၊ ဇူလိုင် ၂၁
(အတွေးအမြင်ဆောင်းပါး)
စစ်ဘေးရှောင်လူဦးရေ လေးထောင်လောက်ရှိတဲ့ မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းက အမျိုးသမီးတစ်ဦးမှာ အခုလ ဇူလိုင် ၁၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ဘေးရှောင် စခန်းတစ်ခုလုံးကို Lockdown ချလိုက်ပြီး အသွားအလာတွေကို ကန့်သတ်လိုက်ပါတယ်။
သံသယရှိတယ်လို့ ယူဆရတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်ရာလောက်ကိုလည်း ဇူလိုင် ၁၆ ရက်နေ့က ကိုဗစ်ပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ခြောက်ဦးဆီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေဖို့အတွက် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း အနီးအနားမှာရှိတဲ့ ကျေးရွာ ၆ ရွာကလည်း စခန်းကလူတွေကို ရွာဝင်ခွင့် ပိတ်လိုက်ပါတယ်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု (၇၇၅) စုနဲ့ လူဦးရေ (၃၉၀၁) ဦးရှိပြီး မြောက်ဦးမြို့နယ် အတွင်းက မော်ရွာဟောင်း၊ မော်ရွာသစ်၊ ဘုရားကြီး စတဲ့ကျေးရွာက အများဆုံးခိုလှုံနေကြတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်မှုဟာ ဇူလိုင် ၁၈ ရက်နေ့အထိ ပိုးတွေ့ရှိသူ (၁၄၃၆) ဦးနဲ့ သေဆုံးသူ (၄၁) အထိရှိတယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်တွေဟာ ကိုဗစ်အန္တရာယ်ကို စိုးရိမ်မှုထက် သူတို့ရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်ပူပင်မှုတွေက ပိုများနေပါတယ်။ အဲဒီအထဲမှာ လက်ရှိ Lock Down ချထားခံရတဲ့ စင်းဘောကိုင်းစစ်ရှောင်စခန်းက အသက် (၃၃) နှစ်အရွယ် ဒေါ်စံဝင်းနုလည်း ပါဝင်နေပါတယ်။
“ကိုဗစ်ကြောင့် တစ်ရွာနဲ့တစ်ရွာမသွားရဘူး။ မဝင်ရဘူး။ အားလုံးပိတ်ထားတယ်။ ကိုဗစ်ပိုးကြောင့် မသေဘဲ အခုက ငတ်လို့သေရမလို ဖြစ်နေတယ်” လို့ ဒေါ်စံဝင်းနုက ပြောပါတယ်။
အခုလို စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတာဟာ အရင်ကတည်းက စားဝတ်နေရေးအပါအဝင် အစစအရာရာလိုအပ်ချက်တွေရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် ပိုပြီးတော့ အခက်အခဲတွေ ဖြစ်သွားစေတယ်လို့ ဒေါ်စံဝင်းနုက ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းကို Lock Down မချမီ အချိန်က ဒေါ်စံဝင်းနုအပါအဝင် စစ်ဘေးရှောင်တွေဟာ စခန်းပြင်ပထွက်ပြီး ဝင်ငွေရရှိအောင် အလုပ်တွေ လုပ်ကိုင်ခဲ့ကြသလို ငါး၊ ဟင်းသီးဟင်းရွက်တွေ ရှာဖွေပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီစခန်းက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာမှာ တစ်ပတ်စာခန့်လောက်သာ ကျန်ရှိတော့တဲ့အတွက် လုံးဝပြတ်တောက်သွားမယ့် အခြေအနေမှာရှိနေတယ်လို့ စင်းဘောကိုင်းစခန်းတာဝန်ခံ ဦးညီပုက ပြောပါတယ်။
“အဓိကတော့ စားနပ်ရိက္ခာလိုအပ်တယ်။ ရောဂါဖြစ်လို့မသေဘဲ ငတ်လို့ သေသွားမယ့် အခြေအနေဖြစ်နေတယ် ” လို့ သူက ပြောပါတယ်။
ဒါကြောင့် အစိုးရအဖွဲ့အစည်း၊ ပရဟိတအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းအတွက် အကူအညီပေးစေချင်တယ်လို့လည်း ဦးညီပုက တောင်းဆိုပါတယ်။
အခုလိုစားနပ် ရိက္ခာတွေ ပြတ်တောက်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရတဲ့အတွက် ပရဟိတအဖွဲ့တွေကိုလည်း အကူအညီတောင်းထားတယ်လို့လည်း သူက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် “ တက်နိုင်သမျှ မိမိအိမ်မှာ နေထိုင်ဖို့၊ လူစုလူဝေး လုံးဝရှောင်ကြည်ဖို့၊ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောဖို့နဲ့ တခြားသူတွေနဲ့ (၆) ပေအကွာ ခပ်ခွာခွာနေဖို့ ” စတဲ့ ရှောင်ရန်၊ ဆောင်ရန်တွေကို ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာ လူနေကျပ်သိပ်ပြီး တစ်အိမ်နဲ့တစ်အိမ် နီးနီးကပ်ကပ်နေထိုင်ရတဲ့အတွက် (၆) ပေအကွာ ခပ်ခွာခွာနေထိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ကျောက်တော်မြို့နယ် တင်းမကျေးရွာက စစ်ဘေးရှောင် ဦးစောသိန်း မိသားစုတို့ ခိုလှုံနေတဲ့ စခန်းမှာတော့ ၁၀ ပေလောက်ရှိတဲ့ အခန်းလေးမှာ လူ ၇ ဦး နေထိုင်နေကြတာဖြစ်ပါတယ်။
ကိုဗစ်ပိုးကူးစက်မှာကို ဦးစိုးသိန်းအပါအဝင် စစ်ဘေးရှာင်တွေက စိုးရိမ်ပူပန်မှုတွေရှိနေကြပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာရဲ့ ကိုဗစ်ထုတ်ပြန်ချက်တွေကို လိုက်နာဖို့အတွက် အခက်အခဲရှိနေကြတာဖြစ်ပါတယ်။
“စခန်းမှာက ကျပ်သိပ်ပြီးနေရတယ်ဆိုတော့ စိုးရိမ်ပူပင်မှုတွေ ရှိတာပေါ့။ ကျနော်တို့က ဒုက္ခသည်ဘဝဆိုတော့ ၁၀ ပေအခန်းလေးမှာ လူ ၇ ယောက်လောက်နေရတယ်” လို့ စစ်ဘေးရှောင် ဦးစောသိန်းက ပြောပါတယ်။
ဒါပေမယ့် ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ဂရုစိုက်သလို အပြင်သွားရင် နှာခေါင်းစည်းတပ်တာကအစ ရှောင်ရန်၊ ဆောင်ရန်တွေကို စနစ်တကျလိုက်နာတယ်လို့လည်း သူကဆိုပါတယ်။
ဦးစောသိန်းတို့ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ လူဦးရေ ၈၀၀ ခန့်ရှိပြီး ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ရှောင်ရန်၊ ဆောင်ရန်တွေကို အဖွဲ့အစည်းတချို့က လာရောက်အသိပညာပေးမှုတွေ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးတွေ ကိုလည်း လာရောက်လှူဒါန်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်လူဦးရ ၂၇၀၀ ကျော်ခိုလှုံနေတဲ့ မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှာတော့ ကိုဗစ်တတိယလှိုင်းဖြစ်တဲ့အချိန်ကနေ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တစုံတရာ လုပ်ဆောင်ပေးလာခြင်း မရှိသေးဘူးလို့ အဲဒီစခန်းတာဝန်ခံ ဦးကျော်သိန်းက ပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းက ကျန်ရှိခဲ့တဲ့ နှာခေါင်းစည်း၊ လက်ဆန့်ဆေး၊ လက်ဆေးစင်တွေနဲ့ ဆပ်ပြာတွေကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ အဲဒီကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဟာလည်း တစ်ပတ်စာလောက်သာ အသုံးပြုနိုင်တော့မယ့် အခြေအနေဖြစ်နေတဲ့အတွက် အကူညီတွေ လိုအပ်နေတယ်လို့ ဦးကျော်သိန်းက ပြောပါတယ်။
“နှာခေါင်းစည်းတွေ၊ ဆပ်ပြာတွေက အကုန်လုံးလိုအပ်နေပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူညီပေးနေတဲ့အဖွဲ့စည်းတွေအနေနဲ့ ကျနော်တို့စခန်းမှာ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်နေရတဲ့အတွက် အကူအညီပေးပါလို့ တောင်းဆိုချင်ပါတယ်” လို့ သူကဆိုပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ပေးဖို့အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တွေအလိုက် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG ကို ဖြေဆိုထားပါတယ်။
“စစ်ဘေးရှောင်စခန်းအတွက် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ခရိုင်စစ်ကောင်စီတွေကို ကိုဗစ်ကာကွယ်ရေးလုပ်ပေးဖို့ အကြောင်းကြားထားတာတွေရှိတယ်” လို့ ဦးသန်းထွန်းက ပြောပါတယ်။
လူသေဆုံးမှုတွေ တစ်နေ့တခြား များလာနေတဲ့ ရခိုင်ပြည်ဟာဆိုရင် အောက်ဆီဂျင်အခက်အခဲတွေ၊ ရောဂါကာကွယ်ထိန်းချုပ်မှုအပိုင်းတွေ တော်တော့ကိုအရေးကြီးလာပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေ များစွာ ပြွတ်သိပ်နေတဲ့ စခန်းတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ရောဂါမဖြစ်ပွားရအောင် သက်ဆိုင်ရာအာဏာပိုင်တွေက အဲဒီစခန်းတွေကို ဦးစားပေးအလေးထားပြီး လုံလောက်တဲ့ကာကွယ်တားဆီးမှုတွေ လုပ်ဆောင်သင့်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထောက်ပြပါတယ်။
“စစ်ဘေးရှောင်စခန်းတွေလို လူနေထူထပ်တဲ့နေရာတွေမှာ နေရတဲ့သူတွေအတွက် ပိုပြီးအန္တရာယ်ရှိတာပေါ့။ အဲဒီနေရာတွေမှာ ရှိတဲ့သူတွေက အနေဆင်းရဲ၊ အစားဆင်ရဲဖြစ်နေကြတာ။ နောက် စားသောက်နေထိုင်မှုပိုင်းမှာ လည်း အကျပ်အတည်းတွေရှိတဲ့အတွက် သူတို့ဆီကို ကူးစက်လို့ရှိရင် တခြားသူတွေထက် ပိုပြီးတော့ကူးစက် သွားနိုင်မယ့် အခြေအနေမှာရှိတယ် ” လို့ သူကဆိုပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အသိပညာမှုတွေ လုပ်ဆောင်တာကိုတွေ့ရပေမယ့် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်တာမတွေ့ရဘူးလို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ကာ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုမရှိတာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းကဖြစ်ပြီး အခုဆိုရင် ၉ လခန့်အထိရှိလာနေပြီဖြစ်ပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ အချိန်ဟာ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် လမ်းစတစ်ခုဖြစ်လာခဲ့ပါ တယ်။ ဒါပေမယ့် တိုက်ပွဲတွေရပ်တန့်နေတဲ့အချိန် မိမိနေရပ်ကို မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်အထိရှိနေပါသေးတယ်။
စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေအိမ်တွေ မီးလောင်ပျက်ဆီးဆုံးရှုံးမှုတွေကြောင့် နေရပ်မပြန်နိုင်ကြသလို ကျေးရွာအနီးအနားမှာ မြန်မာစစ်တပ်က တပ်စွဲထားတာ၊ မြေမြှပ်မိုင်းအန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် အခုအချိန်ထိ နေရပ်မပြန်နိုင်ကြတာလည်း ဖြစ်ပါတယ်။
နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေထဲမှာ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းက ဒေါ်စံဝင်းနုလည်း ပါဝင်တယ်။ သူမကတော့ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းကနေ စင်းဘောကိုင်းစစ်ရှောင်စခန်းကို ရောက်ရှိ ခိုလှုံနေတာဟာ အခုဆိုရင် (၂) နှစ်ကျော်အထိရှိလာနေပြီဖြစ်ပါတယ်။
ဒေါ်စံဝင်းနု နေရပ်မပြန်နိုင်သေးတဲ့ အဓိကအကြောင်းရင်းမှာတော့ နားလည်းမှုနဲ့ ရပ်တန့်နေတဲ့ တပ်မတော်နဲ့ (AA) တို့ရဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်လာမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။
“တိုက်ပွဲတွေက အခုရပ်နေပေမယ့် ရှေ့မှာ တိုက်ပွဲမဖြစ်ဘူးလို့ ပြောလို့မရဘူး။ တိုက်ပွဲပြန်ဖြစ်လာမှာကို ကြောက်တယ်” လို့ ဒေါ်စံဝင်းနုက ပြောပါတယ်။
ကိုဗစ်နဲ့စစ်ဒဏ်ကို ခါးသီးစွာရင်ဆိုင်နေရတဲ့ ဒေါ်စံဝင်းနုကတော့ စားဝတ်နေရေးကိုဖြေရှင်းနိုင်ဖို့အတွက် အရင်အတိုင်း တစ်ရွာနဲ့တစ်ရွာသွားလာပြီး ပြန်လည်လုပ်ကိုင်စားသောက်နိုင်ဖို့ကို မျှော်လင့်နေရှာပါတယ်။
မင်းထွန်း ရေးသားသည်