- AA ဖမ်းဆီးသွားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦး ပြန်လည်လွတ်မြောက်
- ဂွတွင် စစ်ကောင်စီက လက်နက်အင်အား ဆက်တိုက်ဖြည့်တင်းနေ
- အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
- ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
- သံတွဲနှင့် တောင်ကုတ်ရှိ ကျေးရွာသုံးရွာ လေကြောင်းဗုံးကြဲခံရ
ဝေးလံခေါင်ဖျားဒေသက ကျန်းမာရေးပြဿနာ
တောဖျားချောင်းဒေသဟာ မြို့ပြနဲ့အလှမ်းဝေးကွာလွန်းသလို ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးဏဏ္ဍတွေမှာ ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
02 Nov 2024
ကျော်သူဌေး - ရေးသည်
ရခိုင်ပြည်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ စစ်ကောင်စီရဲ့ လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် ဒေသတွင်းမှာ ကုန်ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းတွေ အဆမတန်မြှင့်တက်နေပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်နေတာနဲ့အတူ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ဆေးဝါးပစ္စည်းတွေမှာလည်း ပြတ်လပ်နေတာတွေ ဖြစ်ပေါ်နေပါတယ်။
ဒါကြောင့် ရခိုင်ဒေသခံတွေမှာ ဆေးဝါးရှာမရတာ၊ ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်တာစတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရပါတယ်။
အဲဒီအထဲမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ပြည်သူတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို အလုံးအလဲ ဆိုးရွားစွာကြုံတွေ့နေကြရပါတယ်။
" ဆေးဝါးမလုံလောက်မှုတွေ၊ ဆေးဝါးတွေ ဈေးအဆမတန်ကြီးမှုတွေကြောင့် တချို့လူနာတွေဆိုရင် သေဆုံးသွားတာတွေလည်း ရှိတယ်" လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ ဒေသခံ ကိုအောင်ကျော်က ပြောပါတယ်။
ပိုးရွှီပြင်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ အဲဒီတောဖျားချောင်းဒေသမှာ ကျေးရွာပေါင်း (၅၁) ရွာရှိပြီး ရခိုင်၊ ခမီ၊ မြိုလူမျိုးတွေ နေထိုင်ကြပါတယ်။
မြို့ပြနဲ့အလှမ်းဝေးကွာလွန်းသလို ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကျန်းမာရေး၊ စီးပွားရေး၊ပညာရေးဏဏ္ဍတွေမှာ ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီတောဖျားချောင်းဒေသက ပြည်သူတွေမှာ ပိုးရွှီပြင်ကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံတစ်ခုတည်းကို အဓိက အားထားပြီး ဆေးကုသမှုခံယူနေကြတာပါ။
ဒါပေမယ့် လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံမှာ မလည်ပတ်တော့တဲ့အတွက် ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံတွေမှာ ဆေးဝါးကုသရေးအပိုင်းနဲ့ အခက်အခဲတွေ ဖြစ်ပေါ် နေကြတာဖြစ်ပါတယ်။
"ကျနော်တို့ အခက်အခဲကြုံရတာက ဒီကနေ့အချိန်မှာ ဆေးတွေဟာ လုံလုံလောက်လောက် အဆင်မပြေနိုင်ဘူး။ ကျနော်တို့က ပိုက်ဆံရှိတယ်၊ ဆေးလိုချင်တယ်။ လိုချင်ပေမယ့်လည်း ဝယ်လို့မရတာတွေ အများကြီးပါ" လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာက ဦးဌေးသန်းက ပြောပါတယ်။
ဆေးဝါးရှားပါးမှုနဲ့ ဆေးမလုံလောက်မှုတွေကြောင့် တောဖျားချောင်းဒေသမှာ အခုနှစ်အတွင်း အသက်ဆုံးရှုံးလိုက်ရတဲ့ လူနာ ၂၀ ကျော်အထိရှိလာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပိုးရွှီပြင်တိုက်နယ်ဆေးရုံ လည်ပတ်တဲ့အချိန်က တောဖျားချောင်းအထက်ပိုင်းအဆုံးမှာရှိတဲ့ သြရမ၊ ပတောင်းတောင်၊ ဆင်ဖြူတောင်၊ ခွေးသေ၊ ဖားကြွယ်၊ ပါပွေ၊ ခမွေ၊ သင်းပုန်းတန်း၊ ကျောက်စရောင်၊ မောင်နှမ၊ ဂြစ်ချောင်း၊ ဆင်ခေါင်းစတဲ့ ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံတွေမှာ ရေလမ်းခရီးကို အသုံးပြုသွားလာပြီး အဲဒီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ကြပါတယ်။
အဲဒီကျေးရွာတွေဟာ ပိုးရွှီပြင်တိုက်နယ်ဆေးရုံနဲ့ အလှမ်းဝေးလွန်းတာကြောင့် စက်လှေတွေနဲ့ အချိန်အကြာကြီး သွားရတဲ့အတွက် လမ်းခုလတ်မှာ အရေးပေါ်လူနာတွေဆိုရင် အချိန်မှီမရောက်နိုင်လို့ လမ်းခရီးမှာ အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။
" ကျနော်တို့မှာက ချောင်းခရီးပဲ ရှိပါတယ်။ စက်လှေနဲ့ သွားတဲ့အခါ လမ်းသွားလမ်းလာ တလျှောက်မှာ စက်ပျက်သွားလို့ရှိရင် အဆင်မပြေတော့ဘူး။ လူနာက အသည်းအသန်ဆိုရင် ပိုဆိုးပါတယ်။ အဲဒီလို အခက်အခဲတွေ အများကြီးရှိပါတယ်" လို့ တောဖျားချောင်းဒေသက နှလုံးလှအားမာန် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးအောင်ခင်ထွန်းက ဆိုပါတယ်။
အဲဒီတောဖျားချောင်းဒေသမှာ ပိုးရွှီပြင်တိုက်နယ်ဆေးရုံတစ်ခုတည်းရှိသလို ကျေးလက်ကျန်းမာရေးဌာနတွေ အများအပြားရှိတဲ့ ဒေသလည်း မဟုတ်ပါဘူး။ အခုလက်ရှိ ကျေးလက်ကျန်းမာရေးဌာနတွေမှာ သူနာပြုဝန်ထမ်းတွေ မရှိတော့တဲ့အတွက် ဒေသတွင်း ဆေးဆရာတွေနဲ့ပဲ ကုသနေကြရပါတယ်။
ဒါပေမယ့် ဒေသတွင်းဆေးဆရာတွေဟာ ဆရာဝန်တွေလို ကျွမ်းကျင်သူတွေ မဟုတ်တဲ့အတွက် ဆေးကုသရာမှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောဖျားချောင်းဒေသခံ ကိုအောင်မြတ်စိုးက " ဆရာဝန်တစ်ယောက်၊ ကျန်းမာရေးမှူး တစ်ယောက်လိုတော့ ယုံကြည်လို့ ဘယ်ရမလဲ။ ဒါပေမယ့် မရှိရင် ရှိတဲ့သူကို အကောင်းဆုံးထားပြီးတော့ ကုသနေရတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် ယုံကြည်ပေးရတာပဲ" လို့ ပြောပါတယ်။
လက်ရှိမှာ ကျန်းမာရေးဌာနတွေ လည်ပတ်မှုမရှိတော့တာကြောင့် တောဆေး၊ တောင်ဆေးတွေကို အသုံးပြုနေကြရတယ်လို့ ဒေသခံ ဒေါ်လှသာနုက ပြောပါတယ်။
"ရွာက ဆေးသမားတွေမှာ ကုသပါတယ်။ အကြွေးထားပြီးတော့ ဆေးကုသတဲ့အခါလည်း ရှိတယ်။ ဆေးပင်၊ ဆေးမြစ်တွေကို ထုပြီး သောက်တဲ့သူတွေလည်း ရှိတယ်" လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ၁ နှစ်နီးပါး ကြာမြင့်လာနေပြီး တိုက်ပွဲကာလအတွင်း ရခိုင်က မြို့နယ် ၁၀ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက ဆေးရုံ၊ဆေးခန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ဗုံးကြဲတာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေမှာ ဆေးကုသရေးနဲ့လည်း အခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။