ပုဏ္ဏားကျွန်း နားဒေါင်းကျ စစ်ဘေးရှောင်များ အကူအညီမဲ့နေ
နားဒေါင်ကျကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ခက်ခဲလာနေကြခြင်း ဖြစ်သည်။
21 Dec 2024
DMG ၊ ဒီဇင်ဘာ၂၁
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ နားဒေါင်းကျကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အိမ်ထောင်စု ၁၂၀ ကျော်၊ လူဦးရေ ၆၀၀ ခန့်မှာ တစ်နှစ်ကြာသည့်တိုင် အထောက်အပံ့တစ်စုံတစ်ရာ မရသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။
နားဒေါင်ကျကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ခက်ခဲလာနေကြခြင်းဖြစ်သည်။
“စစ်ဘေးရှောင်လာတာလည်းကြာပြီ။ လုပ်စားကိုင်စားဖို့ကလည်း ငါးနည်းနည်းရှာတာကလွဲလို့ မရှိဘူး။ ရောင်းစားဝယ်စား တစ်ခုခုလုပ်ကိုင်ဖို့ကလည်း ဒီနေရာက အရမ်းလမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်လေ။ အဆင်ပြေတဲ့သူတွေဆီက ပိုက်ဆံချေးစားလို့လည်း အကြွေးတွေ ပုံနေပြီ။ ကျမတို့ စစ်ဘေးရှောင်ကတည်းက ဘယ်အဖွဲ့အစည်းမှ လာကူညီတာမရှိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာကနေ နားဒေါင်းကျကျေးရွာတွင် စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နားဒေါင်းကျကျေးရွာတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ရဲရိုးပြင်၊ ခမောင်းတော၊ စစ်တွေမြို့နယ် ဝါဘို စသည့် ကျေးရွာတို့မှ ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ၂၀၂၃ ဒီဇင်ဘာလက ကျေးရွာတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ကြောင့် နေရပ်စွန့်ခွာလာကြသူများဖြစ်ကြောင်း သိရသည်။
“ကျမတို့ စစ်ဘေးရှောင်တာ တစ်နှစ်ရှိပြီ။ အိမ်လည်း ကိုယ့်ဘာသာကိုယ် ဆောက်ထားတာ။ အောက်တိုဘာလကလည်း ရွာခေါင်းဆောင်က နင်တို့အတွက် ငါစစ်ဘေးရှောင် ပိုက်ဆံသွား ထုတ်မယ်ဆိုပြီး တစ်အိမ်ကို ၆,၀၀၀ ကျပ် ကောက်ခံတယ်။ ပြီးတော့ ဘာပိုက်ဆံမှလည်း ပြန်မရဘူး။ ပျောက်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်မြို့နယ်တွင် စစ်ဘေးရှောင် ၆ သောင်းကျော်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ရသေ့တောင် မြို့နယ်တို့မှ ဖြစ်သည်။