ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ၄ ဦး သေဆုံး

ဇန်နဝါရီလ ၅ ရက် ညနေပိုင်း ၃ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးနှင့် နေရာနှစ်ခုတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါက်အနီးတွင် မွတ်ဆလင်အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ်တစ်ဦး၊ အင်ဇုံပြင် ကျေးရွာအနီးတွင်လည်း အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

By Admin 06 Jan 2025

မင်းပြားမြိုနယ်၊ သာဒါကျေးရွာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ - AA Info Desk)
မင်းပြားမြိုနယ်၊ သာဒါကျေးရွာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇန်နဝါရီ ၆

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာနှင့် တောင်ပေါက်အနီးနားကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း မွတ်ဆလင်အမျိုးသမီး ၃ ဦးနှင့် ရခိုင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများမှ သိရသည်။

ဇန်နဝါရီလ ၅ ရက် ညနေပိုင်း ၃ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးနှင့် နေရာနှစ်ခုတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောင်ပေါက်အနီးတွင် မွတ်ဆလင်အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ်တစ်ဦး၊ အင်ဇုံပြင် ကျေးရွာအနီးတွင်လည်း အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီမှာ ဖုန်းပြောဖို့ ရောက်နေတဲ့ ကျောက်တော်နယ်က မွတ်ဆလင်အမျိုးသမီး နှစ်ယောက်နဲ့ ကလေးငယ်တစ်ယောက် နေရာမှာ တင်သေသွားတယ်။ နောက်ထပ် အင်ဇုံပြင် ကျေးရွာက ဆိုင်ရောင်း နေတဲ့ အမျိုးသမီးငယ်တစ်ဦး သေသွားတယ်။ တခြား ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိကြတယ်” ဟု ဖြစ်စဉ်အတွင်း လွတ်မြောက်လာ သူတစ်ဦးက ပြောသည်။ 

သေဆုံးသွားသည့် အမျိုးသမီးများမှာ အင်ဇုံပြင်ကျေးရွာမှ မဇင်မာခိုင် (၁၇) နှစ်၊ ကျောက်တော်မြို့နယ်၊  ဝကင်း မွတ်ဆလင်ကျေးရွာမှ မရာဟနော်ဒီလ် (၁၂ )နှစ်၊ ဒေါ် ဂျော်နာဘေလ်ကောလ် (၄၅) နှစ်၊ မဂျော် (၄၅) နှစ် တို့ဖြစ်ကြပြီး နောက်ထပ် ထိဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

ရခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသဖြင့် စစ်ကောင်စီထိန်းချုပ် ထားဆဲဖြစ်သည့် စစ်တွေ မြို့နယ်အနီး၊ ပုဏ္ဏားကျွန်းမြိုနယ်အစပ်က ကျေးရွာအချို့တွင် ဖုန်းလိုင်းအချို့ရရှိသဖြင့် ဒေသခံများမှာ အဆိုပါ နေရာများသို့ သွားရောက်ပြီး ဖုန်းပြောကြခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အာရက္ခတပ်တော်သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေရန် အသင့်ရှိကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်၊ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်၊ မြေပုံမြို့ နယ်တွင် တစ်ကြိမ်ပြုလုပ်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းမှာ ဆွေးနွေးမှုကို လက်မခံခြင်းပြသနေသဖြင့် ရခိုင်က ကျန်ရှိနေသေးသည့် မြို့နယ်များတွင် တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

“အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ ကြေညာပြီးနောက် နှစ်ရက် သုံးရက်အကြာမှာ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်တို့ မြေပုံမြို့နယ် ကမ်းထောင့်ကြီးတို့ကို လေကြောင်းတိုက် ခိုက်လာတာက စစ်ကောင်စီက ဆွေးနွေးဖို့ ကမ်းလှမ်းတာကို လက်မခံဘူးဆိုတဲ့သဘောကို ပြသတာ ဖြစ်တယ်။ စစ်ကောင်စီက အဲဒီလိုသာ ပြည်သူတွေကို ဒုက္ခပေးနေမယ်ဆိုရင် အာရက္ခတပ်တော်ကလည်း သူတို့ ကမ်းလှမ်းထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ ကမ်းလှမ်းချက်က ပျက်ပြယ်သွားလိမ့်မယ်” ဟု ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်မှစပြီး ၂၀၂၅ ဇန်နဝါရီ ၅ အထိ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် ရခိုင်က မြို့နယ်နှစ်ခုတွင် အရပ်သားသေဆုံးမှု ၁၁ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် အထက်ရှိ လာခြင်းဖြစ်သည်။