- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
လျှပ်စစ်မီးပြတ်တောက်ခြင်း၊ စိတ်မလုံခြုံခြင်း၊ အင်တာနက်ပြတ်တောက်ခြင်း၊ ဖုန်းလိုင်းပြတ်ခြင်း၊ ဆေးဝါးနှင့် လောင်စာဆီပြတ်ခြင်းများထဲမှ လျှပ်စစ်မီးပြတ်တောက်မှုမှာ ပြည်သူများ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဒုတိယအဆိုးရွားဆုံးမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
01 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၁
မြန်မာပြည်သူများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ယမန်နေ့ (ဇန်နဝါရီ ၃၁) တွင် ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်မီးပြတ်တောက်ခြင်း၊ စိတ်မလုံခြုံခြင်း၊ အင်တာနက်ပြတ်တောက်ခြင်း၊ ဖုန်းလိုင်းပြတ်ခြင်း၊ ဆေးဝါးနှင့် လောင်စာဆီပြတ်ခြင်းများထဲမှ လျှပ်စစ်မီးပြတ်တောက်မှုမှာ ပြည်သူများ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဒုတိယအဆိုးရွားဆုံးမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားကို လျှပ်စစ်မီးဖြတ် တောက်ခဲ့၍ လျှပ်စစ်မီးကို အားထားလုပ်ကိုင်ရသည့် လုပ်ငန်းအများစု ရပ်နားခဲ့ရသည်။
"လျှပ်စစ်မီးက အခုဆိုရင် နှစ်နာရီလာတယ်။ လေးနာရီပြတ်တယ်။ ဒီလိုအကန့်အသတ်နဲ့ပဲ ရတော့တယ်။ မီးပြတ်ချိန်များလို့ ကိုယ်ပိုင်မီးစက်နဲ့ အလုပ်လုပ်လာကြတာများတယ်။ EPC မီးနဲ့ အလုပ်လုပ်ရတာလောက် အဆင်မပြေတော့ဘူး" ဟု ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးအလှပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယခင်က လျှပ်စစ်မီး ပုံမှန်ရရှိခဲ့ချိန်တွင် တစ်လလျှင် မီတာဖိုး ၂၀၀,၀၀၀ ဝန်းကျင်သာ ကုန်ကျခဲ့သော်လည်း လက်ရှိတွင် မီးစက်နှိုးပြီးလုပ်ကိုင်နေရ၍ တစ်လကို ကုန်ကျစရိတ်ငွေ သိန်း ၂၀ နှင့်အထက် ကုန်ကျမှုရှိနေ၍ လုပ်ငန်းအတွင်း အမြတ်ငွေ တွက်ခြေမကိုက်ဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်မီးပြတ်တောက်နေသည့် မြို့နယ် ၁၀၀ ရှိကြောင်း ISP-Myanmar ကဆိုသည်။ရခိုင်ပြည်တွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့၏ ၂၀၂၃ နိုဝင်ဘာလမှစတင်ခဲ့သည့် တိုက်ပွဲများအတွင်း မြို့နယ်အားလုံး လျှပ်စစ်မီးလုံးဝ ပြတ်တောက်သွားခဲ့သည်။
ရခိုင်ပြည်၊ ကျောက်တော်မြို့မှ မိတ္တူဆိုင်ပိုင်ရှင်တစ်ဦးက "လျှပ်စစ်မီးမရှိတော့ အလုပ်မှာ တစ်ချို့အပိုင်းတွေကို လျော့ချလိုက်ရတယ်။ မီးစက်နဲ့လုပ်ဖို့ ငွေအများကြီး မစိုက်နိုင်လို့လေ။ ကုန်ကျစရိတ်များတယ်" ဟု ပြောသည်။
တစ်ဘက်တွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်ဒေသများတွင် လျှပ်စစ်မီးကို အကန့်အသတ်ဖြင့် ရရှိနေသေးသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေဖြင့်တစ်ရက်လျှင် ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာရှိပြီး ထုတ်လုပ်နိုင်မှု၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးပေးနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ ဒေသခံများမှာ စားဝတ်နေရေးထိခိုက်မှု ဖြစ်ပေါ်လာနေသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှ ကားရေဆေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက "ကားရေဆေးတဲ့အလုပ်က လုပ်ငန်းသေးတယ်လို့ မြင်ရပေမယ့် လျှပ်စစ်မီးမရရင် အဆင်မပြေဘူး။ မီးက တစ်နေ့လုံးကိုမှ လေးနာရီတောင် မလာတော့ ရေတင်ဖို့ဆိုရင်လည်း မီးစက်နှိုးရတော့ ဆီဖိုးအရင်ကထက် ကုန်တယ်။ မီတာခလည်း ပုံမှန်ပေးနေရတဲ့ အပြင်ဓာတ်ဆီဖိုးလည်း အပိုကုန်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး" ဟု ပြောသည်။
ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှု နောက်ဆက်တွဲအနေဖြင့် ပြည်သူများမှာ ဆိုလာစနစ်ကို ပိုမိုအားထားလာရခြင်းအပြင် မီးစက်များဖြင့် လုပ်ငန်းများ လည်ပတ်နေကြရသည်။ ထို့ကြောင့် ဆိုလာပြားနှင့် မီးစက်များမှာ ဒေသအလိုက် ရောင်းအားကောင်းလျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ပြည်သူများမှာ လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာ ရင်ဆိုင်နေရသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အတင်းအကျပ် ငွေကြေးတောင်းယူခံနေရခြင်းတို့ကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဇန်နဝါရီလ ၃၁ ရက်နေ့ ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။