ပလက်ဝနှင့် ရခိုင်ကို အိန္ဒိယက လျှပ်စစ်မီးပေးမည့်ကိစ္စ ပြည်သူများကြိုဆို

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B.Shyam နှင့် မီဇိုရမ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး Pu F. Rodingliana တို့ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ်တွင် B.Shyam က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

By Admin 14 Sep 2024

အိန္ဒိယ ကုလားတန်စီမံကိန်းပြ မြေပုံ။ (ဓာတ်ပုံ - Wikipedia)
အိန္ဒိယ ကုလားတန်စီမံကိန်းပြ မြေပုံ။ (ဓာတ်ပုံ - Wikipedia)

DMG ၊ စက်တင်ဘာ ၁၄

အိန္ဒိယနိုင်ငံက ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည် စစ်တွေမြို့အထိ လျှပ်စစ်ဓာတ်အားပေးရန် ကြိုးပမ်းနေကြောင်း မိဇိုရမ်ပြည်နယ်အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး ချင်းပြည်အခြေစိုက် ခိုနူမ်းသုန်သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B.Shyam နှင့် မီဇိုရမ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး Pu F. Rodingliana တို့ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ်တွင် B.Shyam က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းကိစ္စအပေါ် ရခိုင်ပြည်သူများက လက်ခံကြိုဆိုကြပြီး အိန္ဒိယနှင့် ရခိုင်ကြားတွင် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားတို့က ရှုမြင်သည်။

“လျှပ်စစ်မီးက ရခိုင်ပြည်ရဲ့ တကယ့်လိုအပ်ချက် ဖြစ်ပါတယ်။ ရခိုင်ပြည်အတွက်လည်း လိုအပ်သလို အိန္ဒိယဖက်ကလည်း ကုလားတန်စီမံကိန်းအတွက် လျှပ်စစ်မီးတွေ သုံးစွဲဖို့လိုတယ်။ နှစ်ဖက်လိုအပ်ချက်အရ စဉ်းစားတာဖြစ်တယ်။ တကယ့်ကိုကောင်းမွန်ပြီး ကြိုဆိုရမယ့်လုပ်ငန်းဖြစ်တယ်။ ဒီလျှပ်စစ်စီမံကိန်းက အိန္ဒိယအတွက်ရော ရခိုင်အတွက်ပါ အကျိုးရှိမယ့်စီမံကိန်းဖြစ်တယ်။ နောက် ရခိုင် - အိန္ဒိယကြားမှာလည်း ဆက်ဆံရေးကောင်းလာမှာ ဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

လျှပ်စစ်ဓာတ်အားပေးမည့်ကိစ္စသည် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်၍ နှစ်ဖက်ဆွေးနွေးပြီးမှ ယခုကဲ့သို့ ဖွင့်ပြောလာခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးဖေသန်းက ပြောသည်။ 

ရခိုင်ပြည်ဒေသအချို့တွင် တိုက်ပွဲများနှင့်အတူ လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၁၀ လနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ ယင်းကြောင့် လျှပ်စစ်နှင့်လုပ်ရသည့် ဒေသခံများ၏ အလုပ်အကိုင်များ ရပ်နားထားရသည်။

“ဒီအခွင့်အရေးက ဘယ်ကရရယူရမှာပဲ။ အိန္ဒိယဖက်ကလည်း အလကားပေးမှာတော့ မဟုတ်ဘူး။ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေကိုပါ ပေးနိုင်မယ်ဆိုရင် မြန်မာစစ်တပ်ဖက်က ရခိုင်ကို ဘယ်လောက်ပဲ ပိတ်ဆို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီနဲ့ အခွင့်အလမ်းကို ရနိုင်ဖို့ ကြိုစားနိုင်ခွင့်ရလာတာ ဖြစ်တယ်” ဟု ဦးဖေသန်းက  ပြောသည်။ 

ရခိုင်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အားလုံးကို ပြည်မဒေသကို အားကိုးနေရသည်။ အိန္ဒိယနိုင်ငံမှ လျှပ်စစ်မီးရရှိလာပါက ဒေသဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပြုနိုင်ကြောင်း ယုံကြည်နေကြသည်။ 

ကျောက်တော်ဒေသခံ မောင်ထွန်းကြိုင်က “နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ တိုင်းတာဖြစ်တယ်။ လျှပ်စစ်မီးသာရလာရင် ကျနော်တို့မှာ အရင်ကရှိတဲ့ စက်ရုံတွေ၊ တပိုင်တနိုင်လုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်မှာဖြစ်တယ်။ နောက် တိုးချဲ့လုပ်ကိုင်မယ့် လုပ်ငန်းတွေ အတွက်လည်း တကယ့်အရေးပါလာမှာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်တွင် အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းရှိနေပြီး စစ်ရေးပဋိပက္ခကြောင့် ရပ်နားထားရသည်။ ရခိုင်ပြည်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အပြည့်အဝ အကာကွယ်ပေးမည်ဟု AA က ကြေညာထားသည်။

လက်ရှိတွင် ကုလားတန်စီမံကိန်းဖြစ်သန်းရာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း မြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး အိန္ဒိယဆိမ်းကမ်းတည်ရှိသည့် စစ်တွေမြို့ကိုလည်း ဝိုင်းရံပိတ်ဆို့ထားသည်။