- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
- "လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"
- ပနားမား သဘောတူညီချက်၌ တူးမြောင်းတွင် အမေရိကန်တပ်များ နေရာချထားခွင့် ပါဝင်
- ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်
- ဒုက္ခသည်နေရပ်ပြန်ရေး စစ်ကောင်စီ၊ AA တို့နှင့် ဆက်သွယ်ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ပြော
ပလက်ဝ - လောင်တလိုင် နယ်စပ်တွင် အိန္ဒိယဖက်က တင်းကျပ်မှု ပြုလုပ်လာ
လောင်တလိုင်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ်ရှိ ကာကီကျေးရွာနှင့် တွီဒန်းကျေးရွာအနီးတို့တွင် အာသံ ရိုင်ဖယ်တပ်ဖွဲ့ဝင်များက စခန်းချနေထိုင်၍ စစ်ဆေးမှုများပြုလုပ်ကာ ကုန်သည်များထံက အခွန်သဘောမျိုး ငွေကောက်မှုများရှိကြောင်း အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
08 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၈
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းနှင့် ကုလားတန်မြစ်ကမ်းတွင် အိန္ဒိယနိုင်ငံ၏ အာသံ ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ဂိတ်အသစ်ချပြီး တင်းကျပ်မှုများ ပြုလုပ်လာကြောင်း သိရသည်။
လောင်တလိုင်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ်ရှိ ကာကီကျေးရွာနှင့် တွီဒန်းကျေးရွာအနီးတို့တွင် အာသံ ရိုင်ဖယ်တပ်ဖွဲ့ဝင်များက စခန်းချနေထိုင်၍ စစ်ဆေးမှုများပြုလုပ်ကာ ကုန်သည်များထံက အခွန်သဘောမျိုး ငွေကောက်မှုများရှိကြောင်း အိန္ဒိယရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
" လောင်တလိုင်နဲ့ ပလက်ဝ အစပ်ရှိ ကာကီရွာနဲ့ တွီဒန်းရွာတွေမှာ အိန္ဒိယရဲတွေဆိုပြီး စခန်းချ အခွန်ကောက်တာတွေ၊ စက်လှေတွေကို စစ်ဆေးမှုတွေ ပြုလုပ်လာတာရှိတယ်။ ကုန်သွယ်မှု မပြုလုပ်ရဆိုပြီး တင်းကျပ်လာတာမျိုးတော့ မဟုတ်ဘူး။ တချို့ကုန်စည်တွေ အတွက်ဆိုရင် သူတို့စစ်ဆေးရေး ဂိတ်တွေမှာ အခွန်ပေးရတာတွေရှိတယ် " ဟု ၎င်းက ပြောသည်။
ထိုသို့ အန္ဒိယ အာဏာပိုင်များက ဂိတ်ချလာခြင်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်မှ ဖြစ်ကြောင်း သိရသည်။ ရခိုင်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှ စကာ စစ်ကောင်စီသည် ရခိုင်သို့ ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ထားပြီးနောက် ရခိုင်ကုန်သည်များမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်နယ်စပ်မှတစ်ဆင့် စားသောက်ကုန်စည်နှင့် လူသုံးကုန်များကို ရရာနည်းဖြင့် သွင်းနေကြခြင်းဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနယ်စပ်၌ လုံခြုံရေးဂိတ်များ တိုးချလာခြင်းမှာ ချင်းပြည်နယ်က အိန္ဒိယဖက်ကို တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များကို ဟန့်တားလိုသည့် သဘောလည်းဖြစ်နိုင်ကြောင်း ကုန်သည်များက ပြောသည်။
" ဖြတ်သန်းသွားလာခွင့် မပြုတာ မဟုတ်ဘူး။ စစ်ဆေးမှု ပြုလုပ်တာပေါ။ ရခိုင်ကုန်သည်တွေဆိုရင် မှတ်ပုံတင်တို့ အဲဒီမှာ ထားခဲ့ကြရတယ်။ ပလက်ဝဒေသခံ စစ်ဘေးရှောင်တွေဆိုရင် ဒေသအုပ်ချုပ်ရေးက ထောက်ခံစာတွေပါမှ ဖြတ်သန်းခွင့် ပြုတယ်။ အရင်ကထက်စာရင်တော့ တင်းကျပ်မှုရှိလာတဲ့ သဘောလို့ ပြောရမယ် " ဟု နယ်စပ်ရောက် နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။
အိန္ဒိယမှ ပလက်ဝ ဒေသသို့ ကုန်သွယ်မှုကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းမှစကာ ပြုလုပ်နေကြခြင်းဖြစ်ပြီး ဆေးဝါးနှင့် စက်သုံးဆီများကို အိန္ဒိယက ပိတ်ပင်ထားသည်။ သို့သော် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို မီဇိုရမ် အစိုးရဖက်က ခွင့်ပြုထားခြင်းဖြစ်သည်။