“ဒဏ်ရာကနာကျင်၊ ထမင်းစားဖို့ ဆန်မရှိတာကို စိတ်ပူရနဲ့ ငါသေခဲ့ရင်တောင် ကောင်းမယ်” 

မသန်စွမ်းစစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခက်အခဲ၊ လိုအပ်ချက်များကို ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ အသက် ၂၁ နှစ်အရွယ် စစ်ဘေးရှောင်  မခိုင်ခိုင်မာအား DMG က မေးမြန်းထားပါသည်။ 

By Admin 08 Nov 2024

“ဒဏ်ရာကနာကျင်၊ ထမင်းစားဖို့ ဆန်မရှိတာကို စိတ်ပူရနဲ့ ငါသေခဲ့ရင်တောင် ကောင်းမယ်” 

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် သိန်းနှင့်ချီသည့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေးပိုင်းတို့တွင် လိုအပ်ချက်မြင့်မားမှုနှင့်အတူ အခက်အခဲများစွာ ရှိနေကြသည်။ 

စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပြင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ စားဝတ်နေရေးကို ခက်ခဲမှုဒဏ်ကို ပို၍ ခံစားနေရသည်။ 

မသန်စွမ်းစစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခက်အခဲ၊ လိုအပ်ချက်များကို ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ အသက် ၂၁ နှစ်အရွယ် စစ်ဘေးရှောင်  မခိုင်ခိုင်မာအား DMG က မေးမြန်းထားပါသည်။ 

DMG - လက်ရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေရတဲ့ အခြေအနေကို ပြောပြပေးပါ။ 

လူအများနဲ့နေရတာဆိုတော့ ထမင်း၊ ဟင်း ချက်ချိန်ဆိုရင် ညှော်နံ့တွေကြောင့် ဒဏ်ရာအတွက် စိုးရိမ်ရတယ်။ ညှော်နံ့တွေကို ရှောင်ပြီး အဝေးတစ်နေရာမှာ နေဖို့ကျတော့လည်း သွားလို့မှ မရတာ။ သံပုရာသီးကို အနံ့ရှူပြီး နေရတယ်။ ပြီးတော့ ကျမက လမ်းလျှောက်ပြီး မသွားနိုင်ဘူး။ အိမ်သာသွားလို့လည်း မရဘူး။ အခန်းထဲမှာပဲ ပလက်စတိတ် အိတ်တွေနဲ့ သွားရတယ်။ အခန်းထဲမှာဆိုရင်လည်း ဝါးနံရံတွေနဲ့ တံခါးတွေ မကောင်းတော့ လုံခြုံမှုလည်း မရှိဘူးလို့ ခံစားရတယ်။ 

DMG - အခုလို မသန်စွမ်းဖြစ်သွားရတဲ့ အကြောင်းကိုလည်း သိချင်ပါတယ်။ 

ကျမတို့က အရင်တိုက်ပွဲတုန်းကနေ စစ်ဘေးရှောင်နေကြတာပါ။ ၆ နှစ်နီးပါးအကြာမှာ အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်။ ရွာကို ပြန်တာက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာဖြစ်တယ်။ ရွာပြန်သွားတော့ အိမ်တွေက စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားလို့ ပျက်စီးနေတယ်။ ဒါကြောင့် သစ်တွေဝါးတွေခုတ်ပြီး အိမ်ဆောက်ပြီး နေရတယ်။ ရွာမှာနေပြီး လေးလကျော်အကြာမှာ ရွာတစ်ဖက်ကမ်းက စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်ခဲ့တဲ့ စေတီတောင်မှာ ထင်းခုတ်ဖို့ သွားတယ်။ ပထမတစ်ရက်မှာ ဘာမှမဖြစ်ဘူး။ ဒုတိယနေ့ ထင်းခုတ်ပြီး ပြန်အလာမှာ မိုင်းနင်းပြီး ဘယ်ဖက်ခြေထောက်ပြတ်သွားတယ်။ ညာဖက်ခြေထောက်က အရိုးတွေ ကျိုးသွားပြီး အခုလို ဖြစ်သွားရတာပါ။ 

DMG - နေရပ်ပြန်သွားပြီးမှ ကျောက်တော်က စစ်ရှောင်စခန်းကို ဘယ်လိုပြန်ရောက်လာတာလဲ။ 

ပထမတော့ ရွာမှာနေပြီး ပလက်ဝမြို့မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ အဲဒီမှာလည်း အဆင်မပြေတော့ ကျောက်တော်မြို့မှာ သွားပြဖို့ ဆရာဝန်က လမ်းညွှန်ပေးပါတယ်။ ခြေတစ်ဖတ်ပြတ်သွားပြီး နောက်တစ်ဖက်လည်း အရိုးတွေ ကျိုးသွားတယ်။ ကျောက်တော်သို့သွားရင်ကောင်းမယ်ဆိုပြီး ပြောတယ်။ ကျောက်တော်မှာက အရိုးပါရဂူ ရှိတယ်လေ။ နောက် ခြေထောက်တစ်ဖက် ပြန်ကောင်းရင်ကောင်းနိုင်မလားဆိုပြီး ဆေးကုဖို့ လာတာဖြစ်တယ်။ ရွာကလာပြီးတော့ ဆေးကုသမှုခံ ယူမယ်ဆိုရင်လည်း တစ်လတစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်လိုလို သွားနေရတယ်။ ကျမက လမ်းမလျှောက်နိုင်တော့ အတက်အဆင်းတွေမှာ သွားရတာလည်း အခက်အခဲရှိတယ်။ လမ်းခရီးက ဝေးတာကြောင့် ပိုက်ဆံလည်း အကုန်အကျများပြီး မတတ်နိုင်တော့ ဒီမှာပြန်ပြီး နေရတာဖြစ်တယ်။ 

DMG - လက်ရှိ ဆေးကုသမှုခံယူနေရတဲ့ အခြေအနေနဲ့ ဒဏ်ရာအခြေအနေက ဘယ်လိုရှိလဲ။

ကျမ ဒဏ်ရာက တစ်လတစ်ကြိမ် ပုံမှန်သွားပြရတာ။ တခါတလေဆိုရင် နှစ်ပတ်တစ်ကြိမ် သွားပြရတယ်။ အရင်လတွေကတော့ ဆွေမျိုးတွေက အကူအညီတောင်းပြီး ပုံမှန်လိုလို သွားပြတယ်။ ဒဏ်ရာက ယားတယ်။ ပြီးတော့ ကိုက်တယ်၊ အေးတယ်။ ဒါတွေကို ဆေးလူးပေးရတာ ရှိတယ်။ ဒါပေမဲ့ ဒဏ်ရာတွေကို ဆေးလူးတဲ့ အခါမှာ ဆေးဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် ဆေးကို နည်းနည်းလောက်ပဲလူးပြီး နေရတာမျိုးရှိပါတယ်။ 

အခုဆိုရင် ဆေးခန်းလာပြရမှာ နောက်ဆုံးလို့တော့ ဆရာဝန်က ပြောတယ်။ ဒါပေမဲ့ ကျမမှာ ပိုက်ဆံ တပြားမှ မရှိသေးဘူး။ ဘယ်လို လုပ်ရမလဲ စိတ်ပူနေတာ။ တခါတလေဆိုရင် ဒဏ်ရာကနာကျင်၊ ထမင်းစားဖို့ ဆန်မရှိတာကို စိတ်ပူရနဲ့ ငါသေခဲ့ရင်တောင် ကောင်းမယ်ဆိုပြီး တွေးဖြစ်တယ်။ 

DMG - လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပြပေးပါ။ 

ကျမ မိုင်းနင်းမိတဲ့ အချိန်မှာတော့ ငွေကြေး အကူအညီတွေကို အဖွဲ့အစည်းက လာပြီး ပေးခဲ့တာရှိတယ်။ ဒါပေမဲ့ အခုက အကူအညီအထောက်အပံ့တွေလည်း မရတော့ဘူး။ ကယ်ဆယ်ရေးစခန်းမှာလည်း အရင်နှစ်တွေကတော့ လစဉ်ထောက်ပံ့မှုတွေ ရခဲ့တယ်။ အခုက အဲဒီလိုလည်း မရှိတော့ဘူး။ ကျမအပါအဝင် အကုန်လုံး စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်။ အကူအညီထောက်ပံ့မှုတွေ လိုချင်ပါတယ်။

DMG - ကျန်းမာရေးပိုင်းနဲ့ မိသားစု စားဝတ်နေရေးကိုကော ဘယ်လိုဖြေရှင်းနေကြရလဲ။ 

ကျမ အခုလို မဖြစ်ခင်က ဆိုရင်တော့ ကျမယောက်ျားက အလုပ်ထွက်ပြီး သွားလုပ်လို့ ရတယ်။ အခုက အိမ်မှုကိစ္စကအစ သူကပဲ လုပ်နေရတော့ အလုပ်သွားလုပ်လို့လည်း မရတော့ဘူး။ ကျမကိုလည်း ပြုစုပေးနေရတယ်။ လုံးဝ အဆင်မပြေတော့ဘူး။ သားတစ်ယောက်ရှိတာကလည်း ၉ နှစ်အရွယ်ဆိုတော့ သူလည်း ဘာမှမလုပ်တတ်သေးဘူး။ အရင်ကဆို အိမ်ရှင်က ကြုံရာကျပန်း ကုန်တင်ကုန်ချ အလုပ်လုပ်တယ်။ အိမ်ရှင်အလုပ်သွားလုပ်ရင် ပိုက်ဆံ သုံးသောင်းလောက်ရတယ်။ အဲ့ဒါတွေနဲ့ စားသောက်လို့ အဆင်ပြေခဲ့တယ်။ 

အခုက တခါတလေ အိမ်မှုကိစ္စပြီးလို့ အလုပ်သွားလုပ်ရင်လည်း ကျမကို ပြုစုရတာတွေနဲ့ အချိန်နောက်ကျတာကြောင့် လူတွေ အကုန်လုံး လုပ်ပြီးသွားပြီဆိုတော့ အလုပ်မကျတော့ဘူး။ တစ်ရက်မှာ ငွေသုံးလေးထောင်ပဲ ရတယ်။ ဆွေမျိုးတွေက ပေးတဲ့ ငွေကြေးနဲ့ စားသောက်နေကြရပါတယ်။

DMG - စစ်ရှောင်စခန်းမှာ နေရတဲ့အချိန် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကြုံတွေ့ရတာရှိလား။  

အခုက ဂျက်လေယာဉ်တွေလည်း နေ့တိုင်းလိုလို ပျံသန်းနေတော့ ကြောက်တယ်။ သူများတွေက အကြောင်းတစ်စုံတရာ ဖြစ်လာရင် ထပြီး သွားနိုင်တယ်။ ကျမက ဒီအတိုင်းကျန်လိုက်ရမှာ မသွားနိုင်ဘူး။ ဗုံးကြဲခဲ့ရင်လည်း သေရမယ်။ သွားမှ မသွားနိုင်တာ။ ပုံမှန်အတိုင်း ခြေအစုံနဲ့ဆိုရင် ဒီလောက်ထိ ကြောက်မှာ မဟုတ်ဘူး။ တစ်နေရာရာကို ရှောင်ပြီး သွားနေလို့ရတယ်။ အခုက သူများအကူအညီမပေးရင် သွားလို့မရတော့ဘူး။

DMG - ဖြည့်စွက်ပြီး ဘာတွေပြောချင်တာရှိလဲ။

သူတို့(စစ်ကောင်စီတပ်သား)တွေက စစ်လက်နက်ပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး အပြစ်မရှိတဲ့ ပြည်သူလူထုသွားလာတဲ့ လမ်းမှာ မိုင်းတွေ ထောင်တဲ့အတွက် ကျမ အခုလို(မသန်စွမ်း) ဖြစ်ရတာဖြစ်တယ်။ လေယာဉ်တွေနဲ့လည်း ပစ်မှတ်ထား တိုက်ခိုက်နေတယ်။ သူတို့မှာ ဖြစ်ချင်တဲ့သူနဲ့ ဖြစ်ပေါ့။ ပြည်သူတွေကို ဒုက္ခမပေးရင် ပိုကောင်းမယ်။ အခုက ပြည်သူလူထုနေထိုင်တဲ့ လုပ်စားရာနေရာတွေမှာ မိုင်းတွေ ထောင်တယ်။ ဒါတွေကြောင့် တိုက်ပွဲ မရှိတော့ရင်လည်း လုပ်စားလို့ မရတော့ဘူး။ ကျမတို့က တောတောင်ကို မှီခိုပြီး ထင်းခုတ်၊ မျှစ်ချိုးလိုက် အဲဒီလို စားသောက်နေကြတာ။ အခုက တောတောင်ကို မသွားရဲကြတော့ အကုန်လုံး အခက်အခဲဖြစ်တာပေါ့။
  
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။