လူငယ်စိတ် ပျောက်ကွယ်နေကြသော လူငယ်များ

“လူငယ်နဲ့ပတ်သက်လို့ ဆွေးနွေးမယ်ဆိုရင် လူငယ်ဆိုတာကို အရင်အနက်ဖွင့် အဓိပ္ပာယ်သတ်မှတ်ပေးရပါလိမ့်မယ်။ လူငယ်ဆိုတာ ရုပ်ခန္ဓာနဲ့ ဘယ်လိုမှ မပတ်သက်ဘဲ စိတ်စွမ်းအားနဲ့သာ ပတ်သက်ပါတယ်။ အသက် ကြီးရင့်တဲ့လူက လူငယ်ဖြစ်နိုင်သလို အသက်ငယ်တဲ့လူလည်း အဖိုးကြီးဖြစ်နိုင်ပါတယ်။ ဒီနေ့ လူငယ်တွေအများစုဟာ အဖိုးကြီးတွေဖြစ်နေကြတယ်”

By ညိုထွန်း 28 Feb 2019

(Photo - Daily Times)

ညိုထွန်း ရေးသားသည်။

“လူငယ်နဲ့ပတ်သက်လို့ ဆွေးနွေးမယ်ဆိုရင် လူငယ်ဆိုတာကို အရင်အနက်ဖွင့် အဓိပ္ပာယ်သတ်မှတ်ပေးရပါ လိမ့်မယ်။ လူငယ်ဆိုတာ ရုပ်ခန္ဓာနဲ့ ဘယ်လိုမှ မပတ်သက်ဘဲ စိတ်စွမ်းအားနဲ့သာ ပတ်သက်ပါတယ်။ အသက် ကြီးရင့်တဲ့လူက လူငယ်ဖြစ်နိုင်သလို အသက်ငယ်တဲ့လူလည်း အဖိုးကြီးဖြစ်နိုင်ပါတယ်။ ဒီနေ့ လူငယ်တွေ အများစုဟာ အဖိုးကြီးတွေဖြစ်နေကြတယ်”

အိုရှိုး(၁၉၃၁-၁၉၉၀) ဟိန္ဒီဘာသာဖြင့်ရေးသားထားသော “ဆံဘို(ဂ်)ဆေးစမာဓီးကိအို(ရ်)” စာအုပ်ကို အောင်မေဃ ဘာသာပြန်ဆိုထားသော “လူငယ်နှင့် ကာမဂုဏ်စွမ်းအား”စာအုပ်တွင် လူငယ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းဖြစ်သည်။ အိုရှိုးကိုတော့ ယခုနောက်ပိုင်း မြန်မာ စာဖတ်ပရိသတ် တော်တော်များများ သိရှိလောက်ပြီး ဖြစ်ပါလိမ့်မည်။ လူကြီးဖြစ်ခြင်း၊ လူငယ်ဖြစ်ခြင်းသည် စိတ်စွမ်းအားဖြင့်သာ သက်ဆိုင်ကြောင်း အိုရှိုးက ယူဆသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ခန့် ဝန်းကျင်အထိ အသက်အပိုင်းအခြားကို လူငယ်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြသည်။ သို့သော် အိုရှိုး၏ ပေတံဖြင့် တိုင်းတာကြည့်လျှင် “ငါ လူငယ်မှ ဟုတ်ပါ၏လော” ဟု သံသဝင်မိကြမည်ဖြစ်သည်။ စာရေးသူအပါအဝင် ယနေ့ခေတ် လူငယ်တော်တော်များများသည် လူငယ်စိတ်ဓာတ်များ သေဆုံးနေသည်ကို တွေ့နေရသည်။

ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းထဲတွင် အလိုက်သင့် မျောပါစီးဆင်းရင်း ဘဝကို အလေးအနက်   မထားသော လူငယ်တွေ များပြားလာသည်။ စိန်ခေါ်မှုများကို ရင်မဆိုင်ရဲဘဲ မလုပ်နိုင်၊ မကိုင်နိုင် အိပ်ရာထဲ လဲလျောင်းနေရသော လူအိုကြီးနှင့် တူသူတွေ ပေါများလာသည်။ မည်သည့်ကိစ္စတွင်ဖြစ်စေ နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ အစရှိသည်များတွင် ကောင်းကောင်းဆိုးဆိုး သူတို့နှင့် မသက်ဆိုင်သလို၊ တနည်းတဖုံ သက်ဆိုင်လာပါကလည်း ရှောင်ထွက်ရန်ကြိုးပမ်းသူများသာ တိုးတိုးလာသည်။

လူငယ်များ၏ စိတ်ကူးစိတ်သန်းများသည် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပစ်နိုင်သည့်အထိ စွမ်းအားကြီးမားကြောင်း ဆိုကြသည်။ ကမ္ဘာပေါ်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသော နေရာတွင် တည်ရှိနေသည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း လူငယ်များသည် နောင်တွင် တိုင်းပြည်တာဝန်များကို ပုခုံးလွှဲပြောင်း ထမ်းဆောင်ရမည့်သူများ ဖြစ်သည်။

သို့သော် လူငယ်များအနေဖြင့် နောင်လာမည့်အနာဂတ်ကို ကြိုတင်မမှန်းဆ၊ ကြိုးစားအားထုတ်မှု မရှိဘဲ ပစ္စုပ္ပန်ဘဝမှာသာ ပေါ့ပေါ့လျော့လျော့ ရောင့်ရဲတင်းတိမ်နေပါက နောင်ဖြစ်လာမည့် အကြောင်းအရာများသည် အပေါင်းလက္ခဏာ ဆောင်မည်မဟုတ်ပေ။

လူငယ်များနှင့်ပတ်သက်ပြီး ဦးစားပေးရေးသား၊ ပြောဆိုလေ့ရှိသော ဆရာကြီး အောင်သင်းက “ကြိုက်ကြိုက် မကြိုက်ကြိုက် ကလေးတွေရဲ့ လက်ထဲကို တိုင်းပြည်အပ်ရတော့မယ်။ သူတို့လက်ထဲ ကျနေ့ာ်ဘ၀ အပ်ရတော့မယ်။ ပညာမတတ်တဲ့ လူငယ်တွေ ကြီးလာတော့ ပညာမတတ်တဲ့လူကြီးပဲ ဖြစ်မှာပေါ့။ အဲဒါကြောင့် ကျနေ့ာ်ဘဝကို ပညာမတတ်တဲ့ လူငယ်တွေရဲ့ လက်ထဲကိုရောက်မှာ သိပ်ကြောက်တယ်။ တိုင်းပြည်လည်း ပညာမတတ်တဲ့ လူငယ်တွေရဲ့လက်ထဲရောက်မှာ သိပ်ကိုကြောက်တာ” ဟု စာပေဟောပြောပွဲများတွင် ပြောဖူးသည်။

တလောက Facebook ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံက ဂူဂျာရတ်ပြည်နယ်က အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦးက မြေမြုပ်မိုင်းများရှိသော နေရာကို ရှာဖွေပေးနိုင်သည့် မောင်သူမဲ့ ဒရုန်းလေယာဉ်ငယ်ကို တီထွင်ပေးလိုက်သော သတင်းဖြစ်သည်။ ယင်းနည်းပညာသည် မည်သည့်နေရာမှာမှ မရှိသေးသည့် နည်းပညာအသစ်ဖြစ်ကြောင်း သိရသည်။ အဆိုပါတီထွင်မှုကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ်လေး Zala သည် အိန္ဒိယခေါင်းဆောင်များ၏ တွေ့ဆုံချီးကျူးခြင်းကို ခံခဲ့ရသည်။

“ကျွန်တော် ရုပ်မြင်သံကြားက သတင်းတွေမှာ စစ်သားတွေနဲ့ အပြစ်မဲ့ ပြည်သူပေါင်းများစွာဟာ မြေမြုပ်မိုင်းကြောင့် နေ့စဉ်သေဆုံးနေရတာကို သိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြေမြုပ်မိုင်းတွေကို လုံခြုံစွာနဲ့ ရှင်းလင်းပြီး လူတွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ တီထွင်ပေးနိုင်ရင်ကောင်းမှာပဲလို့ စိတ်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်” ဟု Zala က ပြောဆိုထားသည်။ အဆိုပါ လူငယ်လေး၏ လူငယ်စိတ်ဓာတ် ထက်သန်တက်ကြွမှုကား လေးစားအားကျဖွယ် ကောင်းသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ထူးချွန်ထက်မြက်သည့် လူငယ်များကို အပြိုင်အဆိုင် ပြုစုပျိုးထောင်ပြီး ပိုမိုကောင်းမွန်သည့် နည်းပညာအသစ်များကို ဖန်တီးရန်ကြိုးပမ်းလျက် ရှိနေကြသည်။ သို့သော်လည်း လူငယ်များ၏ လူငယ်စိတ် ပျောက်ဆုံးနေမှုများက ယင်းကို အတိုင်းအတာတစ်ခုထိ အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု ထင်မိသည်။ မြန်မာနိုင်ငံအတိုင်းအတာနှင့် ပြောရလျှင် လူငယ်စိတ်ပျောက်ဆုံးသော လူငယ်များကို အများအပြား တွေ့မြင်နေရသည်။ ခေတ်၏ အရွေ့တွင် အလိုက်သင့်စီးဆင်းရင်း တက်ကြွမှုများ ကင်းမဲ့နေကြသည်။

လူငယ်စိတ် ပျောက်ကွယ်နေကြသူများကို သုတေသနပြုလုပ်ပြီး စာရင်းပြုစုမည်ဆိုပါက အွင်လိုင်းလူမှုရေးကွန်ရက် သို့မဟုတ် ဆိုရှယ်မီဒီယာများကို ပုံမှန်ထက်ပိုပြီး စွဲစွဲမြဲမြဲ သုံးစွဲနေကြသူများ (အများအားဖြင့်) ဖြစ်နေလိမ့်မည်ဟု ထင်မြင်မိသည်။ စာရေးသူအပါအဝင် ယနေ့ခေတ် လူငယ်တော်တော်များများသည် စာဖတ်ခြင်းအပါအဝင် ဘဝအတွက် တခြားလေ့လာစရာများကို လေ့လာလုပ်ဆောင်နေသည်များထက် လူမှုကွန်ယက်ဖေ့ဘွတ်ခ်ပေါ်တွင် အကျိုးမဲ့ အချိန်ကုန်ဆုံးနေသည်က များနေသည်။

လက်ရှိတွင် Facebook သည် ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း သုတေသနအချက်အလက်များအရ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူဦးရေ ၃၂ သန်း ကျော်အထိရှိပြီး ယင်းပမာဏသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း ၃ နိုင်ငံပေါင်း၏ စုစုပေါင်းသုံးစွဲမှုထက် ၆ ရာခိုင်နှုန်း များပြားနေသည်ဟု အင်တာနက်ဂျာနယ်က ဖော်ပြသည်။

ဖေ့စ်ဘွတ်ခ်ကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သုံးစွဲကြသည်။ တချို့က အလုပ်ကိစ္စအတွက် သုံးကြသည်။ တချို့က ဝေးကွာနေသော မိသားစုများ ရင်းနှီးဆက်သွယ်ရန်အတွက် သုံးကြသည်။ တချို့က အပျင်းပြေသဘောဖြင့် အသုံးပြုကြသည်။ သို့သော်လည်း ဖေ့စ်ဘွတ်ခ်ကို အသုံးပြုနေသော လူငယ်များသည် ယင်းကို အကျိုးရှိရှိအသုံးချမှု အားနည်းနေသည်။ အားလျှင်လည်း Facebook ၊ မအားလျှင်လည်း Facebook ၊ မိုးလင်းမှ နေတဝင်ထိ Facebook ကို စွဲစွဲမြဲမြဲ သုံးစွဲနေကြသည်။ “Facebook ကနေ ဒီနေ့ဘာတွေလေ့လာ သင်ယူလိုက်ရသလဲ” ဟု မေးလျှင် တိကျသေချာသော အဖြေတစ်ခုကို ပေးနိုင်မည့်သူ များများစားစားရှိမည် မထင်မိပေ။

တက္ကသိုလ်ကျောင်းသားတွေကို လေ့လာကြည့်လျှင်လည်း လူငယ်စိတ်ပျောက်ဆုံးနေသူတွေ များပြားနေသည်။ မိမိတို့ ကျောင်းသားရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာတောင် စိတ်ပါဝင်စားမှု၊ တက်ကြွမှုများ အားနည်းကြသည်ကို တွေ့မြင်နေရသည်။ ယခုလက်ရှိတွင် အများအားဖြင့် မြင်တွေ့နေရသည်များက အခြေခံပညာ အထက်တန်းအောင်လျှင် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ယူကာ နေရာတစ်ခုခုတွင် အလုပ်ဝင်ပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုသူတွေ များပြားနေသည်။

ဆယ်တန်းတုန်းက ဆရာဇော်ဂျီ၏ “သင်သေသွားသော်” ကဗျာကို သင်ခဲ့ရသည်။ လူတိုင်း စဉ်းစားဆင်ခြင်သင့်သော အကြောင်းအရာကို ဆရာဇော်ဂျီက ရှင်းရှင်းလင်းလင်း ထိထိမိမိရေးသားခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့တွေကို စဉ်းစားတွေးတောစရာတွေ အများကြီးပေးနိုင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်သည်။ မိမိနေထိုင်ရာ ကမ္ဘာကြီးအတွက်၊ မိမိတိုင်းပြည်နှင့် လူမျိုးအတွက်၊ မိမိပတ်ဝန်းကျင်အတွက် အတိုင်းအတာတစ်ခုထိ ပေးဆပ်နိုင်မှသာ လူသားပီသသည်ဟု ဆိုရပေလိမ့်မည်။

ယနေ့ လူငယ်များထံတွင် “အဝိဇ္ဇာ” မသိမှုများ ဖုံးလွှမ်းနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။ စာဖတ်ခြင်းအလေ့အထ ပျောက်ကွယ်လာသည်နှင့်အမျှ လူငယ်များ၏ မသိမှုများက ပိုမိုကြီးစိုးလာသည်ဟု ယူဆရပေမည်။ တကယ် စူးစမ်းလေ့လာသင့်သော နေရာများတွင် စူးစမ်းလေ့လာလိုစိတ် မရှိဘဲ၊ တခြား အကျိုးမရှိသော အရာများကိုသာ (ဥပမာ - မူးယစ်ဆေးဝါး၊ လောင်းကစား၊ အပျော်အပါး စသည်) စူးစမ်းလေ့လာလိုစိတ် များပြားလာကြသည်။ ယင်းသို့ တလွဲနေရာများတွင် လူငယ်ဆန်ချင်နေကြသူများကို လူကြီးများက ထိန်းကျောင်းကြပ်မက်ပေးသင့်သည်။ လူငယ်များကို လူငယ်စိတ်သွတ်သွင်း ပေးရန်အတွက် လူကြီးများပေါ်တွင်လည်း တာဝန်ရှိနေသည်။ ထို့အပြင် လူကြီးများအနေဖြင့်လည်း လူငယ်စိတ်မွေးဖွားကြရန် လိုအပ်ပေသည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင် အထက်က ဆိုခဲ့သကဲ့သို့ အိန္ဒိယနိုင်ငံသားလေးလို ဖန်တီးတီထွင်မှုများ မရှိသလောက် ရှားပါးသည်။ အစိုးရပိုင်း၏ ကူညီထောက်ပံ့မှုများ မရရှိခြင်းကလည်း တနည်းတဖုံ ပါဝင်ပတ်သက်နေပါလိမ့်မည်။ စစ်အစိုးရအဆက်ဆက်တွင် လူငယ်များသည် ဖိနှိပ်ချုပ်ခြယ်မှုများအောက်တွင် ကြီးပြင်းခဲ့ရသည်။ စစ်အစိုးရလက်ထက်က ဝန်ကြီးတစ်ပါးဆိုလျှင် နိုင်ငံခြားကခေါ်သော ပညာတော်သင် ကျောင်းသားဦးရေ ၁၀၀ လောက်ကို မလွှတ်ဘဲ ဖိုင်ထဲမှာ ခေါက်ထားခဲ့မှုများ ရှိခဲ့သည်ဟု ဆရာကြီး အောင်သင်းက ရင်နာနာနှင့် ပြောဖူးသည်။ လက်ရှိ ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ ကဏ္ဍစုံတွင် လူငယ်များအား အတိုင်းအတာတစ်ခုထိ လမ်းဖွင့်ပေးထားသော်လည်း ဖိနှိပ်မှုများကတော့ ရှိနေသေးသည်ကို တွေ့မြင်နေရသည်။ အဆိုပါ ဖိနှိပ်မှုများသည် လူငယ်စိတ်ထက်သန်မှုကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ယူဆမိသည်။

လူငယ်များအကြောင်းပြောလျှင် ပညာရေးအခန်းကဏ္ဍကိုလည်း ချန်ထားခဲ့၍ မဖြစ်ချေ။ Thinking (စဉ်းစားတွေးတောခြင်း) ကို ဦးစားမပေးဘဲ ကျက်ဖြေစနစ်ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ကလေးငယ်များ၊ လူငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုထိ အဟန့်အတား ဖြစ်စေသည်ဟု ပြောဆိုကြသည်။ လက်ရှိမှာ ပညာရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသော်လည်း ကြန့်ကြာမှုကတော့ အတိုင်းအတာတစ်ခုထိ ရှိမည်ဖြစ်သည်။

“ဒါကျက် ဒါဖြေ” နှင့် ကြီးပြင်းခဲ့ရသူများ ဆရာ၊ ဆရာမ ဖြစ်သောအခါလည်း “ဒါကျက် ဒါဖြေ” ထက် တိုးလာမည် မဟုတ်ပေ။ ကလေးများအား လွတ်လပ်စွာ တွေးတောပြောဆို၊ မေးမြန်းခွင့်များကို များများလုပ်ပေးသင့်သည်။ ထိုသို့ လုပ်ဆောင်နိုင်ပါမှသာ ကလေးများ၏ စိတ်အားထက်သန်မှု၊ တက်ကြွမှုများ ရှင်သန်ကြီးထွားလာမည် ဖြစ်သည်။ ယင်းအပြင် ဆရာ/မ များကိုလည်း လူငယ်စိတ်ဝင်အောင် လုပ်ဆောင်ပေးသင့်ပြီး လိုအပ်သော သင်တန်းပို့ချမှုများကို ယခုထက်ပိုမို လုပ်ဆောင်ပေးသင့်ပေသည်။

တပည့်လူငယ်များထံတွင် လူငယ်စိတ်ဓာတ်များ သန္ဓေတည်ရန်အတွက် ဆရာ/မများထံတွင် လူငယ်စိတ်ဓာတ်များ ဦးစွာကိန်းဝပ်နေရန် လိုအပ်သည်။ ပညာရေးဝန်ကြီးကိုတောင် မသိသော ဆရာ/မ များကိုလည်း ကြုံဖူးတွေ့ဖူးသည်။ ကလေးများ၏ စွမ်းရည်ကို မြင့်တင်ပေးနိုင်ရန်အတွက် သင်ရိုးတစ်ခုတည်းနှင့် မလုံလောက်ဘဲ ပြင်ပဗဟုသုများ၊ ပုံပြင်များ၊ တခြား သက်ဆိုင်သော ဥပမာအကြောင်းအရာများဖြင့် စနစ်တကျ ဆွဲဆောင် သင်ပြပေးနိုင်ရန်အတွက်လည်း ကြိုးစားအားထုတ်သင့်ပေသည်။

ဤတွင် စာရေးဆရာ အောင်သင်း ပြောပြသော ဆရာကြီး ဖေမောင်တင်၏ စကားတစ်ခွန်းကို ဖောက်သည်ချလိုသည်။       

“မောင်အောင်သင်း …. မင်းကျောင်းဆရာဖြစ်လာရင် ဗမာစကားမှာ ‘ဆရာ့ထက်တပည့်လက်စောင်းထက်’ ဆိုတာ တောင်တော်ကောင်းတဲ့စကား။ မင်းကျောင်းဆရာ ဖြစ်လာပြီဆိုရင် မင်းတပည့်ကို မင်းထက်တော်အောင်သင်နော်။ သူ မင်းအရွယ်ရောက်လာလို့ရှိရင် မင်းထက်တော်စေရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ သင်။ အဲဒီလိုကြိုးစားလို့ တပည့်က ကိုယ့်ထက်တော်လာမှ အောင်မြင်ပေါက်မြောက်သော ဆရာလို့ခေါ်တယ်။ အဲဒီလို တပည့်က ဆရာထက်တော်၊ နောက်တပည့်က သူ့ဆရာထက်တော် ဆင့်ကဲဆင့်ကဲတော်သွားမှ Human Process လို့ခေါ်တဲ့ လူလောကကြီးတစ်ခုလုံးဟာ မြင့်သွားမှာပေါ့။ အဲလို မဟုတ်ဘဲနဲ့ ဒီတပည့်က နိမ့် ၊ နောက်တပည့်ကျရင် ညံ့၊ ဟိုတစ်ကောင်ကျရင် ပိုညံ့ဆိုရင် အဝီစိရောက်ဖို့ပဲ ရှိတော့တာပေါ့”

ဆရာကြီး ဖေမောင်တင်၏ အလွန်ပင် မှတ်သားထိုက်သော စကားပင်ဖြစ်သည်။ ဆင့်ကဲစဉ်းစားကြည့်လျှင် ဆရာ့ထက်တပည့် ပိုတော်နိုင်ဖို့အတွက် လူငယ်စိတ်ထက်သန်မှု လိုအပ်လာပေသည်။ ထိုသို့သာ လူငယ်စိတ်ထက်သန်မှု မရှိပါက ဆရာကြီး ဖေမောင်တင်ပြောသလိုပင် အဝီစိရောက်ရန်သာ ရှိပါတော့သည်။

ကမ္ဘာကြီး၏ အနာဂတ်သည် လူငယ်များ လက်ထဲတွင် ရှိသည်။ တိုင်းပြည်နိုင်ငံများ၏ အနာဂတ်သည် လူငယ်များ လက်ထဲတွင် ရှိသည်။ ယင်းကို လက်ခံရယူသော လူငယ်များသည် လူငယ်စိတ်သေဆုံးနေသော လူငယ်များ ဖြစ်နေမည်ဆိုလျှင် အနာဂတ်များ လှပနိုင်တော့မည် မဟုတ်ပေ။ လူငယ်တွေ လူငယ်ပီသနိုင်အောင်၊ လူငယ်စိတ်တွေ ကိန်းဝပ်ပြီး လူအိုစိတ်များ ပျောက်ကွယ်သွားအောင်အတွက် မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်ကာ ပြုပြင်ပြောင်းလဲရန် လိုအပ်သလို ပတ်ဝန်းကျင်ကလည်း တနည်းတဖုံ အထောက်အပံ့ပေးရန် လိုအပ်သည်။ လူငယ်တွေ လူငယ်စိတ်ဓာတ် များများမွေးပြီး သာယာလှပသော အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ကြပါစေ။

ညိုထွန်း

(၁၂ ၊ ၂ ၊ ၂၀၁၉)

(ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Development News JournaL , အမှတ် ၁၀၃ တွင်လည်း ဖတ်ရှုနိုင်သည်။