အိမ်မွေးတိရစ္ဆာန်တွေကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နိုင်သလား

တိရစ္ဆာန်တွေလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်လို့ ဒီကပ်ဘေးကြီး စတင်ချိန်တည်းက လူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ် လူတွေဆီကနေ တိရစ္ဆာန်တွေဆီ ကူးစက်မှုမျိုး များများစားစားတော့ မရှိပါဘူး။

By အမရာ 14 Jul 2021

ဓာတ်ပုံ - AFP

DMG | ဇူလိုင် ၁၄

တိရစ္ဆာန်တွေလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်လို့ ဒီကပ်ဘေးကြီး စတင်ချိန်တည်းက လူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ် လူတွေဆီကနေ တိရစ္ဆာန်တွေဆီ ကူးစက်မှုမျိုး များများစားစားတော့ မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကြွက်တို့ မြွေပါတို့ကနေ ဂေါ်ရီလာမျောက်ဝံကြီးတွေအထိ ကူးစက်နိုင်စွမ်း ကျယ်ပြန့်ပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တိရစ္ဆာန်အများစုဟာ ဒီဗိုင်းရပ်စ်ကြောင့် လူသားတွေလို အပြင်းအထန် ဖျားနာခြင်းမျိုး မရှိကြပါဘူး။ လက်ရှိအထိ မှတ်တမ်းတွေအရ ဆိုရင်လည်း ကူးစက်ခံထားရတဲ့ တိရစ္ဆာန်ကနေ လူသားတွေဆီ ပြန်ကူးစက်ခြင်းမျိုး မဖြစ်စလောက်သာ ရှိပါတယ်။

ဒီနေရာမှာ ပေါ်ထွက်လာတဲ့ မေးခွန်းအသစ်တစ်ခုက ကိုရိုနာဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေဆီမှာ သတိမပြုမိဘဲ ကူးစက်မျိုးပွားပြီး လူတွေဆီ ပြန်ကူးစက်နိုင်သလား ဆိုတာပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီမှာ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ပေါက်ဖွားပြီး လူတွေဆီ တစ်ဆင့်ပြန်ကူး၊ ဒီလိုနဲ့ပဲ ထိန်းမနိုင်သိမ်းမရနဲ့ သံသရာလည်နိုင်ခြေ ရှိသလား။

SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာ ကပ်ဘေးကာလတစ်လျှောက် လူတွေဆီမှာ မျိုးပွား အသွင်ပြောင်းပြီး ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ ဒီနည်းနဲ့ မျိုးစိတ်အသစ်တွေ အများအပြား ပေါ်ထွက်နေပါတယ်။

တိရစ္ဆာန်တွေဆီမှာလည်း ဒီလိုပဲ ကူးစက်အသွင်ပြောင်းနေတာကို ကျွန်မတို့ မသိဘဲ ရှိနေတာမျိုး ဖြစ်နိုင်သလား။

ကျွန်မတို့ မထမဆုံး ကြည့်ရမှာက တိရစ္ဆာန်တွေဆီမှာ ဘယ်လောက်များများ ကူးစက်နေပြီလဲ ဆိုတဲ့အချက်ပါ။ ဒါဆိုရင် လူမသိဘဲ ဗိုင်းရပ်စ်မျိုးပွားနေတာ ရှိမရှိ စိစစ်နိုင်ပါမယ်။ လက်ရှိအချိန်အထိတော့ တိရစ္ဆာန်တွေဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကမ္ဘာတစ်ဝန်းက နေရာအများအပြားမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတွေ ရှိနေပါတယ်။ ပညာရှင်တွေဟာ ဘယ်တိရစ္ဆာန်တွေက ကူးစက်မှုကို ခံနိုင်ရည် မရှိဘူးလဲ၊ တိရစ္ဆာန်အမျိုးအစား အုပ်စုတွေအကြားမှာ ဒီဗိုင်းရပ်စ်ကို ဘယ်လောက်ထိ တွေ့ရများသလဲ ဆိုတာမျိုးအထိ အသေးစိတ် လေ့လာနေကြပါတယ်။

ဒီကိစ္စကို အဖြေရှာဖို့အတွက် ပညာရှင်တွေဟာ အိမ်မွေးတိရစ္ဆာန်နဲ့ တောရိုင်းတိရစ္ဆာန် အုပ်စုနှစ်မျိုးလုံးက အများစုကို ဗိုင်းရပ်စ်ကူးစက်စေပြီး စမ်းသပ်ကြပါတယ်။

လေ့လာမှုအများစုမှာတော့ လူသားတွေနဲ့ အနီးစပ်ဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ကြောင်နဲ့ ကြွက်ကို အဓိက ဦးစားပေးထားကြတာပါ။ မကြာသေးမီကမှ ယူကေမှာ လေ့လာချက်တစ်ရပ် (တခြား ပညာရှင်တွေ အတည်မပြုရသေး) အရဆိုရင် ၂၀၂၀ နိုဝင်ဘာနဲ့ ၂၀၂၁ ဖေဖော်ဝါရီလအကြား ကြောင်နဲ့ကြွက် ၃၇၇ ကောင်ကို စမ်းသပ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ကိုယ်တွင်း ပဋိဇီဝ ခုခံအား ရှိတဲ့အကောင် ၆ ကောင်သာ တွေ့ရှိခဲ့ရပါတယ်။

ဒီအချက်ကို ကြည့်ရင် ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီမှာ အင်နဲ့အားနဲ့ ကူးစက်နေတာ မဟုတ်သလို ကူးစက်မှု ရှိလာရင်လည်း လူတွေ သတိမမူဘဲ နေမှာမဟုတ်ဘူး ဆိုတာကို တွေ့ရပါတယ်။

နယ်သာလန်မှာ ပြုလုပ်ထားတဲ့ လေ့လာချက်တစ်ရပ်မှာ ကျတော့ ခွေးနဲ့ကြောင် ၃၀၈ ကောင်ကို ဗိုင်းရပ်စ်ကူးစက်စေပြီး စမ်းသပ်ခဲ့ရာမှာ  ၅၆ ကောင်မှာ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်တွင်း ပဋိဇီဝ ခုခံအား ထွက်ရှိတာကို တွေ့ခဲ့ရပါတယ်။

ဒီအချက်တွေကို ကြည့်ရင် အိမ်မွေးတိရစ္ဆာန်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်တွင်း မျိုးစိတ်အသစ်တွေ ဖြစ်ပေါ်စေပြီး လူတွေဆီ ပြန်ကူးစက်စေတဲ့အထိ ဖြစ်စေနိုင်ခြေ မရှိဘူးလို့ ပြောလို့ ရတဲ့အနေအထားမှာ ရှိနေပါတယ်။

ဒါဆို တစ်ခြား တိရစ္ဆာန်တွေကရော။

အစိုးရိမ်ရဆုံးက မြွေပါဖြစ်ပါတယ်။ လူတွေဆီ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်နိုင်စွမ်း ရှိတဲ့ တိရစ္ဆာန်အဖြစ် မှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော အမျိုးအစားဖြစ်ပါတယ်။ မြွေပါတွေ လူသားဆီ ကိုရိုနာဗိုင်းရပ် ပြန့်ပွားနိုင်ကြောင်းကို ၂၀၂၀ မေလက နယ်သာလန်မှာ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မြွေပါနဲ့ ဆက်စပ်နေတဲ့ ကိုရိုနာမျိုးစိတ်အသစ်ကို ၂၀၂၀ နိုဝင်ဘာလမှာ ဒိန်းမတ်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီနယ်မြေတွေမှာ မြွေပါတွေကို မြန်မြန်ဆန်ဆန်ပဲ သုတ်သင်ပြီး ကူးစက်မြန်မျိုးစိတ်သစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဆိုပါကာလမှာ သုတ်သင်ခဲ့တဲ့ မြွေပါကောင်ရေပေါင်း ၁ သန်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်တွေကိုတော့ ဆက်လက်ပြီး အနီးကပ် စောင့်ကြည့်နေရဦးမှာပါ။

တိရစ္ဆာန်တွေ ကိုယ်တွင်းခုခံအားမရှိအောင် လုပ်ထားလို့ မရဘူးလား တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တွေ ပြောင်းလဲပေါက်ဖွားနိုင်သလား။

ပုံမှန်အားဖြင့်ကတော့ ပြင်းထန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကိုယ်တွင်းခုခံအားစနစ် အပြည့်အဝ မလည်ပတ်နိုင်တဲ့သူတွေ ကြုံရလေ့ရှိပါတယ်။ နဂိုတည်းက ကျန်းမာရေးမကောင်းတာ ဒါမှမဟုတ် ဆေးဝါးကုသမှု ခံယူနေရတာလို အချက်တွေကြောင့် ဒီလိုဖြစ်ရတာပါ။ ဒါကြောင့်ပဲ ကိုယ်တွင်းခုခံအားစနစ် အလုပ်မလုပ်တဲ့ လူနာတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာဖြစ်ပါတယ်။

တိရစ္ဆာန်တွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တွင်းခုခံအားစနစ် အလုပ်မလုပ်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူအချစ်ခံရဆုံး အိမ်မွေးတိရစ္ဆာန်တွေတောင်မှ ရောဂါဖြစ်လာရင် ဆေးရုံတက်ပြီး အနီးကပ် ကြပ်မတ်ကုသခံရတာမျိုး မရှိသလောက် ရှားပါတယ်။ ဒါကြောင့် သူတို့ကတစ်ဆင့် ထပ်မံပြန့်ပွားဖို့လည်း အခွင့်အလမ်း နည်းပါးပါတယ်။ သားရိုင်းတိရစ္ဆာန်လိုမျိုး တစ်ခြားမျိုးစိတ်တွေ အတွက်ကတော့ ကိုယ်တွင်းခုခံအားစနစ် အလုပ်မလုပ်တာဟာ သူတို့ရဲ့ ဘဝနေထိုင်မှုအတွက် အရေးကြီးတဲ့ အကျိုးယုတ်မှုတစ်ရပ် ဖြစ်ပါတယ်။

ကိုယ်တွင်းခုခံအားစနစ် အလုပ်မလုပ်တဲ့ တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ကိုယ်ထဲမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ ပေါက်ဖွားတဲ့အထိ အချိန်ကြာကြာ အသက်ရှင်ဖို့ သိပ်မလွယ်လှပါဘူး။ ဒါပေမဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာတော့ အသေးစား မျိုးစိတ်အသစ် ပေါက်ဖွားမှုတွေ တွေ့ထားတာ ရှိပါတယ်။ သဘောက တစ်ချို့သော ဆင့်ကဲဗီဇပြောင်း ဖြစ်စဉ်တွေဟာ အချိန်တိုအတွင်းမှာတောင် သီအိုရီအရတော့ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

ရေရှည်မှာတော့ ကျွန်မတို့အနေနဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်ပေါက်ဖွားမှု အခြေအနေအားလုံးကို စောင့်ကြည့်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပုံစံကို ဆက်လက် လေ့လာသွားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လူသားတွေနဲ့ နီးကပ်တဲ့ နေထိုင်မှုပုံစံ ရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ မွေးမြူရေးနဲ့ လယ်ယာသုံး တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗိုင်းရပ်စ်ရှိနေတဲ့ လူသားတွေဆီကနေ ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး သတ္တဝါတွေ ဖြစ်နေလို့ပါပဲ။

တိရစ္ဆာန်တွေဆီမှာ ပြင်းထန်တဲ့ ကိုရိုနာမျိုးစိတ်တွေ ကူးစက်ပြန့်ပွားနေတာ တွေ့ရရင် တင်းကြပ်တဲ့ စည်းကမ်းတွေ မြန်မြန်ဆန်ဆန် ချမှတ် ကိုင်တွယ်ရပါလိမ့်မယ်။

လတ်တလောမှာတော့  လူသားတွေနဲ့ နီးစပ်တဲ့ အိမ်မွေးနဲ့ လုပ်ငန်းသုံး တိရစ္ဆာန်တွေကို ဒီလို စည်းကမ်းချမှတ် ကိုင်တွယ်ဖို့အထိ မလိုအပ်သေးပါဘူး။ ဒါပေမဲ့ ရေရှည်အတွက်ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အမရာ
ရည်ညွှန်း - ‘Could dangerous Covid strains evolve in pets?’ by Sarah L Caddy, THE CONVERSATION