စင်္ကာပူတွင် မြန်မာအိမ်အကူတစ်ဦး အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်မှုဖြင့် တရားစွဲခံရ

မြန်မာအိမ်အကူသည် အဆိုပါခွေးကို လည်ကုပ်မှုဆွဲကိုင်ခြင်း၊ ကြမ်းပြင်ပေါ်တွင် ဖိကပ်ထားခြင်း၊ ခွေးဦးခေါင်းကို သူမ၏လက်ဖြင့် သုံးကြိမ်တိုင် ရိုက်ပုတ်ခြင်း၊ တုတ်ချောင်းပုံစံ လိပ်ထားသည့် စက္ကူလိပ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးတွင် ကြားနာမှုအရ သိရသည်။

By Admin 27 Aug 2024

ခွေးကို ရိုက်နှက်ခြင်းနှင့် နေလှန်းခြင်းများ ပြုလုပ်ထားသည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - CNA)
ခွေးကို ရိုက်နှက်ခြင်းနှင့် နေလှန်းခြင်းများ ပြုလုပ်ထားသည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - CNA)

စင်္ကာပူတွင် အိမ်မွေးခွေးတစ်ကောင်ကို အိမ်အကူတစ်ဦးက ရိုက်နှက်ခြင်း၊ ဝရန်တာတွင် ကြိုးဖြင့်ချည်ကာ နေလှန်းခြင်းများ ပြလုပ်သည်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပြီးနောက် အဆိုပါ အိမ်အကူကို တရားစွဲဆိုထားကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ဂျန်နီလာအောင်ပွီ (Junny Lal Awn Pui) ဆိုသူ အမျိုးသမီးအား တိရစ္ဆာန် ညှဉ်းပမ်းနှိပ်စက်မှုဖြင့် သြဂုတ်လ ၂၇ ရက်နေ့တွင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

တိရစ္ဆာန်နှင့် ကျေးငှက် ကာကွယ်ရေးဥပဒေအရ အမှုလေးမှုဖြင့် သူမကို စွဲချက်တင်ထားကြောင်း စီအန်အေသတင်းတွင် ဖော်ပြထားသည်။

ကောင်လေး (Babyboy) ဟု အမည်ပေးထားသည့် အဆိုပါခွေးအပေါ် ဇန်နဝါရီလ ၂၂ ရက်နေ့က ယခုကဲ့သို့ နှိပ်စက်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကာ နှိပ်စက်ခံရသည့် အိမ်မွေးခွေးသည်လည်း ထိုနေ့တွင်ပင် သေဆုံးသွားကြောင်း သတင်းအရ သိရသည်။

မြန်မာအိမ်အကူသည် အဆိုပါခွေးကို လည်ကုပ်မှုဆွဲကိုင်ခြင်း၊ ကြမ်းပြင်ပေါ်တွင် ဖိကပ်ထားခြင်း၊ ခွေးဦးခေါင်းကို သူမ၏လက်ဖြင့် သုံးကြိမ်တိုင် ရိုက်ပုတ်ခြင်း၊ တုတ်ချောင်းပုံစံ လိပ်ထားသည့် စက္ကူလိပ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးတွင် ကြားနာမှုအရ သိရသည်။

အဆိုပါခွေးကို ပတ်တီးစည်းရာတွင်လည်း ခွေးအပေါ် ခြေထောက်တင်ထားပြီး မလိုအပ်ဘဲ နာကြင်မှု ဖြစ်စေခဲ့သလို ခွေးသိုင်းကြိုးဖြင့် ဝရန်တာတွင် တွဲလောင်းချည်ကာ နေလှန်းခြင်းလည်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဗီဒီယိုမှတဆင့် အမှုကြားနာခဲ့သော မြန်မာအိမ်အကူက သူမအနေဖြင့် သုံးမှုအတွက် ဝန်ခံမည်ဖြစ်သော်လည်း ခွေးကို ကြိုးဖြင့် တွဲလောင်းချည်ကာ နေလှန်းသည့်အမှုအတွက် ဝန်ခံမည်မဟုတ်ကြောင်း လျှောက်လဲထားသည်။ အလုပ်ရှင်က စေခိုင်းသဖြင့်သာ ထိုကဲ့သို့ နေလှန်းခဲ့ရခြင်းဟု သူမက ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စီအန်အေက မေးမြန်းခဲ့ရာ၌ အိမ်ရှင်က အဆိုပါအိမ်အကူသည် သူမတို့မိသားစုထံတွင် ဝင်ရောက် လုပ်ကိုင်နေသည်မှာ သုံးလေးပတ်ခန့် ရှိပြီဟု ဖြေကြားထားသည်။ အဆိုပါခွေးကို မွေးမြူထားသည်မှာ ကိုးနှစ်ခန့်ရှိပြီဖြစ်သလို စီစီတီဗီ ကင်မရာများလည်း အိမ်တွင် ခွေးကို စောင့်ကြည့်ရန်အတွက် တပ်ဆင်ထားခြင်း ဖြစ်သည်ဟု ဖြေကြားထားသည်။

ဂျန်နီလာအောင်ပွီ၏ အမှုကို စက်တင်ဘာလ ၅ ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၈ လ သို့မဟုတ်၊ ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်သောင်းခွဲ၊ သို့မဟုတ်ပါကလည်း ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုးလုံး ပေါင်းကာ ကျခံရဖွယ်ရှိကြောင်း စီအန်အေသတင်းတွင် ဖော်ပြချက်အရ သိရသည်။