- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
စင်္ကာပူတွင် အသက် ၇၀ အရွယ်အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် မြန်မာအိမ်အကူအား ထောင်ဒဏ်တစ်သက် ချမှတ်
စင်္ကာပူနိုင်ငံတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူတစ်ဦးကို တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။
05 Jul 2023
စင်္ကာပူနိုင်ငံတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူတစ်ဦးကို တရားရုံးက ဇူလိုင်လ ၄ ရက်နေ့၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ မဇင်မာနွယ်သည် စင်္ကာပူနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရောက်ရှိခဲ့သည်။
၂၀၁၈ ခုနှစ် မေလတွင် သူမ အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အိမ်ရှင်၏ ယောက္ခမသည် အိန္ဒိယမှ စင်္ကာပူသို့ တစ်လကြာ အလည်အပတ် ရောက်ရှိခဲ့သည်။ ထိုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နေအိမ်၌ သူမနှင့် အဆိုပါအမျိုးသမီးတို့ နှစ်ဦးတည်းရှိချိန်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမျိုးသမီး တီဗီကြည့်နေစဉ် ဇင်မာနွယ်က ဓားဖြင့် ၂၆ ချက်အထိ ထိုးသတ်ခဲ့ကြောင်း တရားရုံးမှတ်တမ်းက ဖော်ပြသည်။
လူသတ်မှုကျူးလွန်ပြီးနောက် သူမသည် ငွေသားအချို့ကို ယူဆောင်ကာ သူမ၏ အလုပ်အေဂျင်စီသို့ သွားရောက်ပြီး ပတ်စပို့ကို ပြန်တောင်းခဲ့သည်။ အေဂျင်စီက သူမ၏ အလုပ်ရှင်ထံသို့ ဖုန်းဆက်နေစဉ် ပြန်ထွက်သွားခဲ့ကာ အပြင်တွင် ငါးနာရီခန့် လျှောက်သွားနေခဲ့ပြီး ပြန်ရောက်လာချိန်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရချိန်၌ သူမကျူးလွန်ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သလို အမျိုးသားနှစ်ဦး ကျူးလွန်သွားသည် ဟုလည်း ပြောဆိုခဲ့ပြီးနောက်မှ သူမကိုယ်တိုင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
အသတ်ခံရသူသည် သူမအား နှိပ်စက်မှုများ ရှိခဲ့ကြောင်း ဇင်မာနွယ်က ထွက်ဆိုခဲ့ပြီး အဆိုပါထွက်ဆိုချက်မျာအား တရားရုံးက လက်ခံခဲ့သည်။
စင်္ကာပူသို့ ရောက်ရှိချိန်၌ သူမ၏ အသက်သည် ၂၃ နှစ်ဟု ပတ်စပို့တွင် ဖော်ပြထားသော်လည်း တကယ်တမ်းတွင် ၁၇ နှစ်သာရှိသေးကြောင်း ဆေးရုံ၏ နောက်ပိုင်း စစ်ဆေးချက်များတွင် ပေါ်ပေါက်ခဲ့သည်။ သူမ၏ အေးဂျင့်က ၂၃ နှစ်အဖြစ် လိမ်လည်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ပေါ်ပေါက်ခဲ့သည်။
လက်ရှိအချိန်၌ အသက် ၂၂ နှစ်ရှိပြီဖြစ်သော ဇင်မာနွယ်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြစ်မှု ကျူးလွန်ချိန်၌ ၁၈ နှစ်မပြည့်သေးပေ။
စင်္ကာပူတွင် ရာဇဝတ်မှုစီရင်ရေးဥပဒေအရ ပြစ်မှုကျူးလွန်ချိန်၌ တရားခံသည် အသက် ၁၈ နှစ် မပြည့်သေးလျှင် သေဒဏ်ပေး၍ မရသဖြင့် သူမကို တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။