ဘေး သုံးဒဏ်ကြားက ရခိုင်ပြည်သူတွေရဲ့ဘဝ

၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ စက်လှေသမား အယောက် ၄၀ ကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာမှာ လေးဦးမှာကိုဗစ်ပိုး စတွေ့ခဲ့ပါတယ်။ အဲဒီနောက် နယ်စပ်ကုန်သွယ်ရေး တည်ရှိတဲ့ မောင်တောမြို့မှာလည်း ပိုးတွေ့လူနာတွေ ဆက်တိုက်တွေ့ရှိလာပြီးတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဆီမှာပါ ရောဂါကူးစက်လာခဲ့ပါတယ်။

By သူရိန် 19 Aug 2021

DMG ၊ ဩဂုတ် ၁၉

(ဆောင်းပါး)

ကပ်ရောဂါဆိုး

၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့ဟာ ရခိုင်ပြည်ကို ကမ္ဘာ့ကပ်ရောဂါဆိုးဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါ စတင်ဝင်ရောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့က နေရပ်ကိုပြန်လာသူ တစ်ဦးဆီမှာ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံထားရတာကို စတင်တွေ့ရှိခဲ့ပါတယ်။

အဲဒီလိုတွေ့ရှိခဲ့ပြီးတဲ့နောက် တခြားမြို့နယ်တွေမှာလည်း ကိုဗစ်ပိုးတွေရှိလာပြီးတဲ့ နောက်မှာတော့ ရခိုင်ပြည်ဟာ ကိုဗစ်ပထမလှိုင်းဒဏ်ကို စတင်ခံစားလာခဲ့ရပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ကိုဗစ်ပထမလှိုင်းကို ရင်ဆိုင်နေရပြီး ဖြစ်သလို ရခိုင်ပြည်နဲ့နီးကပ်စွာရှိနေတဲ့ တစ်ဖက်ဘင်္ဂလားဒေ့ရှ်မှာလည်း ကိုဗစ်ကပ်ရောဂါဒဏ်ကိုအလူးအလဲခံစား နေကြရတဲ့အချိန်ဖြစ်ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်အတွင်းက ပြည်သူတွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ စိုးရိမ်ပူပင်စိတ်မရှိသေးဘဲ ပုံမှန်အတိုင်းပဲ နေထိုင်ခဲ့ကြတာကိုတွေ့မြင်ခဲ့ရပါတယ်။
ရခိုင်ပြည်အတွက် ကံကောင်းတယ်လို့ပြောရမှာလား။ ပြည်သူတွေက ကိုဗစ်ကိုဂရုမစိုက်တဲ့ စိတ်နဲ့ တိုက်ထုတ်ခဲ့တာကြောင့်လို့ ပြောရမှာလား။ ကိုဗစ်ပထမလှိုင်းအတွင်း သေဆုံးသူတစ်ဦးမှမရှိခဲ့ဘဲ ပိုးတွေ့လူနာဟာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် အချိန် ၂ လလောက် အကြာမှာတော့ ရခိုင်ပြည်အတွင်းကို ကိုဗစ်က တကျော့ပြန်အနေနဲ့ ထပ်ပြီးဝင်လာပါတော့တယ်။
စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးရဲ့ ၂၀၂၀ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ပါလာခဲ့ပါတယ်။

ဘဏ်ဝန်ထမ်းအမျိုးသမီးနဲ့ ဆက်စပ်တဲ့သူတွေကိုလည်း ဆက်လက်စစ်ဆေးခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာ အဲဒီအမျိုးသမီးနဲ့ဆက်စပ်သူ သုံးဦးမှာ ကိုဗစ်ပိုးတွေ့ရှိလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ရခိုင်ပြည်အတွင်းမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းဆိုတဲ့ အချိန်ကာလဆိုးတစ်ခုကို စတင်ကြုံတွေ့လာခဲ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာတွေတိုးလာသလို သေဆုံးမှုတွေလည်းရှိခဲ့ပေမယ့် ပြည်သူတွေဟာ ကိုဗစ်စည်းကမ်းကိုလိုက်နာမှုအားနည်းခဲ့ပြီး စိုးရိမ်မှုမရှိဘဲ အများစုက ပေါ့ပေါ့ဆဆနဲ့ဘဲ နေထိုင်ခဲ့ကြတာကို တွေ့မြင့်ခဲ့ရပါတယ်။

ရခိုင်မှာ ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းအတွင်း သေဆုံးသူ ၃၇ ဦးနဲ့ ရောဂါကူးစက်ခံရသူ ၄၂၀၀ ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။
ရခိုင်ပြည်မှာ ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းဟာ အချိန်ကာလအားဖြင့် တိုတောင်းခဲ့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ အကျိုးဆက်ဖြစ်တဲ့ စီးပွားရေး၊ စားဝတ်နေရေးကို နလန်ထူဖို့ပြင်ဆင်နေချိန်မှာဘဲ ကမ္ဘာမှာ ကိုဗစ်တတိယလှိုင်းဟာ စတင်ဖြစ်ပွားလာနေခဲ့ပြီးဖြစ်ပါတယ်။ သိပ်မကြာခင်မှာဘဲ ပိုမိုဆိုးရွားတဲ့ ကိုဗစ်မျိုးရိုးဗီဇပြောင်းကပ်ရောဂါဟာ တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပါတော့တယ်။

ဒါပေမယ့် ရခိုင်ပြည်ကပြည်သူတွေကတော့ ရခိုင်ပြည်ကို ရောက်မလာနိုင်ဘူး၊ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလို ပျောက်ကွယ်သွားမှာပါဆိုတဲ့ ယုံကြည်ချက်တွေနဲ့ အရင်ကိုဗစ်ကာလအတွင်းကလို ပုံမှန်ပဲ နေထိုင်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ မျိုးရိုးဗီဇပြောင်းကိုဗစ်တတိယလှိုင်းဟာ ရခိုင်ပြည်နဲ့ အနီးစပ်ဆုံးကုန်သွယ်မှုရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပိုးတွေ့လူနာတွေနဲ့ ကပ်ရောဂါကိုအသည်းအသန်ရင်ဆိုင်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကိုရပ်နားခဲ့တာမရှိခဲ့ဘဲ ကုန်သွယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်စေခဲ့တာကိုတွေ့ရပါတယ်။ အချိန်ကာလအနေနဲ့ သိပ်မကြာလိုက်ပါဘူး။ ရခိုင်ပြည်အတွက် ကပ်ဆိုးဖြစ်နေတဲ့ ကိုဗစ်ရောဂါတတိယလှိုင်းဟာ အစပျိုးလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ စက်လှေသမား အယောက် ၄၀ ကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာမှာ လေးဦးမှာကိုဗစ်ပိုး စတွေ့ခဲ့ပါတယ်။ အဲဒီနောက် နယ်စပ်ကုန်သွယ်ရေး တည်ရှိတဲ့ မောင်တောမြို့မှာလည်း ပိုးတွေ့လူနာတွေ ဆက်တိုက်တွေ့ရှိလာပြီးတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဆီမှာပါ ရောဂါကူးစက်လာခဲ့ပါတယ်။
မောင်တောမြို့မှာ ပိုးတွေ့လူနာအများကြီးရှိလာခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့အထိ ခရိုင်ကျန်းမာရေး ဌာနရဲ့ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၃၁၁ ဦးနဲ့သေဆုံးသူ ၅ ဦးအထိရှိလာခဲ့ပါတယ်။

အခုလို တတိယလှိုင်းရောဂါကူးစက်မှုမြင့်တက်လာနေတဲ့အတွက် စစ်ကောင်စီက မောင်တောနယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဒုတိယကိုဗစ်လှိုင်းမှာ ရပ်ထားထားခဲ့သလို ယာယီရပ်နားလိုက်ရပါတယ်။
တတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ကိုဗစ်ရောဂါအန္တရာယ်အတွက် နယ်စပ်ကုန်သွယ်ရေးကို ရပ်နားခဲ့ရတာကြောင့် အဲဒီကုန်သွယ်ရေးကိုအမှီပြုဘဝရပ်တည်နေကြတဲ့ အလုပ်သမား ၉၀၀ လောက်ဟာ စားဝတ်နေရေးအခက်အခဲကို လက်ရှိအချိန်အထိ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ ကိုဗစ်တတိယလှိုင်းရောဂါကူးစက်မှုဟာ ပြည်သူတွေမယုံကြည်လောက်အောင် ကူးစက်နှုန်းမြင့်တက်လာခဲ့ပြီး အခုဆိုရင် ရခိုင်က မြို့နယ်အားလုံအထိ ရောဂါပိုးကူးစက်ပျံ့နေပြီဖြစ်သလို ပြည်သူတွေရဲ့ အသက်တွေဟာ နေ့စဉ်ဆိုသလို ဆုံးရှုံးနေကြရပြီလည်း ဖြစ်ပါတယ်။

ကပ်ဘေးကြုံလာတာနဲ့အမျှ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုအပါအဝင် စီးပွားရေးရဲ့ ဘက်ပေါင်းစုံဟာ ကျဆင်းလာခဲ့ရပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးကိုပါ ရိုက်ခတ်လာခဲ့ပါတယ်။
ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးလာတာနဲ့တစ်ပြိုင်နက် ပြည်တွင်းမှာ ကုန်ပစ္စည်းတွေဈေးနှုန်းဟာ ပုံမှန်ဈေးထက် မြင့်တက်လာနေရပါတယ်။

ကပ်ဘေးကြောင့် အခြေခံလူ့သုံးကုန်ဈေးနှုန်းမြင့်တက်လာတဲ့ အကျိုးဆက်ဟာ အဓိက လက်လုပ်လက်စား သမားတွေ၊ ကုန်တင်ကုန်ချသမားတွေစတဲ့ အခြေခံပြည်သူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်တိုက်ပွဲဝင်နေကြရပါတယ်။

ပြည်နယ်ကျန်းမာရေးဌာနရဲ့ သြဂုတ်လ ၁၀ ရက်နေ့အထိစာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်တတိယလှိုင်း အတွင်း ရောဂါပိုးကူးစက်ခံရသူ ၃၃၀၀ ကျော်နဲ့သေဆုံးသူ ၃၀၀ အထိရှိလာနေပြီလို့ သိရပါတယ်။ သေဆုံးတဲ့ လူဦးရေ အယောက် ၃၀၀ ကျော်ဆိုတဲ့ ပမာဏကို မှန်းဆကြည့်မယ်ဆိုရင် အလွန်တရာကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုဘဲဖြစ်ပါတယ်။
ပထမလှိုင်းနဲ့ဒုတိယလှိုင်းအတွင်းကထက် သေဆုံးနှုန်း ၇ ဆလောက်မြင့်လာနေပြီး ဒီနေ့အထိ ရောဂါကူးစက်နှုန်းက လျော့ကျသွားမဲ့ အခြေအနေကို မမြင်ရသေးပါဘူး။

ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် ရောဂါဆက်လက်မပြန့်ပွားဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ကလည်း ရခိုင်ပြည်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ Stay at Home ပထမအကြိမ် နှစ်ပတ်တာသတ်မှတ်ခဲ့ပါတယ်။
Stay at Home နှစ်ပတ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ရောဂါပိုးကူးစက်နှုန်း၊ သေဆုံးမှုတွေ ဆက်လက်ရှိနေတာကြောင့် သြဂုတ် ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကို Stay at home ကာလအဖြစ် ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

ULAက ပထမနှစ်ပတ်ထုတ်ပြန်ချက်ထုတ်တဲ့အချိန်မှာ ၇၀ ရာခိုင်နှုန်းလောက် ပြည်သူတွေဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ကြပြီး ရခိုင်ပြည်က မြို့နယ်တိုင်းလိုလို လမ်းသွားလမ်းတွေမရှိသလောက်အခြေအနေကို မြင်တွေ့ခဲ့ရပါတယ်။ မဖြစ်မနေအပြန်သွားလာသူတွေတိုင်းမှာ Mask တပ်တာတွေ၊ လက်သန့်ဆေးရည်တွေကိုလည်း ဆောင်ပြီးသွားတာတွေကို တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမယ့် ဒုတိယအကြိမ်ထုတ်ပြန်တဲ့ Stay at Home ကာလမှာတော့ ကိုဗစ်ကပ်ရောဂါစည်းကမ်းလိုက်နာမှုမရှိဘဲ ပုံမှန်အတိုင်းသွားလာနေကြတာကို တွေ့မြင်နေရပြီး တချို့ဆိုရင် Mask တောင်မတပ်ဘဲ သွားလာနေကြတာ ကိုလည်း တွေ့မြင်နေရပါတယ်။

ကိုဗစ်တတိယလှိုင်းဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့မတူဘဲ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတစ်နေ့တခြားမြင့်တက်နေ တာကြောင့် ပြည်သူတွေ အရင်ကထက်ပိုဂရုစိုက်ဖို့လိုတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

ကိုဗစ်ကြောင့် သေဆုံးနှုန်းမြင့်တက်နေပေမယ့် ပြည်သူတွေ စည်းကမ်းလိုက်နာဖို့ ပေါ့လျော့နေပြီး ဒီလိုပေါ့လျော့ မှုတွေ ဆက်ရှိနေမယ်ဆိုရင် ရောဂါအခြေအနေပိုဆိုးလာနိုင်တယ်လို့ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ထောက်ပြပြောဆိုထားပါတယ်။

“စည်းကမ်းတွေလိုက်နာဖို့ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်မှုဆိုင်တာကို ပိုပြီးတော့ဂရုစိုက်ဖို့ဆိုပြီးတော့ သတိပေးတိုက်တွန်းနေတာတွေရှိနေပေမယ့်လည်း အဲဒါကိုလိုက်နာဆောင်ရွက်မှုကို အခုအချိန်ထိအား နည်းနေတာကိုတွေ့ရတယ်။ အဲလိုအားနည်းနေတဲ့အနေအထားမှာလည်း ကူးစက်မှုက ပိုပြီးမြန်မြန်ဆန်ဆန် ကူးစက်ခံနေရတဲ့အနေအထားတွေရှိတယ်” ဟု ၎င်းကပြောသည်။
ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန် ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုပြီး အပြင်ထွက်ရင်လည်း တစ်အိမ်ကတစ်ဦး ကျစီသွား လာဖို့လိုသလို မိမိကစကာကွယ်မှ ဒီရောဂါဟာ လျော့ကျသွားလာမှာဖြစ်ပါတယ်။

တကယ်လို့ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကိုမလိုက်နာဘဲ လူစုလူဝေးတွေဆက်လက်ဖြစ်ပွားနေမယ် ဆိုရင် ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်ဖို့မဖြစ်နိုင်ဘဲ အနာဂတ်မှာကိုဗစ်ဆိုးကျိုးဟာ မတွေးရဲစရာအထိ ဖြစ်သွားနိုင်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကပ်ရောဂါဆိုးကြီးပပျောက်သွားဖို့အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေပူးပေါင်းပြီး ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှသာ ဒီရောဂါဆိုးကြီးဟာ အချိန်ကာလတိုတခုအတွင်းမှာ ပျောက်ကွယ်သွားနိုင်မယ်ဆိုတာ အသေအချာပဲဘဲ။
ရေဘေးဒဏ်

ရခိုင်ပြည်အတွင်းက ပြည်သူတွေဟာ ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် စီးပွားရေးနဲ့ စားဝတ်နေရေးဒဏ်ကို အလူးအလဲခံစားနေရချိန်မှာဘဲ နောက်ထပ်ဘေးဒဏ်ဆိုးတစ်ခုက ထပ်ပြီးကျရောက်လာခဲ့ပါတော့တယ်။ မိုးဦးကာလအစ ရခိုင်ပြည်မှာ မိုးရွာသွန်းမှုနည်းခဲ့ပေမယ့် မိုးလယ်ကာလမှာတော့ မိုးရွာသွန်းမှုများလာခဲ့ပြီး အဲဒီ မိုးရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျံမှုဟာ နောက်ကကပ်ပြီး လိုက်ပါလာခဲ့ပါတယ်။
အခုနှစ် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုနဲ့အတူ ဒီရေတိုးလာတဲ့အတွက် ရခိုင်ပြည်နယ်က သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ ရေဘေးဒဏ်ကြုံလာခဲ့ရတာလဲဖြစ်ပါတယ်။
မိုးလယ်ကာလမှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့တဲ့ သံတွဲမြို့နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး အိမ်ထောင်စု ၇၅၀ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော ်ရေဘေးသင့်ခဲ့ရပြီး နေအိမ် ၄၀ ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ရေနစ်မြုပ်နေစဉ်ကာလမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေမရောက်တာကြောင့် သံတွဲမြို့ကပြည်သူတွေဟာ ရပ်ကွက်/ကျေးရွာအလိုက် တစ်ဦးကိုတစ်ဦးကူညီဆောင်ရွက် ပေးခဲ့ရတယ်လို့ သိရပါတယ်။
ရေဘေးကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေအတွက်ဆိုပြီးတော့ ပြည်နယ်ကောင်စီက တစ်အိမ်ထောင်ကို ငွေကျပ်ငါးသိန်း၊ လူကယ်ပြန်က တစ်သိန်းနဲ့ ဆန်ရိက္ခာတစ်ပတ်စာထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထောက်ပံ့ပေးမှုတွေနဲ့ကော ကပ်ဘေးဒဏ်၊ ရေဘေးဒဏ်ကို ဆက်တိုက်ကြုံခဲ့ရတဲ့ ဒေသခံတွေအတွက် ပြည့်စုံပြီလား။ သူတို့ရဲ့ ရှေ့ရေးရပ်တည်မှုတွေကရော ဘယ်လိုရှေ့ဆက်သွားဆိုတာ တွေးစရာပါပဲ။

ဒါ့အပြင် မောင်တောမြို့မှာလည်း ရွာချင်းဆက်ထားတဲ့ တမန်းသားတံတား၊ လက်ယာချောင်းတံတား ၊ ဘောက်ရွာတံတားအပါအဝင် တံတား ၄ စင်း ရေစီးနဲ့ မျောပါသွားတာကြောင့် ကျေးရွာ ၁၀ ကျော် သွားရေးလာရေး အခက်အခဲဖြစ်ပြီး စားရေးသောက်ရေးအခက်အခဲတွေ့နေရပါတယ်။ ရွာချင်းဆက်တံတားပျက်စီးသွားခဲ့တယ် ဆိုတော့ ဒေသခံတွေဟာ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူဖို့အခြေအနေမှာဆိုရင် အခက်အခဲဖြစ်နေကြရ တယ်လို့သိရပါတယ်။

အဲဒီရေကြီးမှုကြောင့် ရခိုင်ပြည်အတွင်းမှာ လယ်ဧက ၁၂၈၀၀ ပျက်စီးသွားတယ်လို့ ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂရဲ့စာရင်းအရသိရပြီး ပြည်နယ်ကောင်စီဖက်ကတော့ ရေကြီးမှုကြောင့် လယ်ဧက ၆၀၀ လောက်သာပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်းအဖြေအရ အငြင်းအခုန်ဖြစ်စရာရှိပေမယ့် တစ်သောင်း ကျော်ဘဲ ပျက်ပလေ့စေ၊ ခြောက်ရာဘဲ ပျက်ပလေ့စေ နှစ်စဉ်လယ်ယာမြေလုပ်ကိုင်နေတဲ့ တောင်သူလယ်သမား တွေရဲ့ ဘဝတွေကို ဘယ်လိုရှေ့ဆက်ကူညီရမလဲဆိုတာကိုလည်း တွေးရမယ်လို့မြင်ပါတယ်။

လက်ရှိမှာ တောင်သူလယ်သမားတွေအတွက် ပျက်စီးသွားတဲ့လယ်ဧကတွေမှာ စပါးပြန်လည်စိုက်ပျိုးဖို့ ပျိုးပင်တွေ ရှားပါးနေသလို ပြန်ပြီးလယ်ယာထွန်ယက်စိုက်ပျိုးဖို့အတွက်လည်း အချိန်ကာလတစ်ခုအနေနဲ့ မဖြစ်နိုင်တာကြောင့် လယ်သမားတွေမှာ အခက်အခဲဖြစ်နေရတယ်လို့သိရပါတယ်။ လယ်ယာလုပ်ငန်းကိုအဓိကအားထားနေရတဲ့ တောင်သူတွေအတွက် လာမယ့်နှစ်စပါးပေါ်ချိန်မှာ စပါးမရိတ်သိမ်းရဘူးဆိုရင် သူတို့ရဲ့နောက်ကွယ်က မိသားစု စားဝတ်နေရေးပြဿနာဟာ ဘယ်လိုရှေ့ဆက်သွားမှာပါလဲ။

စစ်ဘေးဒဏ်

ရခိုင်ပြည်အတွင်းက ဒေသခံပြည်သူတွေဟာ ကပ်ဘေး၊ ရေဘေးတစ်ခုတည်းမဟုတ်ဘဲ အကြီးမားဆုံး ဘေးဒုက္ခ တစ်ခုကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါသေးတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခကြောင့် ဘယ် လောက်ထိပြင်းထန်ခဲ့တယ်ဆိုတာကို နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တစ်သိန်းကျော်က သက်သေပြနေ ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကိုအခြေခံပြီး နိုဝင်ဘာလမှာ နှစ်ဖက်လက်နက်ကိုင်ကြား နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရပ်တန့်နေတာဟာ အခုဆိုရင် ၈ လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
တိုက်ပွဲတွေရပ်တန့်နေပေမယ့် စစ်ဘေးရှောင်တွေမှာတော့ နေရပ်ပြန်နိုင်ဖို့အတွက် အခက်အခဲကိုယ်စီရှိနေဆဲ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်တာကြာလာတာနဲ့အမျှ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးပြဿနာဟာ အခက်အခက်များစွာကို အရင်ကထက်ပိုပြီး ရင်ဆိုင်နေလာကြရပါတယ်။ ကိုဗစ်ရဲ့ရိုက်ခတ်မှုကြောင့် ဒုက္ခသည်တွေအတွက် စားဝတ်နေရေးပြဿာနာဟာ ဘယ်လောက်အထိ ခက်ခဲဦးမှာပါလဲ။

စစ်ဘေးရှောင်တွေကို လစဉ်ပုံမှန်ထောက်ပံ့နေတဲ့ ဘေးစီမံနဲ့ WFP စတဲ့ အဖွဲ့တွေဆီက ထောက်ပံ့မှုမရရှိတာဟာ အခုဆိုရင် နှစ်လကျော်ကြာခဲ့ပြီလို့ ဒုက္ခသည်တွေကပြောဆိုကြပါတယ်။
အလှူရှင်တွေကို အားကိုးနေကြရတဲ့ ဒုက္ခသည်တွေဟာ အလုပ်အကိုင်လည်းမရှိသလို လက်ရှိကိုဗစ်ကာလ ဖြစ်တာကြောင့် ရတဲ့အလုပ်ကိုလည်း လုပ်ကိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒုက္ခသည်တွေအနေနဲ့ အကူအညီထောက်ပံ့မှုတွေမရဘူးဆိုရင် စားရေးသောက်ရေးပြဿနာကို ပိုပြီးကြီးမား လာမယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောကြားထား ပါတယ်။

"ကျွန်တော်တို့စခန်းမှာတော့ စားရေးသောက်ရေးက အခုချိန်မှာတော်တော်လည်း အခက်အခဲဖြစ်နေတယ်။ ဘာ ကြောင့်လဲဆိုတော့ အထောက်ပံ့တွေမရဘူး။ WFP ကဒီမှာ လစဉ်ထောက်ပံ့တာတွေမရတာ နှစ်လလောက်ရှိပြီ။ ဘေး စီမံကထောက်ပံ့တာက ပုံမှန်မဟုတ်ဘူး။ ပုံမှန်မဟုတ်တော့ စခန်းမှာရိက္ခာပြတ်လပ်နေကြပြီ။ ရိက္ခာကတော့ အကုန်လုံးမှာမရှိကြ တော့ဘူး။ ဘယ်လိုစားသောက်နေကြလဲဆိုတော့ ရွာထဲကလူတွေဆီကချေးငှားပြီးတော့ စားနေကြတယ်။ ရွာထဲက လက်လီလက္ကားအရောင်းဆိုင်တွေက ဆန်ရလို့ရှိရင် ပြန်ဆပ်မယ်ဆိုပြီးတော့ ချေးငှား စားသောက်နေရတဲ့ အနေအထားဖြစ်နေတယ်" ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

စားနပ်ရိက္ခာပြတ်လပ်ခဲ့တာကြောင့် မြေပုံမြို့နယ် ကမ်းထောင့်ကြီးစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၈၀၀ ကျော်ဟာ ဆန်ပြုတ်သောက်ခဲ့ကြရတယ်လို့ သိရပါတယ်။ အဲရက်တွေနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ ဝမ်းရေးအတွက် အခဲအခက်ဖြစ်နေတယ်ဆိုတာ သင်္ကေတတစ်ခုကို ထုတ်ဖော်ပြသခဲ့ကြတာကိုလဲ တွေ့ခဲ့ရပါတယ်။
လက်ရှိအခြေအနေအရ ဘဏ်တွေကငွေထုတ်ရာမှာ အချိန်ကြန့်ကြာမှုတွေရှိနေတာတဲ့အတွက် စစ်ဘေးရှောင်တွေကို ရိက္ခာပုံမှန်မထောက်ပံ့နိုင်ပေမယ့် စခန်းအတွင်း ရိက္ခာမပြတ်အောင်စီစဉ်ထားတယ်လို့ ပြည်နယ်ကောင်စီကပြော ဆိုထားပါတယ်။

စစ်ဘေးရှောင်တွေကို အစိုးရကထောက်ပံ့မှုနည်းလာသလို အခြားအဖွဲ့အစည်းအလှူရှင်တွေရဲ့ ကူညီမှု နည်းပါးလာနေတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အပြင်ထွက်ပြီး ဝင်ငွေရှာဖို့အခက်အခဲဖြစ်တဲ့အတွက် ဒုက္ခသည်တွေအတွက် တစ်ပူပေါ်တစ်ပူဆင့်ဖြစ်နေကြရပါတယ်။

ပြည်တွင်းမှာ အောက်စီဂျင်မလုံလောက်မှုတွေကြောင့် ကပ်ရောဂါခံစားနေရတဲ့ လူနာတွေအတွက် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကို အလှူရှင်တွေအနေနဲ့လည်း အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် နေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါဟာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားတက်စရာတစ်ခုလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရက်ပေါင်းကြာရှည်စွာ ဒုက္ခတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ဘေးရှောင်တွေအဖို့ကလဲ နိုင်ငံရေးပဋိက္ခနဲ့ ကပ်ရောဂါကြားမှာ ကူရာမဲ့ဖြစ်သွားဖို့အရေးဟာ ရင်လေးစရာပါဘဲ။
ခိုကိုးရာမဲ့ စစ်ဘေးရှောင်တွေရဲ့ပြဿနာတွေကို ကူညီထောက်ပံ့ပေးဖို့ဆိုရင် အစိုးရအနေနဲ့ကော ကူညီထောက်ပံ့ပေး နေတဲ့ နိုင်ငံတကာအဖွဲ့စည်းတွေရော အစီစဉ်တစ်ခုအနေနဲ့ ချမှတ်သင့်ပါတယ်။

တကယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့အရေးကို လျစ်လျူရှုထားမယ်ဆိုရင် သူတို့ဘဝရဲ့ စားဝတ်နေရေးကိစ္စဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမှာအမှန်ပါဘဲ။
ဘေးဒဏ်သုံးခုကို တစ်ပြိုင်နက်တည်းမဟုတ်ရင်တောင် အချိန်ကာလတစ်ခုကြာ ရင်ဆိုင်ဖြတ်သန်းလာခဲ့ရတဲ့ ရခိုင်ပြည်က ပြည်သူအဖို့ ကပ်ရောဂါကူးစက်ပြန့်ပွားမှုဒဏ်ကို ခံခဲ့ကြရတဲ့အပြင် ရေဘေးဒဏ်၊ စစ်ဘေးဒဏ်ကိုပါ ခံလာနေရတဲ့အတွက် ရခိုင်ပြည်သူတချို့ရဲ့အနာဂတ်ဟာ ဆက်ပြီး ခိုကိုးရာမဲ့ဘဝကို ဖြတ်သန်းနေကြရအုံးမှာလား ဆိုတာကတော့…။

သူရိန်_ရေးသားသည်