အာဏာရူး မင်းအောင်လှိုင်၊ တရုတ် အာဂျင်တာနဲ့ အနာဂတ် မြန်မာ

တရုတ်ဟာ မြန်မာနိုင်ငံကို တရုတ်ရဲ့ ဂလိုဘယ်ပါဝါအောက်က နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖေါ်ထားချင်တာပါ။ အရှင်းဆုံးပြောရရင် မြန်မာနိုင်ငံကို အနောက်ယိမ်းဝါဒ (သို့မဟုတ်) အနောက်နိုင်ငံတွေရဲ့ အယူအဆနဲ့ တည်ဆောက်မှာကို တရုတ်က လက်မခံပါဘူး။

By Admin 08 Aug 2024

အာဏာရူး မင်းအောင်လှိုင်၊ တရုတ် အာဂျင်တာနဲ့ အနာဂတ် မြန်မာ

မောင်ခိုင်ထွန်း(ပြည်သစ်) ရေးသည်။ 

မြန်မာနိုင်ငံရေးအကြောင်းကို ပြောတော့မယ်ဆိုရင် တရုတ်ရဲ့အခန်းကဏ္ဍကို ထားခဲ့လို့တော့ မရပါဘူး။ ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံတစ်ဝှမ်းလုံးသို့ ပြန့်နှံ့ကူးစက်သွားခဲ့ပါတယ်။

အာဏာသိမ်းသက်တမ်း သုံးနှစ်ကျော်ကာလရောက်လာတဲ့အထိ စစ်ကောင်စီဟာ နိုင်ငံကို တည်ငြိမ်အောင် မလုပ်နိုင်သေးတဲ့အပြင် နိုင်ငံ့စီပွားရေးဟာလည်း လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။ ငွေကြေး အဆမတန်ဖောင်းပွမှုနဲ့ အလုပ်အကိုင်ရှားပါမှုကြောင့် နိုင်ငံလူထုဟာလည်း စားဝတ်နေရေးအကျပ်အတည်းကို ဆိုဝါးစွာ ရုန်းကန်နေကြရဆဲဖြစ်တယ်။

၂၀၂၃ အောက်တိုဘာလမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ ရှမ်းမြောက်တစ်ခွင်နဲ့ ရက္ခိုင်ဒေသတွေမှာ မြို့နယ်ပေါင်းများစွာကို လက်လွှတ်ထားရသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ခြောက်ဆယ်ကျော်ကို လက်လွှတ်ထားရပြီ ဖြစ်ပါတယ်။ အင်အားတောင့်တင်းလာပြီး စုဖွဲ့မှုအားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေကြောင့် စစ်ကောင်စီတပ်သားများစွာဟာလည်း တော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချ အလင်းဝင်နေကြတာတွေ များပြားလာနေပါတယ်။

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို ကမ္ဘာ့နိုင်ငံအလယ်မှာ အကာအကွယ်ပေးနေသလို လက်ရှိအချိန်မှာလည်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် ဖန်တီးပေးချင်ပုံရပါတယ်။ ဒီနှစ်အတွင်း တရုတ်ဟာ သမ္မတဟောင်း ဦးသိန်းစိန်ကို နှစ်ကြိမ်ထိခေါ်ယူပြီး ဆွေးနွေးခဲ့သလို ဒုစစ်ဦးစီးချုပ် စိုးဝင်းကိုလည်း တစ်ကြိမ်ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ဟာလည်း သူ့ဆရာ အာဏာရှင် ဦးသန်းရွှေ လက်ထက်ကတည်းက မြန်မာ့စစ်တပ်အပေါ် တရုတ်ရဲ့ ဩဇာသက်ရောက်နေမှုကို မကြိုက်သူအဖြစ် သူကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ရယူခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ကို တရုတ်ရဲ့ ရန်သူဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်ပြီး ပြဿထားခဲ့သူဖြစ်ပါတယ်။ အဲဒီကတည်းက တရုတ်ဟာလည်း မင်းအောင်လှိုင်ကို သိပ်မယုံကြည်ခဲ့သလို မျက်စိစပါးမွေးစူးခဲ့တာပါ။ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဟာ သူ့လက်ထက်မှာ မြန်မာစစ်တပ်နဲ့ တရုတ်ရဲ့ဆက်ဆံရေးကိုခွာပြီး ရုရှားနိုင်ငံနဲ့နီးစပ်ဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက် တရုတ်နယ်စပ်တည်ငြိမ်ရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံဟာ ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဟိုင်ဂင်ဟိုတယ်မှာ ခေါ်ယူပြုလုပ်ခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသမှာ ပထမဆုံးအကြိမ် အပစ်ရပ်စဲခဲ့ကြပါတယ်။ သို့သော်လည်း စစ်ကောင်စီဘက်က ဒီသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ပိုင်းအဖွဲ့ဟာ စစ်ဆင်ရေးကို ပြန်လည်စတင်ခဲ့ပြီး ရှမ်းမြောက်ဒေသကနေ မန္တလေးအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီကာလမှာပဲ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ဟာ ဒုသမ္မတ ဦးမြင့်ဆွေကို ဖြုတ်ချပြီး ယာယီသမ္မတနေရာကို ရယူကာ တရုတ်နဲ့ဆွေးနွေးခဲ့တဲ့ သူ့စီနီယာစစ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကိုပါ စောင့်ကြည့်ခိုင်းထားလိုက်ပါတယ်။ အဲဒီနောက်မှာ တရုတ်က ထပ်မံပြုလုပ်ပေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဆွေးနွေးထားတဲ့ ဟိုင်ဂင်တတိယအစည်းအဝေးကိုလည်း စစ်ကောင်စီဘက်က မတက်ရောက်တော့ဘူးလို့ ဆိုထားပါတယ်။ ဒီဆွေးနွေးပွဲကာလဟာ မြောက်ပိုင်းမဟာမိတ်နဲ့ ပူးပေါင်းအဖွဲ့ကလည်း လားရှိုးစစ်တိုင်းဌာနချုပ်ကို သိမ်းယူနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ 

တရုတ်အာဂျန်တာက ဘာလဲ ?

တရုတ်အစိုးရဟာ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ် (၇) ဖွဲ့ပါဝင်တဲ့ FPNCC – Federal Political Negotiation and Consultative Committee နဲ့လည်း နီးစပ်းတဲ့ ဆက်ဆံရေးရှိပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီ အာဏာရူးအဖွဲ့ကို ကုလသမဂ္ဂထိတက်ပြီးတော့ ကာကွယ်ပေးထားကာ နီးစပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားသလို စစ်ကောင်စီလက်ထက်မှာလည်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအများစုကို သဘောတူ လက်မှတ်ရေးထိုး ရယူထားပါသေးတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းလည်း စစ်ကောင်စီကို လက်နက်ရောင်းပေးတဲ့ နိုင်ငံအနည်းစုထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ဟာ သူ့နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်တင်းဖို့အတွက် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို တည်ဆောက်ထားတာကြောင့် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံရေးတည်ငြိမ်မှုဟာ အလွန်အရေးကြီးပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ရက္ခိုင်ပြည် ကျောက်ဖြူအထိ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ပြီး တရုတ်နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေးအတွက် အလွန်အရေးကြီးတဲ့ အိန္ဒိယသမုဒ္ဒရာစိုးမိုးရေး မဟာဗျူဟာထွက်ပေါက်အဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောက်လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

ဒါကြောင့် တရုတ်ဟာ မြန်မာနိုင်ငံကို တရုတ်ရဲ့ ဂလိုဘယ်ပါဝါအောက်က နိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖေါ်ထားချင်တာပါ။ အရှင်းဆုံးပြောရရင် မြန်မာနိုင်ငံကို အနောက်ယိမ်းဝါဒ (သို့မဟုတ်) အနောက်နိုင်ငံတွေရဲ့ အယူအဆနဲ့ တည်ဆောက်မှာကို တရုတ်က လက်မခံပါဘူး။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်လို ဩဇာရှိတဲ့လူက နိုင်ငံအကြီးအကဲဖြစ်နေမယ်ဆိုရင်လည်း တရုတ်က ဆက်ဆံရေးကို ဟန်မပျက်ထိန်းထားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ တရုတ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အထင်မကြီးသလို မယုံကြည်ပါဘူး။ ဒါကြောင့်လည်း ရှမ်းမြောက်ဒေသမှာ ကျားဖျင်အကြောင်းပြပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်က နိုင်ငံအာဏာကိုသိမ်းယူလိုက်မှုမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ ရပ်တန့်ထားရသလို တရုတ်အကျိုးစီးပွားကို ထိခိုက်ခဲ့တဲ့အတွက် တရုတ်ဟာ မြန်မာနိုင်ငံတည်ငြိမ်ရေးကို လိုလားမှာ သေချာပါတယ်။

သို့သော်လည်း မြန်မာစစ်တပ်ဟာ အတိုက်အခံတွေဘက်က တောင်းဆိုချက်၊ အာဆီယံ သဘောတူညီချက်တွေကို ငြင်းဆန်ပြီး အာဏာရှင်ဝါဒကို လက်ကိုင်ထားတဲ့အတွက် တရုတ်ဟာ စစ်ကောင်စီကို အချိန်ကြာလာလေ သဘောမတွေ့လေလေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အရင်သမ္မတဟောင်း ဦးသိန်းစိန်ကို ခေါ်ယူပြီး တရုတ်သဘောထားကို ချပြခဲ့ပုံရပါတယ်။ ဒါကို လက်မခံနိုင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နေရာကနေ ယာယီသမ္မတနေရာကိုပါ ရယူပြီး နိုင်ငံရဲ့အာဏာအားလုံးကို တစ်ဦးပိုင်အဖြစ် သိမ်းယူလိုက်ပြီး တရုတ်သဘောထားကို ပြောင်ပြောင်းတင်းတင်း ဆန့်ကျင်ပြခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ဒုတိယအာဂျန်တာဟာ စစ်ကောင်စီကို အားနည်းသွားအောင်ပြုလုပ်ဖို့ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

စစ်ကောင်စီ ဘယ်လမ်းကိုရွေးတာလဲ ?

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်ဆိုတာ အကြောင်းပြပြီး နိုင်ငံအာဏာကိုသိမ်းယူခဲ့တာ ဖြစ်ပေမယ့် ဘယ်မဲမသမာမှုကိုမှ မယ်မယ်ရရဖေါ်ထုတ်မပြနိုင်ခဲ့ဘဲနဲ့ အာဏာကိုသာ သက်တမ်းတိုးယူနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကြွေးကြော်ချက်ဖြစ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ရေးဟာလည်း သုံးနှစ်ကျော်ကြာလာတဲ့အချိန်ထိ ဘာမှအကောင်အထည်မဖေါ်နိုင်တာကို တွေ့ရပါတယ်။ မင်းအောင်လှိုင်ဟာ သူ့ရဲ့သမ္မတအိပ်မက်ကို ရွေးကောက်ပွဲကနေတစ်ဆင့် အကောင်အထည်ဖေါ်ဖို့ စကတည်းက စိတ်ကူးနဲ့ ရူးသွပ်နေခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အင်အားတောင်းတင်းပြီး စုဖွဲ့မှုအားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေရဲ့ ချေမှုန်းတာကို နိုင်ငံအဝှမ်းမှာခံနေရပြီး ၂၀၂၄ ခုနှစ်၊ ပထမ‌ခြောက်လအတွင်းမှာပဲ  မြို့နယ်ပေါင်းများစွာကို စွန့်လွှတ်လိုက်ရပါတယ်။ တရုတ်နဲ့နီးစပ်တဲ့ မြောက်ပိုင်းမဟာမိတ်တွေ ဦးဆောင်ပြီး မန္တလေးထိ စစ်ပွဲရောက်လာချိန်မှာ စစ်ကောင်စီဟာ တရုတ်ရဲ့ အစီအစဉ်တွေ ကြားဝင်စေ့စပ်မှုတွေကိုပါ ပယ်ချပြီး ပြန်လည်ချေမှုန်းရေးကို ဦးတည်မယ့်သဘောကို တွေ့နေရပါတယ်။

စစ်ကောင်စီဟာ ယခုသက်တမ်းတိုးကာလမှာလည်း ရွေးကောက်ပွဲပြုလုပ်ဖို့ ကြွေးကြော်ခဲ့ပြီး ဆုံးရှုံးသွားတဲ့ ရှမ်းမြောက်ကမြို့နယ်တစ်ချို့ကို ပြန်လည်ရယူဖို့ ပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် အခုတိုက်ပွဲထဲကို ဝင်ပါလာခြင်းမရှိသေးတဲ့ မြန်မာ့လက်နက်ကိုင်အင်အားကြီး FPNCC ခေါင်းဆောင် “ဝ”လက်ထဲကိုပါ မြို့နယ်အချို့ကို ပေးအပ်ခဲ့ရပါတယ်။ အဲဒီကာလမှာဘဲ “ဝ”ဟာ ကြားနေဝါဒကိုကြွေးကြော်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ထုတ်ပြန်ချက်ကို ထုတ်ပြန်လာခဲ့ပြန်ပါတယ်။ 

ဒါဟာ စစ်ကောင်စီအတွက်တော့ အရှက်ရစရာအခြေအနေဖြစ်ပြီး ပြန်လည်ချေပဖို့လည်း စစ်ကောင်စီမှာ နည်းလမ်းရှိပုံ မရပါဘူး။ ဒါကြောင့် တရုတ်ကြားဝင်စေ့စပ်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲကို စစ်ကောင်စီဖက်က မတက်ရောက်တော့ဘဲ ပြန်လည်တိုက်ခိုက်ရေးကို ဦးတည်ထားတဲ့သဘောလို့ မြင်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေး ဆွေးနွေးပွဲမရှိဘဲ သူတို့ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲပြုလုပ်ရေးကို လုပ်ဆောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒီတော့ အတိုချုံ့ပြောရရင် စစ်ကောင်စီဟာ သူတို့ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် တော်လှန်ရေးတပ်တွေကို အမြစ်ပြတ်ချေမှုန်းရေးမူကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရဲ့ အရေးအကြီးဆုံး ရာထူးအားလုံးကို တစ်ဦးထဲရယူလိုက်တာ ဖြစ်နိုင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့အနာဂတ် ဘယ်ကိုဦးတည်နေပြီလဲ ?

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လက်နက်ကိုင်ဆန့်ကျင်မှုကို ရင်ဆိုင်နေရပြီး ၂၀၂၃ ခုနှစ်မှာ ကျရှုံးနိုင်ငံ (Failed State) ဘက်ကို ဦးတည်လာခဲ့ပြီး လက်ရှိ ၂၀၂၄ ကာလဟာ Failed State အဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။

ပြည်နယ်အစိုးရအားလုံးဟာ ပြည်နယ်မြို့တော် တစ်ခုလောက်ကိုသာ အုပ်ချုပ်ထားနိုင်ပြီး တိုင်းဒေသကြီး အများစုမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ ဖြစ်နေပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် စစ်ကောင်စီရဲ့ စိုးမိုးထိန်းချုပ်နယ်မြေဟာ တစ်နိုင်ငံလုံးမြို့နယ်ရဲ့ သုံပုံတစ်ပုံလောက်သာကျန်ရှိနေပြီး ဒီနေရာတွေမှာလည်း တော်လှန်ရေးတပ်တွေ လှုပ်ရှားနေပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးထိ တော်လှန်ရေးတပ်တွေ ပိတ်ဆို့လာတဲ့အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရှမ်းမြောက်ဒေသ၊ ရက္ခိုင်ပြည်၊ ကရင်နီ၊ ကရင်နဲ့ ကချင်ဒေသတွေမှာ မြို့နယ်များစွာကို လက်လွှတ်ထားရပြီး ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲလမ်းစကို ဖွင့်မထားဘဲ အပြတ်တိုက်ရေးမူကို ဆုတ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့အနာဂတ်ဟာ သူတို့မှန်းထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲကာလထိ နိုင်ငံကို ထိန်းထားနိုင်ဦးမလားဆိုတာတောင် စိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်ခဲ့ရင်တောင် မြို့နယ်အများစုဟာ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေအဖြစ် ကျန်ခဲ့မယ်လို့မြင်ပါတယ်။

စစ်ကောင်စီဟာ တရုတ်ရေးဆွဲပေးနေတဲ့ စစ်တပ်အလုံးစုံ မပျက်သုန်းရေးမူကို လက်ခံချင်ပုံမရဘဲ ၂၀၀၈ အောက်က ရွေးကောက်ပွဲကိုသာ ဆက်လျှောက်နေမယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရေကုန်ရေခန်း အမြစ်ဖြတ်ကြတော့မယ့် အခြေအနေသို့ ဦးတည်သွားပါလိမ့်မယ်။

လက်ရှိကာလရဲ့အခြေအနေကလည်း  တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကိုယ်ပိုင်တည်ဆောက်တဲ့ နယ်မြေတွေ ထူထောင်နေကြတာကို တွေ့ရပြီး အားနည်းလာတဲ့ မြန်မာစစ်တပ်ရဲ့ဗျူဟာတွေဟာ သူတို့ကျရှုံးပြီး မြေပုံအသစ်တွေနဲ့ မြန်မာ့နိုင်ငံဖြစ်ပေါ်လာဖို့ လမ်းစကို ဦးတည်နေပြီလို့ မြင်မိပါတယ်။

ဘယ်လိုပဲဆိုဆို ဒီနိုင်ငံမှာ တန်းတူညီမျှပြီး တရားမျှတတဲ့ အနာဂတ် ဖယ်ဒရယ်နိုင်ငံဖြစ်လာဖို့ စစ်ကောင်စီတပ် အမြစ်ဖြတ်ရေးဟာ ညီမျှခြင်းဖြစ်ပြီး ခိုင်မာတောင့်တင်းတဲ့ စစ်အင်အားတည်ဆောက်ခြင်းနဲ့ ခေတ်မှီလက်နက် တည်ဆောက်ရေးဟာ (၂၁) ရာစုရဲ့ ကမ္ဘာ့နိုင်ငံရေး ဖြစ်ပါတယ်။