အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခ ပြန်ဖြစ်/မဖြစ် 

ရခိုင်တိုက်ပွဲထူးခြားချက်မှာ ခေတ်အဆက်စစ်အုပ်စုက အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် RSO၊ ARSA၊ ARA အဖွဲ့အစည်းများကိုစည်းရုံးကာ ပူးပေါင်းတိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်တိုက်ပွဲတွင် စစ်ကောင်စီက လူမျိုးရေးကိုအသုံးချပြီး AA ထိုးစစ်ကို ရပ်တန့်နိုင်ရန် ကြိုးစားခဲ့သည်။ 

By Admin 01 Jul 2024

အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခ ပြန်ဖြစ်/မဖြစ် 

ခိုင်ရိုးလ ရေးသည်။ 

အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်အတွင်း စစ်ရေးအသာစီးရနေခြင်းနှင့်အတူ မတူညီသည့်လူမျိုးစုအကြား လူ့အခွင့်ရေးချိုးဖောက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဂျီနိုဆိုက်အထိကျူးလွန်မှုရှိသည်ဟု စွပ်စွဲခံနေရသည်။ 

အဆိုပါစွပ်စွဲမှုများသည် စကခ (၁၅) နှင့်အတူ တပ်ရင်း (၁၇)ခုအထိ အခြေစိုက်ထားပြီး မွတ်ဆလင်အများအပြား နေထိုင်သော ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်ပြီးချိန်တွင် ပို၍ပြင်းထန်လာခဲ့သည်။ 

■ စစ်ပွဲကြားတွင် မွတ်ဆလင်အရေးစိုးရိမ်မှုများ

ပြီးခဲ့သည့် မေလက ကုလသမဂ္ဂအပါဝင် အခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ရခိုင်ဒေသနေ မွတ်ဆလင်များ အတွက် စိုးရိမ်ကြောင်းနှင့် မြေပြင်အမှန်တရားကို ထုတ်ပြန်ပေးရန် AA ကို ဖိအားပေးကြသည်။ 

ဘူးသီးတောင်မြို့တခုလုံး AA လက်ထဲသို့မကျရောက်မီ တစ်ရက်အလို မေ ၁၇ ရက်က AA သည် မွတ်ဆင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း မွတ်ဆလင်အရေးလှုပ်ရှားသူ ဦးထွန်းခင်၊ ရိုနေဆန်းလွင်နှင့် NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့က စွပ်စွဲကြသည်။

မွတ်ဆလင်များအား အတင်းအဓမ္မနှင်ထုတ်ကာ နေအိမ် ၅,၀၀၀ ခန့်ကိုမီးရှို့ပြီး လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့သည် ဟုဆိုကာ ကုလသမဂ္ဂအပါအဝင် မွတ်ဆလင်အရေးလှုပ်ရှားသူများက မွတ်ဆလင်များအတွက် စိုးရိမ်ကြောင်းနှင့် မြေပြန်အမှန်တရားကို AA က ထုတ်ပြန်ပေးရန် ဖိအားပေးနေခြင်း ဖြစ်သည်။ 

အလားတူ တော်လှန်ရေးအဖွဲ့များအပါဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၁၉၅ ဖွဲ့ကလည်း ဘူးသီးတောင်ဖြစ်စဉ်ကို အမှန်တရားဖော်ထုတ်ဖို့နှင့် မွတ်ဆလင်များ တရားမျှတမှုရရှိဖို့ AA ကို တောင်းဆိုကြသည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ဘူးသီးတောင်ဖက်မှာ ကျနော်တို့က အရမ်းသတိထားတယ်။ လူမျိုးရေး၊ ဘာသာရေး အရမ်း Sensitive ဖြစ်တယ်။ ပြီးမှ ပုံစံအမျိုးမျိုးနဲ့ ပုံဖော်တိုက်ခိုက်ပြီးရင် ကျနော်တို့ကို နိုင်ငံတကာမှာ လူဆိုးသဖွယ်ပုံဖော်ပြီးမှ သူ့ရဲ့ agenda ကို အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့လူတွေရှိတဲ့အတွက် ပိုသတိထားတယ်” ဟု ဗွီအိုအေနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များအား AA တပ်ဖွဲ့ဝင်များက အကူအညီပေးနေစဉ်။

တိုက်ပွဲအတွင်း ပြည်သူများလုံခြုံစေဖို့ ရွှေ့ပြောင်းရန်သတိပေးမှုသာရှိပြီး မီးရှို့မှုများကို မလုပ်ဆောင်ခဲ့ကြောင်း၊ စစ်ပွဲကြား အရပ်သားများအား အကာအကွယ်ပေးရေးမှာ ULA/AA ၏ ဦးစားပေးမူဝါဒဖြစ်ကြောင်း၊ သို့သော်လည်း ယင်းလုပ်ရပ်များအပေါ် နိုင်ငံခြားမှာနေသော လော်ဘီများက အကောင်းမမြင်ကြကြောင်း ဗိုလ်ချုပ်က ပြောသည်။ 

“ဝေဖန်မှုဆိုတာကတော့ရှိမှာပဲ။ နိုင်ငံရေးလုပ်ရင်လည်းရှိတာပဲ။ စစ်တိုက်ရင်တော့ ပိုပြီးပြင်းထန်တာပေါ့။ ကျနော်တို့ကတော့ လုပ်စရာရှိတာကို ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်သွားမှာပါ” ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

မေ ၁၇ ရက် မတိုင်မီထိ ဘူးသီးတောင်မြို့တွင် မွတ်ဆလင်မဟုတ်သူများ၏ နေအိမ် ၂,၃၂၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ မေလ ၁၇ ရက်နှင့် ၁၈ ရက် တိုက်ပွဲကြားတွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်အလုံးရေ ၅၅၀ ရှိကြောင်း AA မှတ်တမ်းအရ သိရသည်။ 

မတ်လ ၁၇ ရက်နေ့မတိုင်မီ မီးရှို့ဖျက်ဆီးခံရသော မြို့တွင်းနေအိမ်များ။

ယင်းအထဲတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ အာရ်ဘီ(အစ္စလာမ်) ၁ ကျောင်း၊ ဟိန္ဒူဘုရားကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ကျောင်း ၂ ကျောင်း ပါဝင်သည်။ ယင်းအကြောင်းအရာများကို နိုင်ငံခြားနေ ပုဂ္ဂိုလ်တစ်ချို့က မြေပြင်အခြေအနေမသိဘဲ ဂြိုလ်တုပုံများဖြင့် ဝါဒဖြန့်နေကြသော်လည်း AA လက်ထဲတွင် မှန်ကန်ခိုင်လုံသည့် အထောက်ထားများရှိကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။ 

DMG သတင်းဌာနက ဘူးသီးတောင်မြို့သို့ မြေပြင်ကွင်းဆင်းလေ့လာစဉ် မျက်မြင်ဒေသခံများ ပြောပြချက်အရ နေအိမ်မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်သားများဦးဆောင်မှုဖြင့် စစ်သင်တန်းဆင်းမွတ်ဆလင်၊ ARSA၊ RSO လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။  

ဘူးသီးတောင်တွင် တိုက်ပွဲပြင်းထန်နေချိန် နေအိမ်များကိုမီးရှို့ပြီး စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် မွတ်ဆလင် လက်နက်ကိုင်များက မီးလောင်နေသည့်နေအိမ်များရှေ့တွင် အောင်ပွဲခံနေသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း မတ်လဒုတိယအပတ်က အွင်လိုင်းပေါ် ပျံ့နှံ့လာခဲ့သည်။

နေအိမ်များအား ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေကြသော လက်နက်ကိုင်မွတ်ဆလင်များ။ 

ဘူးသီးတောင်မြို့ရှိ လူမရှိသောနေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ဖျက်ဆီးယူနေကြသည့် ရုပ်သံဖိုင်ကိုလည်း ဒေသခံလွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေအပါဝင် ရခိုင်လူထုက ဖြန့်ဝေခဲ့ကြသည်။

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ

ရခိုင်တိုက်ပွဲထူးခြားချက်မှာ ခေတ်အဆက်စစ်အုပ်စုက အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် RSO၊ ARSA၊ ARA အဖွဲ့အစည်းများကိုစည်းရုံးကာ ပူးပေါင်းတိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်တိုက်ပွဲတွင် စစ်ကောင်စီက လူမျိုးရေးကိုအသုံးချပြီး AA ထိုးစစ်ကို ရပ်တန့်နိုင်ရန် ကြိုးစားခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီသည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ကို ရခိုင်လူမျိုးများအပြင် ဒေသနေမွတ်ဆလင်များကလည်း DMG ကို အတည်ပြုကြသည်။

စစ်ကောင်စီထံ စစ်မှုထမ်းနေသည့် စစ်သင်တန်းဆင်း မွတ်ဆလင်များ။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ်များကို ARSA၊ RSO အဖွဲ့များက AA အမည်ခံကာ အင်းအဓမ္မဖမ်းဆီးပြီးနောက် စစ်ကောင်စီထံ စစ်သားအဖြစ်ရောင်းချခဲ့မှုလည်း ရှိခဲ့သည်။ 

ပြီးခဲ့သည့် မေ ၂၁ ရက်က ကုတူပါလောင်စခန်းမှ လူငယ် ၃၀ ကျော်ခန့်ကို RSO အဖွဲ့က ဖမ်းဆီးဖို့ကြိုးစားစဉ် စခန်းကလူများ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ဗွီဒီယိုဖိုင်ကို မွတ်ဆလင်ဒုက္ခသည်များက DMG ထံ ပို့ခဲ့သည်။

“RSO အဖွဲ့က စခန်းထဲကလူငယ်တွေကို ဖမ်းပြီး ကားကြီးပေါ်တင်မယ်လုပ်နေတာ။ ကျနော်တို့သိသွားတော့ စခန်းကလူတွေစုပြီး တုတ်တွေနဲ့လိုက်ရိုက်တော့ ပြေးသွားကြတယ်” ဟု လုံခြုံရေးအရအမည်မဖော်သည့် ဒုက္ခသည်တစ်ဦးက ပြောသည်။ 

ဒုက္ခသည်များပြောဆိုချက်အရ RSO နှင့် အခြားအဖွဲ့တို့သည် ဘင်္လားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မွတ်ဆလင် ၂၀၀ ခန့်ကို စစ်ကောင်စီထံ ရောင်းချပြီးဖြစ်ကြောင်း သိရသည်။ 

NUG ယာယီသမ္မတ ဒူဝါလရှီးလ က “ရိုဟင်ဂျာ(မွတ်ဆလင်)အရေးနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည်တွန်းပို့နေတာ တွေ့ရတယ် ” ဟု မေ ၂၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ အစည်းအဝေးတွင်  ပြောဆိုခဲ့သည်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအပြီး အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ။ 

မွတ်ဆလင်အရေး မြေပြင်စွပ်စွဲချက်များ ပြင်းထန်နေချိန် ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းကို AA သိမ်းပိုက်စဉ် စစ်ကောင်စီက သုံးရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးထားသည့် ခရုချောင်းမွတ်ဆလင်ရွာမှ ကလေးငယ်၊ အမျိုးသမီး အပါဝင် စုစုပေါင်း ၃၅ ဦးအား ကယ်ထုတ်ခဲ့သည့် ဗွီဒီယိုဖိုင်ကို AA က ထုတ်ပြန်ခဲ့သည်။

မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်သူအဖြစ် အမြဲတမ်းပုံဖော်ကာ ဝင့်ကြွားလေ့ရှိသော မြန်မာစစ်တပ်သည် မတူညီသည့်မျိုးနွယ်စုနှင့် လူမျိုးရေးအုပ်စုကွဲပြားမှုကို ခေတ်အဆက်ဆက် နိုင်ငံရေးတွင် အသုံးချတတ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ပြောသည်။

ဒေသခံ လွှတ်တော်အမတ်ဟောင်းလည်းဖြစ် ရခိုင့်နိုင်ငံရေး၊ စစ်ရေးသပ်သူ ဦးဖေသန်းက “ရခိုင်နဲ့ မွတ်ဆလင်တွေ ပဋိပက္ခဖြစ်ရင် AA ရဲ့ တော်လှန်ရေးလမ်းကြောင်း ပြောင်းသွားမယ်၊ ကျဆုံးသွားမယ်ဆိုပြီး အောက်လမ်းနည်းနဲ့ ရန်တိုက်ပေးတာ” ဟု သုံးသပ်သည်။ 

နိုင်ငံလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း AA ၏ ထုတ်ပြန်ချက်သဘောထားများကို ကြည့်ခြင်းအားဖြင့် လူမျိုးရေးအမုန်းပွားမှု မဖြစ်အောင် မြေပြင်တွင် ကြိုးစားထိန်းသိမ်းနေမှုကို တွေ့ရကြောင်း မှတ်ချက်ပြုသည်။ 

“တကယ့် ပြဿနာဖြစ်အောင်လုပ်နေတာက စစ်ကောင်စီ၊ မွတ်ဆလင် အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA၊ ARA၊ RSO စတဲ့ အဖွဲ့တွေလုပ်တာ” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

■ မွတ်ဆလင်များကို စစ်ကောင်စီအသုံးချ

ရခိုင်ပြည်မြောက်ပိုင်းဒေသ ကျဆုံးတော့မည်အရေးနှင့် ကြုံလာရသည့် စစ်ကောင်စီသည် ဒေသတွင်းစစ်ပွဲများတွင် အင်အားဖြည့်တင်းရန် အစွမ်းကုန် အကြံထုတ်လာခြင်းပင်ဖြစ်သည်။ ရခိုင်ဒေသတွင် ရခိုင်မျိုးနွယ်စုဝင် သက်၊ ခမီ၊ မြို၊ သက္ကမ(ဒိုင်းနက်) မရမာကြီး ၊ ကမန်လူမျိုးများအပြင် အခြားလူမျိုးများလည်း နေထိုင်ကြသည်။ 

ယင်းအထဲက နိုင်ငံသားမဟုတ်ဟုဆိုကာ ခေတ်အဆက်ဆက် ပစ်ပယ်ထားသည့် မွတ်ဆလင်များကို စစ်မှုထမ်းရန် အတင်းခေါ်ယူသည်။ မွတ်ဆလင်အများဆုံးနေထိုင်ရာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ဒေသများကို အဓိကပစ်မှတ်ထား စည်းရုံးခဲ့ကြောင်း ကာယကံရှင်များက DMG ကို ရင်ဖွင့်ကြသည်။ 

“နိုင်ငံသားမှတ်ပုံတင်ပေးမယ်။ လစာရမယ်။ ကိုယ့်နေရာကို ကာကွယ်ရမယ်။ နောက်ထပ်အခွင့်အရေး အများကြီးရမယ်ဆိုတော့ ကျနော်တို့က မသွားလို့မရ၊ သွားဖို့လည်းခက် ဆိုသလိုဖြစ်နေရတာ။ ဒေသအုပ်ချုပ်ရေးမှူးတွေနဲ့ အကျပ်ကိုင်ပြီးခေါ်တာ” ဟု စစ်တွေဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက DMG ကို ပြောသည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မွတ်ဆလင်တွေဘက်က လုံခြုံရေးအရ တောင်းဆိုတဲ့အတွက် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ ရှုထောင့်အမြင်နဲ့ လုံခြုံမှုရှိအောင် လုပ်ပေးခဲ့တာရှိတယ်” ဟု ဧပြီလက ဘီဘီစီသတင်းဌာနကို ဖြေထားသည်။

စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာနှင့် ဒုက္ခသည်စခန်းများမှ လူငယ်လူလတ်ပိုင်းများမှာ ဖေဖော်ရီလမှစပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းများ အသုတ်လိုက်တက်ပြီးနောက် စစ်မြေပြင်တွင် ဝင်တိုက်ပေးနေရကြောင်း မိသားစုဝင်များက ပြောသည်။

စစ်ကောင်စီက မွတ်ဆလင်များအား စစ်သင်တန်းပေးနေစဉ်။ 

ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်တွေမြို့နယ်မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ပြီး AA နှင့်တိုက်ပွဲအတွင်း သေဆုံးသွားသူများလည်း ရှိခဲ့သည်။ 

ဒါးပိုင်ရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက “အဆက်အသွယ်မရတာ တစ်လလောက်ရှိနေပါပြီ။ နေကောင်းလား စားသောက်ရေး အခြေနေကို သိချင်တာ။ အခုက အဆက်အသွယ်မရတော့ သားကိုရော၊ သူနဲ့ပါသွားတဲ့ သူတွေကိုပါ စိတ်ပူနေပါတယ်” ဟု DMG ကို မေလပထမအပတ်က ပြောသည်။ 

ဘူးသီးတောင် စစ်ဆင်ရေးကွက်ကွဲမှုဌာနချုပ် - စကခ ၁၅ ကို AA သိမ်းပိုက်ချိန်ကလည်း မွတ်ဆလင်စစ်သား ရာနှင့်ချီမှာ စစ်ကောင်စီတပ်သားများနှင့်အတူ အလံဖြူထောင် အညံ့ခံခဲ့ကြသည်။ 

AA မြို့သိမ်းတိုက်ပွဲများ အရှိန်ကောင်းလာသည့်အချိန် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့တွင် “ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ AA ထွက်သွား” စသဖြင့် မွတ်ဆလင်များက ဆန္ဒထုတ်ဖော်မှု ၅ ကြိမ် အထိရှိခဲ့သည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့  ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က“ရိုဟင်ဂျာ (မွတ်ဆလင်)တွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက် သူတို့ခိုင်းသမျှ အကုန်လုံးလုပ်နေရတယ်။ စစ်မှုထမ်းခိုင်းတယ်၊ ဆန္ဒပြခိုင်းတယ်။ မလုပ်ဘူးဆိုရင် ရိုက်နှက်တာတွေရှိတယ်” ဟု ဧပြီလက DMG ကို ပြောသည်။

■ အမုန်းစကားလှုံ့ဆော်ခြင်း

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မတူညီသည့် လူ့အဖွဲ့အစည်းများကြား ဘာသာရေး၊ လူမျိုးရေး အမုန်းတရားသွေးထိုးလှုံ့ဆော်မှုကို ဖိဖိစီးစီးလုပ်လာခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်း ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီ စစ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ကလေးနှင့် စစ်ကောင်စီတပ် မိသားစုဝင်ရာနှင့်ချီကို AA က အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်း စစ်တပ်လော်ဘီများက ဝါဒဖြန့်ခဲ့ကြသည်။ 

Burma Affairs & Conflict Study (BACS) ၏ မေ ၃၁ ထုတ် အစီရင်ခံစာအရ စစ်ကောင်စီလော်ဘီများသည် ရခိုင်သတင်းများအဖြစ် တယ်လီဂရန်ချန်နယ်များ အသုံးပြုကာ မေ ၁၈ ရက်မှ ၂၄ နေ့ ၆ ရက်အတွင်း အကြိမ်ရေ ၈၀ ကျော်ကို လူမျိုးရေး၊ ဘာသာရေးအခြေခံပြီး ဦးတည်ဝါဒဖြန့်ခဲ့ကြသည်။

■ နောက်ထပ် ပဋိပက္ခများ ဖြစ်လာနိုင်မလား

ထိုသို့ စစ်ကောင်စီ၏ ဝါဒဖြန့်လှုံ့ဆော်မှုများနှင့်အတူ ပြည်တွင်းရှိ မွတ်ဆလင်ဒေသခံများ၏ သဘောထားကို DMG က မေးမြန်းချက်အရ ရခိုင်ဒေသတွင်း အခြားလူမျိုးများနှင့် အေးအတူပူအမျှ လုပ်ကိုင်စားသောက် နေထိုင်လိုသည့် ရိုးရှင်းသော ဆန္ဒရှိကြောင်း ဖွင့်ပြောကြသည်။

“အခုကတော့ အဆင်ပြေပါတယ်။ ကုန်ရောင်းကုန်ဝယ်လုပ်ကြတယ်။ ဆေးကုသရင်လည်း AA ထိန်းချုပ်နယ်မြေမှာ သွားကုတယ်” ဟု ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နေ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။

AA ထိန်းချုပ်ရာ ကျောက်တော်မြို့အတွင်း သွားလာလှုပ်ရှားနေသော မွတ်ဆလင်ဒေသခံများအား ယခုနှစ် မေလအတွင်းက တွေ့ရစဉ်။

ယခင်ကဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား ပဋိပက္ခများကြောင့် လူမှုအသိုက်အဝန်းနှစ်ခုလုံး ဒုက္ခရောက်ခဲ့ရခြင်းမှာ ကိုယ်ကျိုးစီးပွား၊ နိုင်ငံရေးအကျိုးအမြတ်အတွက် ပုံဖော်ခဲ့ကြသည့် လူအုပ်စုတစ်စုကြောင့် ဆိုသည့် အချက်လည်း ပါဝင်သည်။

မင်းပြားမြို့နယ်မှ မွတ်ဆလင် ဘာသာရေးဆရာတစ်ဦးက “ရွေးကောက်ပွဲ၊ အခြား နိုင်ငံရေးနဲ့ပဋိပက္ခဖြစ်စဉ်တွေမှာ ကျနော်တို့ အသုံးချခံရတယ်။ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အရင်ဖြစ်စဉ်တွေက နိုင်ငံရေးအကျိုးအမြတ် ယူသွားကြတာပဲ” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသများတွင် မွတ်ဆလင်နှင့် ရခိုင်လူမျိုးများမှာ လူမှုသဟဇာတကောင်းမွန်ပြီး ကူးလူးဆက်ဆံနေကြပြီဟု နှစ်ဖက်အသိုင်းအဝိုင်းကို မေးမြန်းချက်အရ သိရသည်။ 

၂၀၁၂ ခုနှစ်က စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူတွင် ပဋိပက္ခကြောင့် ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြားတွင် လူပေါင်းများစွာ သေဆုံးဒဏ်ရာရကာ နေအိမ်ဥစ္စာများပျက်စီးခဲ့ရပြီး မွတ်ဆလင်များမှာ ယခုအချိန်ထိ ဒုက္ခသည်စခန်းများတွင် နေထိုင်ရဆဲဖြစ်သည်။

ထို့အတူ ၂၀၁၇ ခုနှစ်က မေယုဒေသက နယ်ခြားစောင့်စခန်း ၃၀ ကျော်ကို ARSA က ဝင်တိုက်ပြီးနောက် စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောရှိ မွတ်ဆလင်ကျေးရွာများ မီးရှို့ခံရမှု၊ သတ်ဖြတ်ခံရမှုနှင့်အတူ မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်မလာနိုင်ကြသေးပေ။ 

ယင်း၏နောက်ဆက်တွဲအဖြစ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ဖြင့် မြန်မာကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုထားပြီး ယနေ့အချိန်ထိ တရားရင်ဆိုင်ရဆဲဖြစ်သည်။

AA ထိန်းချုပ်နယ်မြေသို့ ခိုလှုံလာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များ။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကတော့ ဒေသနေမွတ်ဆလင်များမှာ အာရက္ခနိုင်ငံသားများ ဖြစ်သဖြင့် ULA အစိုးရအောက်တွင် အားလုံးတန်းတူ နိုင်ငံသားအခွင့်အရေးပေးမည်ဟု နိုင်ငံခြားသတင်းဌာန The New Humanitarian နှင့် မေလက အင်တာဗျူးတွင် အာမခံထားသည်။

မင်းပြားမြို့နယ်မှ မွတ်ဆလင်ဘာသာရေးဆရာက “ကျနော်တို့ဟာ ရခိုင်ပြည်မွေး၊ ရခိုင်မှာ ကြီးပြင်းတာ ဖြစ်တယ်။ အကျိုးစီးပွားက နှစ်ဖက်စလုံးမှာရှိနေတော့ သဟဇာတဖြစ်တဲ့ အနာဂတ်ရခိုင်ပြည်ကို မြင်ချင်တယ်” ဟု ရိုးရှင်းသည့် သူ့မျှော်လင့်ချက်ကို ပြောပြသည်။ 

ဗီဒီယိုများ