ရက်ပေါင်းနှစ်ရာကျော်လာတဲ့ အာရက္ခဒေသစစ်ပွဲ 

“၂၀၂၅ မှာ ရခိုင်ပြည်မှာ ငါတို့စုဝေးပြီးတော့ အောင်ပွဲတစ်ခုကျင်းပဖို့ မှန်းထားတယ်။ ဒါကိုဖြစ်အောင် အလုပ်နဲ့သက်သေပြ။ လက်တွေ့ဖြစ်အောင် ကြိုးစားကြမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တပ်ဖွဲ့ဝင်များကို ပြောထားသည်။

By Admin 12 Jun 2024

ရက်ပေါင်းနှစ်ရာကျော်လာတဲ့ အာရက္ခဒေသစစ်ပွဲ 

မောင်ထွန်းကြိုင် - ရေးသည်။

ရှမ်းမြောက်ဒေသစစ်ဆင်ရေးနှင့်အတူ မွေးဖွားလာသော အာရက္ခဒေသ ပြည်သိမ်းစစ်ဆင်ရေးသည် ရခိုင်ရိုးမ အနောက်ဘက် တောင်တန်း၊ မြေပြန့်၊ ပင်လယ်မကျန် စစ်မီးစစ်လျှံများဖြင့် အရှိန်တရိပ်ရိပ် မြင့်တက်နေသည်။  

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ အသံမစဲကြားနေရသည့် ကျည်သံ၊ အမြောက်သံ၊ စစ်လေယာဉ်ပျံဝဲသံများသည် ရက္ခဒေသတွင် ရက်ပေါင်း ၂၀၀ ပြည့်မြောက်သွားပြီလည်း ဖြစ်သည်။ 
စစ်ကောင်စီတပ်များကို အမြစ်ပြတ်တိုက်ထုတ်နေသည့် အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်ကို AA လက်အောက်သို့ ထိန်းချုပ်လာနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားထားသည်။ 

“အာရက္ခနိုင်ငံတော်လွတ်မြောက်ဖို့ ကိုယ်တို့ရဲ့လက်အောက်ကို ထိန်းချုပ်ရမယ်။ ကျန်တာတွေကို နိုင်ငံရေးအရ မဟာဗျူဟာတွေကို သံတမန်ရေးအခြေအနေ ကမ္ဘာ့အခြေအနေပေါ်မှာ မူတည်ပြီး တစ်ရစ်ပြီးတစ်ရစ် တင်မယ်။ အခြေနေအားလုံးကို လွှမ်းခြုံပြီး ဆုံးဖြတ်ချက်ချသွားမယ်” ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၃ ဇွန် ၁၆ ရက် စစ်သည်များနှင့် တွေ့ဆုံပွဲမိန့်ခွန်းတွင် အသိပေးထားသည်။ 

ဤစစ်ပွဲကြီးသည် ရခိုင်ပြည်အတွင်း AA ၏ တတိယံပိနှင့် နောက်ဆုံးဖြစ်သည်ဟု ယူဆရသည်။ ပထမဆုံး ရသေ့တောင်မြို့နယ် အငူမော် - မောင်တောကားလမ်းရှိ ချိန်ခါလိန်၊ ဒုံးပိုက် နယ်ခြားစောင့်စခန်း နှစ်ခုကို AA စသိမ်း၏။ 

တစ်ရက်တည်းတွင် မင်းပြားမြို့နယ် တိုင်းဗဟို(၉)တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ထွက်လာသည့် စစ်ယာဉ်တန်းကို ရန်ကုန် - စစ်တွေကားလမ်း ဖေသာပြင်ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်မှုနှင့် ကျောက်တော် အပေါက်ဝနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်အားလုံး လက်နက်ချသည့်ဖြစ်စဉ်တို့က  အဖွင့်ပြခဲ့သည်။

AA သိမ်းလိုက်တဲ့ မြို့နယ် ၁၀ ခု

AA သည် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် စစ်ကောင်စီကို နှစ်လကျော်ကြာ စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ နှစ်သစ်တွင် မြို့များကို စတင်သိမ်းပိုက်လာနိုင်ခဲ့သည်။ 

၂၀၂၄ နှစ်ဦး ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မင်းပြားမြို့နယ်ကို သိမ်းယူနိုင်ခဲ့သည်။ ဖေဖော်ဝါရီလတွင် ကျောက်တော်၊ မြောက်ဦး၊  မြေပုံမြို့နယ်တို့ကို ဆက်တိုက်သိမ်းယူခဲ့ပြန်သည်။ မတ်လမှာတော့ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် တို့ကိုသိမ်းနိုင်ခဲ့ပြီး မေလမှာ ဘူးသီးတောင်ကို ဆက်လက် သိမ်းယူနိုင်ခဲ့သည်။ လက်ရှိတွင် AA သည် ရခိုင်နှင့် ပလက်ဝဒေသ မြို့ကြီး ၁၀ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ 

တဆက်တည်းတွင် မြို့နယ်ခွဲအဖြစ် တောင်ပြိုမြို့၊ ဆမီးမြို့၊ ကမ်းထောင်းကြီးမြို့၊ တပ်တောင်မြို့၊ မအီမြို့၊ စနဲမြို့၊ တန်းလွဲရွာမမြို့၊ လေးတောင် စသည့်မြို့များလည်း AA လက်အောက် ရောက်သွားကြောင်း နားလည်ရပေမည်။ 

ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များကိုလည်း ထိုးစစ်ဆင် သိမ်းပိုက်သွားမည်ဟု AA က ကြေညာထားသည်။  

ရခိုင်မြောက်ပိုင်းဒေသတွင် မောင်တောနှင့် စစ်တွေသာ ကျန်ရှိတော့ပြီး ယင်းနှစ်မြို့ကျလျှင် မြောက်ပိုင်းတစ်ခုလုံး AA လက်ထဲ ရောက်သွားတော့မည့်သဘောဖြစ်သည်။ တနည်းအားဖြင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က နယ်မြေအားလုံး ပလက်ဝကနေ ဘူးသီးတောင်၊ မောင်တောအထိ နယ်စပ်မျဉ်းကို AA က ရရှိသွားနိုင်မည်ဖြစ်သည်။

လက်ရှိတိုက်ပွဲများ

လက်ရှိ AA သည် ရခိုင်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို သိမ်းထားပြီးဖြစ်ကာ မောင်တော၊ အမ်းကို ထိုးစစ်ဆင်နေပြီး စစ်တွေကို ပိတ်ဆို့ စစ်ရေးတပ်လှန့်ကာ ခြိမ်းခြောက်ထားသည်။

ယခုတစ်ခါ ရခိုင်ပြည် အလယ်ပိုင်းမှာရှိသည့် စစ်တပ်ကြီးစိုးရာ အမ်းမြို့သည်လည်း လက်ရှိတွင် AA က ထိုးစစ် ဆင်နေသည့် ဒေသတစ်ခုဖြစ်သည်။  တိုင်းစစ်ဌာနချုပ် ၊ ခမရ ၃၇၁ ၊ ခမရ ၃၇၂ ၊ ခမရ ၃၇၃ တပ်ရင်းများ ဗျူဟာ စခန်းများ လည်းရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ မတ်လ ၂၄ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး AA က နပခ၊ ကဇုကိုင်းအနီးက တောဟိန်းတောင်ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ စခန်းများအား သိမ်းပိုက်ရရှိရေး ကြိုးပမ်းလျက်ရှိသည်။

အာရက္ခတပ်တော်(AA)သည် တောဟိန်းတောင်အနီးက စွေ့ချောင်းဗျူဟာကုန်းကို သိမ်းပိုက်ထားပြီး နပခကို လက်နက်ကြီးများဖြင့် လှမ်းပစ်မှုများ ရှိနေသည်။

AA သည် ရခိုင်မြောက်ပိုင်းကို အလုံးစုံထိန်းချုပ်ရန်ကြိုးစားမှုနှင့် အတူ တောင်ပိုင်းကိုလည်း ချိန်ကိုက် ဗျူဟာ ခင်း ထားသည်။ ကမ္ဘာကျော် ငပလီ ကမ်းခြေ ရှိရာ သံတွဲသည် ခရိုင်အဆင့်မြို့ဖြစ်သည်။ သံတွဲမြို့နယ်မှာ ဧပြီ ၁၃ မဟာသင်္ကြန်ရက်မှစ၍  စတင်ကာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ဖြစ်သည်။

သံတွဲတောင်- တောင်ကုတ်ကားလမ်း တောင်ကုတ်နယ်စပ် သံတွဲအပိုင် ဒေါ်မြရွာ အနီးတဝိုက်က ထွက်ပေါ်လာ သည့် သေနတ်သံ၊ အမြောက်၊ လေယာဉ်သံများသည်  ကွေ့ချောင်း၊ ရေစင်၊ ဒေါ်မြ၊ ရွှေလှေ၊ သူဌေးရေအား လျှပ်စစ်စီမံကိန်း တဝိုက်နှင့် လင်းသီ၊ သပြုချိုင် စသည့်ကျေး ရွာများ အနီးထိ နယ်မြေ ကျယ်ပြန့်လာနေသည်။

ယခုအခါတွင် ငပလီမြို့နှင့် (၂)မိုင်ခန့်အကွာ ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ ယင်းနေရာသည် သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၅၆၆)၊ ခလရ (၅၅) တပ်ရင်းများနှင့် အနီးဆုံးသို့ ရောက်လာပြီးဖြစ်သည်။

နေအိမ်အဆောက်အအုံ ပျက်စီးမှု 

အာရက္ခစစ်မြေပြင်တွင် AA ၏ အောင်မြင်မှုရလဒ်နှင့်အတူ အခြားတစ်ဖက်တွင် ဒေသတွင်း ပျက်စီးဆုံးရှုံးမှုလည်း များပြားလှ၏။ စစ်ပွဲကိုအကြောင်းပြကာ စစ်ကောင်စီသည် ပြည်သူများ၏ အသက်အိုးအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုသည်ကား မြန်မာပြည်အနှံ့နှင့် ရခိုင်တွင်လည်း ယင်းသို့ဖြစ်၏။

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ၂၀၂၃ နို၀င်ဘာလကနေ ၂၀၂၄ မေလအထိ ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ရမ်း‌ဗြဲ၊ ကျောက်ဖြူ၊ စနဲ၊ စစ်တွေ စသည့်မြို့ စျေး ၈ ခု မီး လောင်ပြာကျခဲ့ကြောင်း AA က မေလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် တိုက်ပွဲကာလ (၆) လအတွင်း နေအိမ်၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက် အအုံ၊ စာသင်ကျောင်း၊ လမ်းတံတား စုစုပေါင်း ၅,၉၇၆ ခု ဖျက်ဆီးခံရကြောင်း ULA/AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)စာရင်းတွင် ဖော်ပြသည်။

အဆိုပါပျက်စီးမှုများမှာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ မေ ၁၃ အထိ ကောက်ယူထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ပျက်စီးခဲ့ရခြင်းဟု HDCO က ဆိုသည်။

ပျက်ဆီးမှုများထဲတွင် နေအိမ် ၅,၈၄၉ လုံး၊ စာသင်ကျောင်း ၁၉ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃ ခု၊ ဘာသာရေး အဆောက်အအုံ ၅၇ ခု (ဘုန်းကြီးကျောင်း ၅၅၊ ဗလီ ၁၊ ဘုရားကျောင်း ၁)၊ အစိုးရအဆောက်အအုံ ၂၆ ခုနှင့် လမ်းတံတား ၁၁ ခု တို့ဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်က ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ် ခတ်မှုကြောင့် ကန်စောက်ရွာဘုန်းတော်ကြီးကျောင်း စစ်ရှောင် နေအိမ် (၅၃) လုံး ရှိသည့် စစ်ဘေးရှောင် စခန်း တစ်ခုလုံးမှာ မီးလောင်ပြာကျသွားခဲ့ရသည်။

ကန်စောက်ကျေးရွာမှ ဒေါ်ဦးသာနုက “စစ်ဘေးရှောင်စခန်းက အရင်မီးလောင်တယ်။ အဲဒီအချိန်မှာ ကျမတို့က ဗုံးခိုကျင်းထဲမှာ ပုန်းနေတယ်။ လေယာဉ်တွေနဲ့လည်း ပစ်နေတော့ ထွက်ဖို့မရဘူး။ နောက်တစ်ခေါက်ထွက်ပြီး ကြည့်တော့ ဘယ်လိုမှ မငြိမ်းနိုင်ဘူး။ ဝန်ထုပ်တွေကိုလည်း ပြောင်းလို့ မရလိုက်တော့ဘူး” ဟု ရင်ဖွင့်သည်။

တိုက်ပွဲအတွင်း လမ်းတံတားပျက်စီးမှု 

“မလုပ်ရဲတာ ဘာမှမရှိ” ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီသည် ရခိုင်ပြည်မှာ AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံရန် ယခင်နှင့်မတူသည့် အဖျက်လုပ်ရပ်များကို ဗျူဟာတစ်ခုအဖြစ် ထုတ်သုံး၏။

မြို့၊ တပ်မဌာနချုပ်၊ တပ်ရင်း တပ်စခန်းများ တစ်ခုပြီး လက်လွှတ်လာရသဖြင့် စစ်ကောင်စီသည် ထိန်းချုပ် ထားဆဲမြို့နှင့် တိုင်းစစ်ဌာနချုပ်၊ တပ်မများ ထပ်သိမ်းမခံရရန် နှင့် AA အလွယ်တကူ မလာ ရောက်နိုင်စေရေးအတွက် ရခိုင်မြို့နယ် ၆ ခုတွင် လမ်း၊ တံတား ၁၁ ခုထက်မနည်းကို ဖျက်းဆီးထားသည်။

ပေါက်တောမြို့ကို လက်လွှတ်ရပြီးနောက် စစ်တွေ အဝင်အဓိက အရေးကြီးဆုံး အဝေးပြေး လမ်း မကြီး မင်းချောင်းတံတားကြီး (အမြင့်ကျွန်း) ကို စပြီး မိုင်ခွဲဖျက်ဆီးလိုက်သည်။ 

ဆက်လက်ပြီး အမ်းမြို့နယ်တွင် ကားလမ်း ၃ လမ်း၊ တောင်ကုတ်မြို့နယ်မှာ တံတားတစ်ခုနဲ့ ကားလမ်းတစ်ခု၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ တံတားတစ်ခု၊ ဘူးသီးတောင်မြို့နယ်မှာ တံတား ၃ စင်း၊ မောင်တောမြို့နယ်မှာ တံတား ၃ စင်း စုစုပေါင်း လမ်းတံတား ၁၂ ခုထက်မနည်းကို ဖျက်ဆီးခဲ့သည်။

မေလ ပထမအပတ်က မောင်တောဒေသတွင် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ၃ မိုင် ကျီးကန်း ပြင်ကားလမ်းမ ဇူလ(မွတ်ဆလင် )ရွာအနီးရှိ ၃ မိုင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြသည်။

“အဲဒီတံတားက ကျီးကန်းပြင် ကားလမ်းတစ်လျှောက်က ဒေသခံတွေအတွက် အဓိက ကျတယ်။ နခခ ၅ က စစ် ကောင်စီတပ်ဖွဲ့တွေ လာပြီးတော့ မိုင်းဖောက်ခွဲပြီး ဖျက်ဆီးသွားတာပါ။ စစ်ကောင်စီကတော့ ဒေသခံတွေရဲ့ အ ရေး ပါတဲ့တံတားတွေကို တစ်ခုပြီးတစ်ခု ဖျက်စီးနေတယ် ”  ဟု မောင်တော သုံးမိုင် ဒေသခံတစ်ဦးက ပြောသည်။ 

မေလ ၇ ရက် ညနေပိုင်းကလည်း ၃ မိုင် - သီဟိုအေးတံတား အပြင် မေလ ၆ ရက်နေ့က လှဖိုးခေါင်မှ မောင်တော သို့ဝင်သည့် မြို့ဝင်လဘော်ဇား တံတားကိုလည်း ဖျက်ဆီးလိုက်ကြသည်။

“ စစ်ကောင်စီက AA ထိုးစစ်ဆင်မှုတွေကို နှောင့်ယှက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်တာ ဖြစ် တယ်။ တစ်ဖက်မှာလည်း AA အတွက် ထောက်ပို့လုပ်လို့မရအောင် တားဆီးတဲ့သဘောပေါ့။” ဟု စစ်ရေးနိုင်ငံရေး လေ့လာသုံးသူတစ်ဦးက ပြောသည်။ 

ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်ကောင်စီသည် မေလ ၆ ရက်က ဘူးသီးတောင် - ရသေ့တောင်ကားလမ်းရှိ ပန်ဇင်းချောင်းတံတားနှင့် ဧပြီ ၂၅ ရက်တွင် ဘဂုံးနားကျေးရွာနှင့် ဆင်ကြီးပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

တိုးလာနေဆဲ စစ်ဘေးရှောင်ဦးရေ

HDCO ၏ မေ ၂၈ ရက်နေ့ ထုတ်ပြန်သည့် စာရင်းများအရ  ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ဘေးရှောင်ဦးရေ ၅၇,၂၃၀၀ ကျော် ကျော်ရှိကြောင်းဆိုသည်။ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ် အကူအညီ လိုအပ်ချက်များ မြင့်မားလျက်ရှိသည်။ 

ပုဏ္ဏားကျွန်းမြို့နယ် ဂူဝကျေးရွာက စစ်ဘေးရှောင် ဒေါ် ချိုချိုအေးက “ အခုလက်ရှိနေထိုင်တဲ့ မြေနေရာမှာ မိုးရာ သီ စပါးစိုက်ပျိုးချိန် နီးလာတော့ လယ်ပိုင်ရှင်က နေရာရွေ့ပြော င်းကြဖို့ ပြောထားတယ်။ ကျမတို့မှာ နေစရာ နေ ရာလည်း မရှိသေးဘူး။ အိမ်ပြန်ခွင့်လည်း မရကြသေးဘူး။ သွားဖို့ နေရာလည်း မရှိသေး။ တာဝန်ရှိသူတွေက မြေ နေရာ တစ်ခုခုလောက် စီစဉ်ပေးစေချင်တယ်” ဟုပြောသည်။

ဒေါ်ချိုချိုအေးတို့မိသားစုသည် ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးရှိ စစ်တွေ-ရန်ကုန်ကားလမ်းမ ကြီး ဘေးတွင် ယာယီ တဲထိုး နေထိုင်ကြခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက စစ်တွေမြို့ကနေ မကြာခဏ လက်နက်ကြီးများဖြင့် လှမ်းပြီး ပစ်ခတ်နေသည့်အတွက် မြို့တွင်းဝင်ရောက်နေထိုင်ခွင့် မရသေးပေ။

စစ်ကောင်စီက ရခိုင်ပြည်ကို လမ်းခရီးပိတ်ဆို့ထားသဖြင့် နိုင်ငံတကာနှင့်၊ ဒေသတွင်း အရပ်ဘက်အဖွဲ့ အစည်း များမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လွတ်လပ်စွာကူညီခွင့် မရကြပေ။ ယင်း၏ အကျိုးဆက်အဖြစ် စစ်ဘေးရှောင်များ ပိုနစ်နာကြောင်း ပြောဆိုကြသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့ စစ်ရှောင်တွေ မိုးရာသီ ကို လုံခြုံတဲ့ အမိုးအကာအောက်မှာ နေထိုင်ခွင့်ရဖို့ အကူအညီတွေပေးစေချင်တယ် ” ဟု စစ်တွေမြို့ကနေ လွတ် မြောက်နယ်မြေတစ်ခုတွင် ခိုလှုံနေသူ ဦးဇော်ဝင်းနိုင်က တောင်းဆိုသည်။ 

ယခုရက်ပိုင်း အပူချိန်မြင့်တက်မှု ကြောင့် ရခိုင်ဒေသအတွင်း စစ်ဘေးရှောင်စခန်းများရှိ ကလေးသူငယ်များနှင့် သက်ကြီးပိုင်းများမှာ ဖျားနာ၊ ခေါင်းမူး၊ အော့အန်စသည့် ရောဂါတို့အပြင် ရေရှားပါးမှုကြောင့် ဝမ်းလျှောဝမ်းပျက် ရောဂါလည်း  ဖြစ်နေကြသည်။

ထို့အတူ မေလ ၂၄ ရက်နေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် သူတို့ ထိန်းချုပ်ထားသည့် နယ်မြေ များတွင် စစ်ဘေးရှောင် ၅ သိန်းကျော်ရှိသည့်အနက် ဘူးသီးတောင်နှင့် မောင်တာမြို့နယ်အတွင်း စစ်ဘေးရှောင် ၂ သိန်းခန့်ရှိနေပြီး လာမည့်မိုးရာသီအတွက်   နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ကူညီမှုပေးကြပရန် တောင်းဆိုထားသည်။

အရပ်သားကို ဦးတည်တိုက်ခိုက်မှု 

နိုင်ငံအနှံ့စစ်မျက်နှာတွင် အကျအရှုံးများနေသည့် စစ်ကောင်စီသည် လေကြောင်းကို အဓိက အသုံးပြုလျက်ရှိသည်။ ကြည်းတပ်၊ ရေတပ်များ အဆင်မပြေတော့၍ ၎င်းတို့လက်လွှတ်ထားရသည့် မြို့နယ်များနှင့် တိုက်ပွဲပြင်းထန်သည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

AA ထိန်းချုပ်ထားသည့် ဒေသများကိုလည်း ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှု နေ့စဉ်ရှိနေသည်။

ကျောက်တော်ဒေသခံ ဒေါ်နွယ်နွယ်က “ကျမတို့ဒေသမှာ စစ်ပွဲမရှိတော့ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့ညမရွေး ကြောက်နေရတယ်” ဟု ပြောသည်။ 

ရခိုင်ဒေသတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်ထိ လေးလတာအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၈၇ ခုနှင့် အကြိမ်ရေ ၄၀၉ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် ၈၁၉ ခုနှင့် အကြိမ်ရေ ၂,၅၆၇ ကြိမ်ရှိခဲ့သည့်အထဲ ရခိုင်တွင် ၄၀၉ ကြိမ်ဖြင့် ပစ်ခတ်မှုအကြိမ်ရေ အများဆုံးဖြစ်သည်။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက “ကြည်းတပ်အင်အား အလုပ်မဖြစ်တဲ့အခါမှာ စစ်ကောင်စီက ပြည်သူတွေကိုပဲ မဲပြီးတော့ လေယာဉ်နဲ့ပစ်တာတွေ၊ အဝေးကလက်နက်ကြီးနဲ့ပစ်တာ တောက်လျှောက် လုပ်နေတယ်။ ပြည်သူကို အကျပ်ကိုင်ပြီးတော့ အနိုင်တိုက်မယ်ဆိုတဲ့ နည်းဗျူးဟာတစ်ခုပေါ့” ဟု ပြောသည်။

စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်ထိ ၆ လအတွင်း ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦး စုစုပေါင်း ၉၀၈ ဦးရှိကြောင်း ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်သည်။ 

အရပ်သားထိခိုက်သေဆုံးမှုများမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် မြေမြှုပ်မိုင်းများကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

ထို့အတူ မေလ ၂၈ ရက် AA ထုတ်ပြန်ချက်အရ ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်ထိ ခြောက်လတာအတွင်း အရပ်သားပြည်သူ ၄၂၅ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထားကြောင်း ဆိုသည်။

ကုန်စျေးနှုန်းအခြအေနေ 

ရခိုင်ဒေသတွင် ကုန်ပစ္စည်းများပြတ်လပ်ပြီး ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်မားနေသည်။ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းသည့် ကုန်းလမ်း၊ ရေးလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။ 

ထိုသို့ ပိတ်ဆို့မှုများကြားမှ ရခိုင်ဒေသခံများမှာ ဒေသတွင်းစားနပ်ရိက္ခာအတွက် ရသည့်နည်းလမ်းများဖြင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်ကြီးမားစွာဖြင့် သွင်းယူခြင်းများ ရှိနေသည်။

အိန္ဒိယမှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းတင်သွင်းနေမှုကို ဧပြီလ ဒုတိယအပတ်မှစ၍ အိန္ဒိယဘက်က အကန့်အသတ်မဲ့ ပိတ်ပင်လိုက်သဖြင့် ပလက်ဝမှတစ်ဆင့် ကုန်သွယ်နေရသည့် ရခိုင်ဒေသတွင် ကုန်စည်များ ပြတ်လပ်လာသည်။ 

“အခုက ရှာမရတဲ့ကုန်ပစ္စည်းတွေ ပိုများလာတယ်။ ဝယ်ချင်တာကို ဝယ်လို့မရတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း တော်တော်လေး ပြန်တက်လာတယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲမဖြစ်မီ ရခိုင်ဒေသအတွင်း ကြက်သွန်နီ/ဖြူ တစ်ပိဿာကို ငွေကျပ် ၄,၀၀၀ ကနေ ယခုအခါ ၃၀,၀၀၀နှင့် ၄၀,၀၀၀ ကျပ်ကြား၊ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၁,၀၀၀ ကနေ ငွေကျပ် ၄၀,၀၀၀ ထိ၊ စားအုန်းဆီတစ်ပိဿကို ငွေကျပ် ၅,၀၀၀ ကနေ လက်ရှိတွင် ၂၀,၀၀၀၊ ကြက်ဥတစ်လုံးကို ငွေကျပ် ၃၀၀ ကနေ လက်ရှိတွင် ၁,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် အလုပ်လက်မဲ့ဦးရေ များပြားလာပြီး အဓိက ငွေကြေးစီးဆင်းနေသည့် ဘဏ်လုပ်ငန်းများလည်း ရပ်တန့်နေသဖြင့် ဒေသခံများမှာ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့နေကြရသည်။

စိုးရိမ်စရာ လူမျိုးရေးပဋိပက္ခ

ရခိုင်တပြည်လုံးသိမ်းပိုက်ရန် တာစူထားပြီး လက်ရှိစစ်ရေးအရ အသားစီးရနေသည့် အာရက္ခတပ်တော်အတွက် မတူညီသည့် ထိုးနှက်ချက်တစ်ခု ထွက်ပေါ်လာသည်။ ယင်းမှာ ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲအပြီးတွင် မတူညီသည့်လူမျိုးစုအကြား AA က လူ့အခွင့်အရေးချိုးဖောက်သည်၊ ဂျီနိုဆိုက်အထိရည်ရွယ်သည် ဆိုသည့် စွပ်စွဲမှု ပိုပြီးပြင်းထန်လာခြင်းပင် ဖြစ်သည်။ 

ဘူးသီးတောင်တွင် AA က မွတ်ဆလင် နေအိမ် ၅,၀၀၀ ခန့်ကို မီးရှို့ကာ လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း၊ မွတ်ဆလင်အရေးလှုပ်ရှားသူများ၊ NUG လူ့အခွင့်အရေးဝန်ကြီး၊ ကုလသမဂ္ဂအပါဝင် အခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း မွတ်ဆလင်များအတွက် စိုးရိမ်ကြောင်းနှင့် မြေပြန်အမှန်တရားကို AA က ထုတ်ပြန်ပေးရန် ဖိအားပေးနေကြသည်။ 

ထို့အတူ စစ်ကောင်စီသည် ရခိုင်တွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်အောင်လှုံ့ဆော်ပြီး AA ထိုးစစ်ကို ရပ်တန့်နိုင်ရန် ကြိုးစားခဲ့ကြောင်း စစ်ရေးအကဲခတ်တို့က သုံးသပ်ကြသည်။ 

ယင်းအပြင် ရခိုင်ပြည်တွင်း နေထိုင်သူ မွတ်ဆလင်များနှင့် နိုင်ငံခြားတွင် နေထိုင်သည့် မွတ်ဆလင်များ၏ အကျိုး စီးပွား မတူညီခြင်း စစ်ကောင်စီ၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးမှု၊ ARSA၊ RSO၊ ARA စသည့် အကြမ်း ဖက် အဖွဲ့များ၏ တိုက်ခိုက်မှုများထဲတွင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကို  သေချာ ချင့်ချိန်စဉ်း စားရ ကြောင်း လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“ဘူးသီးတောင်မှာ ကျနော်တို့ကအရမ်းသတိထားတယ်။ လူမျိုးရေးဘာသာရေး အရမ်း Sensitive (ထိလွယ်ရှလွယ်) ဖြစ်တယ်။ ပြီးမှ ပုံစံအမျိုးမျိုးနဲ့တိုက်ခိုက်ပြီးတော့ နိုင်ငံတကာမှာ ကျနော်တို့ကို လူဆိုးစာရင်းသွင်းဖို့ စစ်ကောင်စီရဲ့ အာဂျင်တာကို အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အတွက် ပိုပြီး သတိထားရတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမတိုင်မီ မေ ၁၇နေ့တွင် ပြည်ပနေ မွတ်ဆလင်များက မွတ်ဆလင်နေအိမ် ၅,၀၀၀ ကျော်ကို AA မီးရှို့ခဲ့ကြောင်း၊ လူပေါင်းရာချီကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်ကနေ အတင်းအကျပ် ရွှေ့ပြောင်းခြင်း စသည့် ဂျီနိုဆိုက် ကျူးလွန်မှုကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်ပွဲအတွင်း ပြည်သူ အသက်သာ အရေးကြီးဆုံးဟု ခံယူ ကာ လူထုကို အကာကွယ်ပေးရန် လိုအပ်ချက်အရ ရွှေ့ပြောင်းပေးရန် သတိပေးမှုများ သာရှိခဲ့ပြီး မီးရှို့မှုများ မရှိ ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း AA ၏ အရပ်သားဘေးကင်းရေး ထုတ်ပြန်ချက်များကို နိုင်ငံခြားရောက် မွတ်ဆလင်နှင့် အခြားအဖွဲ့ လော်ဘီများက အကောာင်းမမြင်ဘဲ သတင်းအမှားများနှင့် ဝါဒဖြန့်ခြင်းများသာ ဆက်တိုက်ပြုလုပ်ကြောင်း  ဗိုလ် ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

AA ၏ မြေပြင် မှတ်တမ်း စုစည်းချက်အရ ဘူးသီးတောင်ကို AA မသိမ်းမီ (မေ ၁၇ ရက်နေ့) ဘူးသီးတောင် မြို့နယ် တွင် စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင် လက်နက်ကိုင်များ မီးရှို့မှုကြောင့် မွတ်ဆလင်မဟုတ်သည့်  နေအိမ် ပေါင်း ၂,၃၂၇ လုံး မီးရှို့ခံလိုက်ရပြီဖြစ်ကြောင်း AA က ပြောသည်။

ယင်းအထဲတွင် ဘာသာရေး အဆောက်အအုံ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ အာရ်ဘီ (အစ္စလာမ်)၁ ကျောင်း၊ ဟိန္ဒူဘုရား ကျောင်း ၂ ကျောင်း၊ ခရစ်ယန် ချက်စ်ကျောင်း ၂ ကျောင်းပါဝင်ကြောင်း သိရသည်။ ယင်း အကြောင်းအရာများကို နိုင်ငံခြားနေ ပုဂ္ဂိုလ်တစ်ချို့က ဂြိုလ်တုပုံများဖြင့် မြေပြင် အခြေအနေမသိဘဲ ဝါဒဖြန့်ခြင်း သာဖြစ်ပြီး AA ထံတွင် မှန်ကန် ခိုင်လုံသည့် အထောက်ထားများရှိကြောင်း ဆိုသည်။ 

ရခိုင်ပြည်ရဲ့ အနာဂတ်

ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၅၉ မြို့ထိရှိသည်ဟု BNI-Myanmar Peace Monitor က ထုတ်ပြန်သည်။ 

ရခိုင်တွင် ၁၀ မြို့ပါဝင်ပြီး ရခိုင်မြောက်ပိုင်းကို AA စစ်ကောင်စီကင်းစင်နယ်မြေဖြစ်နေသည်။

ဆက်လက်ပြီး ရခိုင်တပြည်လုံးကို ရရှိရေးအတွက် အပြင်းထန်ထိုးစစ်ဆင်မည်ဟု AA ထုတ်ပြောထားသည်။ တော်လှန်ရေးလွန်ကာလတွင် AA သည် မြန်မာနိုင်ငံထဲမှ ခွဲမထွက်ဘဲ ကွန်ဖက်ဒရေးရှင်း နိုင်ငံရေးအဆင့်အတန်းဖြင့် နေမည်ဟု တရားဝင်ပြောထားသည်။

“ရခိုင်ပြည်အတွက် ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို မျှော်မှန်းပြီးလုပ်နေတယ်။ တိုက်ပွဲဝင်နေတယ်။ ရပ်တည်ချက်မပြောင်းဘူး။ သူများဆီကလည်း တောင်းနေမှာမဟုတ်ဘူး၊ မရရအောင် တိုက်သင့်ရင် တိုက်မယ်။ ပြီးမှတည်ဆောက်သွားမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA နှင့် အင်တာဗျူးတွင် ပြောသည်။

AA အနေဖြင့် NUG၊ ချင်းတော်လှန်ရေးအဖွဲ့များ၊ DKBA၊ ရှမ်းမြောက်၊ ပလောင်၊ ကိုးကန့်၊ မြန်မာပြည်အလယ်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကောင်းမွန်သည့်မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း ဆိုသည်။

ပြည်ထောင်စု ထူထောင်သည့်အခါလည်း တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ Coming Together အတူတကွ ပူးပေါင်းနေထိုင်ခြင်းမျိုးကို နှစ်သက်ကြောင်းနှင့် ပြည်တွင်းပြဿနာဖြေရှင်းရာတွင် ပြည်ပလွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် သတိထားဖို့ကိုလည်း နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ AA တပ်ချုပ်က ထောက်ပြခဲ့သည်။

“၂၀၂၅ မှာ ရခိုင်ပြည်မှာ ငါတို့စုဝေးပြီးတော့ အောင်ပွဲတစ်ခုကျင်းပဖို့ မှန်းထားတယ်။ ဒါကိုဖြစ်အောင် အလုပ်နဲ့ သက်သေပြ။ လက်တွေ့ဖြစ်အောင် ကြိုးစားကြမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ တပ်ဖွဲ့ဝင်များကို အသိပေးထား၏။ 

ဗီဒီယိုများ