- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
ဧရာဝတီတွင် AA ထိန်းချုပ် နယ်မြေအချို့ကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်
ဆင်ကနီနှင့် ကွင်းကလေးကျေးရွာတို့ကို စစ်ကောင်စီက မတ်လ ၄ ရက်တွင် အင်အားစုပြီးနောက် ကြည်းတပ်အပါအဝင် လေကြောင်းတို့မှ ဂျက်တိုက်လေယာဉ်၊ စက်တပ် လေထီးများဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
09 Mar 2025

DMG ၊ မတ် ၉
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ အာက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ဆင်ကနီနှင့် ကွင်းကလေးကျေးရွာတို့ကို စစ်ကောင်စီက မတ်လ ၄ ရက်တွင် အင်အားစုပြီးနောက် ကြည်းတပ်အပါအဝင် လေကြောင်းတို့မှ ဂျက်တိုက်လေယာဉ်၊ စက်တပ် လေထီးများဖြင့် ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
" ထိုးစစ်ဆင်တဲ့ အထဲမှာလည်း ကြည်းကြောင်းရော့ လေကြောင်းကပါ စစ်တပ်လေထီးတွေနဲ့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေတာ ဖြစ်တယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက AA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးတော့ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်တယ်" ဟု မြေပြင်အခြေအနေသိရှိသူ သာပေါင်းဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် နေရာအနီးရှိ သက္ကပြင်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာအနီးသို့ စစ်ကောင်စီ၏ သာပေါင်းမြို့နယ်အခြေစိုက် ခမရ ခမရ (၃၀၈) တပ်ရင်းက မတ်လ ၄ ရက်နေ့မှ စ၍ စစ်ကူအင်အားများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်ရှိ ကြက်သွန်ကွင်း - မကျီးဇင်လမ်းပိုင်းရှိ ခမရ (၃၀၈) တပ်ရင်း၏ ရှေ့တန်းကာကင်း ဖြစ်သည့် ကင်းပွန်းချဉ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက မတ် ၂ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိ သဲဖြူကျေးရွာ အနီးတစ်ဝိုက်မှာလည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
"မြေပြင်မှာက အရပ်သားတွေ မရှိကြတော့ တိုက်ပွဲ အတိမ်အနက်ကို သိဖို့ ခက်တယ်။ စစ်ကောင်စီကတော့ အဲဒီလမ်းပိုင်းကို ဆုံးရှုံးရမှာကို စိုးရိမ်နေတာကြောင်း ပြည်သူ့စစ်တွေ အပါအဝင် အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်" ဟု နောက်ထပ် သာပေါင်းဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး ဇန်နဝါရီလ အစောပိုင်းကတည်းက ဧရာဝတီတိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ အပါအဝင် တပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။
လက်ရှိ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်များမှာ ဧရာဝတီတိုင်းအပြင် ပုသိမ်မြို့နယ်အထိ စစ်မျက်နှာဖွင့်ထားသည်။