- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ပန်းကန်ကွဲစခန်းကျပြီးနောက် စစ်ကောင်စီက ညောင်ကျိုးတွင် ခံစစ်ပြင်
ရခိုင် - ပဲခူးနယ်စပ်၊ တောင်ကုတ် - ပန်းတောင်းလမ်းရှိ ပုဂံကွဲစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် ညောင်ကျိုးကျေးရွာတွင် စစ်ကောင်စီက ခံစစ်ပြင်နေကြောင်း သိရသည်။
17 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၇
ရခိုင် - ပဲခူးနယ်စပ်၊ တောင်ကုတ် - ပန်းတောင်းလမ်းရှိ ပန်းကန်ကွဲစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် ညောင်ကျိုးကျေးရွာတွင် စစ်ကောင်စီက ခံစစ်ပြင်နေကြောင်း သိရသည်။
ပန်းကန်ကွဲရွာအနီးက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် AA က သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ယင်းမှ တပ်ဆုပ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုအခါ ညောင်ကျိုးကျေးရွာရှိ စခန်းတွင် ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အာရက္ခတပ်တော်၏ ထိုးစစ်ကိုခုခံရန် ညောင်ကျိုးကျေးရွာတွင် ခံစစ်အခိုင်အမာပြင်ဆင်ထားပြီး ညောင်ခြေထောက်ကျေးရွာအနီး အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ (၆) မှ လက်နက်နှင့်တပ်သား အင်အားများအလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။
“ညောင်ခြေထောက်ကနေ ညောင်ကျိုးကို အင်အားတွေ ထပ်ဖြည့်နေတယ်။ ညောင်ကျိုးနဲ့ ညောင်ခြေထောက်က သိပ်မဝေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် AA နဲ့ ပူးပေါင်းအဖွဲ့က ညောင်ကျိုးကို ရအောင်တိုက်မှာ သေချာတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အာရက္ခတပ်တော် (AA) သည် စကခ ၅ ရှိသည့် တောင်ကုတ်မြို့နယ်ကိုသိမ်းပြီးနောက် တောင်ကုတ် -ပန်းတောင်းလမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ကာ တောင်ပုံကြီး၊ မိုးထိတောင်တို့ကိုသိမ်းပိုက်ပြီး ကပစ (၆) ရှိရာ ညောင်ခြေထောက်သို့ချီတက်လာခြင်း ဖြစ်သည်။
ယင်းအပြင် AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်သည် ပုသိမ် - မုံရွာလမ်းမှတစ်ဆင့် ပဲခူးတိုင်းအနှံ့ ဆက်လက်ထိုးစစ်ဆင်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
“အေအေက ပဲခူးနဲ့ မကွေးဖက်က PDF တပ်တွေနဲ့ပေါင်းပြီးတော့ တောင်ကုတ် -ပန်းတောင်းလမ်း တစ်လျောက်ကနေ ပုသိမ် - မုံရွာလမ်းကိုသွားနေသလို အမ်း - ပဒါန်းလမ်းကလည်း ပုသိမ် - မုံရွာလမ်းကို ရောက်အောင်သွားနေတာလို့ သုံးသပ်လို့ရတယ်” ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာနေသူ လူငယ်တစ်ဦးက သုံးသပ်သည်။
တောင်ကုတ် - ပန်းတောင်းလမ်းရှိ ညောင်ကျိုးကျေးရွာသည် စစ်ရေးအရအရေးပါသည့် နေရာဖြစ်ပြီး ယခင်ကတည်းက စစ်ကောင်စီဌာနပေါင်းစုံ စုပေါင်းစစ်ဆေးရေးဂိတ်ရှိသည့် နေရာဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။
AA နှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ် တဖြည်းဖြည်းနီးကပ်လာခြင်းကြောင်း ဥသျှစ်ပင်မြို့တွင် ခံစစ်ပြင်ဆင်မှုများနှင့် လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်နေကြောင်းမြို့ခံများက ဆိုကြသည်။
အာရက္ခတပ်တော်ထိုးစစ်ဆင်နေသည့် ဧရာဝတီမြစ် အနောက်ဘက်နှင့် ရခိုင်ရိုးမ အရှေ့ဖက်ခြမ်းနယ်မြေတို့သည့် စစ်ရေးအရ မဟာဗျူဟာကျသည့် နယ်မြေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။