ဟန်ပြအမတ်လောင်းတွေ ထပ်ရွေးကြအုံးမှာလား

နောက်တစ်ချက်က ရွေးကောက်ပွဲနှစ်ခုကို ကျော်ဖြတ်ပြီးလာတဲ့ အချိန်အထိ ရခိုင်ပါတီတွေဟာ နိုင်ငံရေးအရ လိုအပ်တဲ့လူထုကို ဦးဆောင်မဲ့ ခိုင်မာတဲ့မူဝါဒတွေနဲ့ စနစ်တစ်ကျ တည်ဆောက်ထားနိုင်တဲ့ပါတီတော့ မရှိသေးပါဘူး။ ကြုံသလို ရှေ့ဆက်နေကြတဲ့ အဆင့်နဲ့ပဲ ခရီးဆက်နေကြတယ်ဆိုတာ ကုန်ခဲ့တဲ့ဆယ်နှစ်တာကာလရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

By နဒီလှိုင်း(ရက္ခပူရ) 22 Jul 2020

နဒီလှိုင်း(ရက္ခပူရ) ရေးသားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာပြီးနောက်ပိုင်း လူထုရွေးချယ်ခွင့်နဲ့ ပါတီနိုင်ငံရေးဖြတ်သန်းမှု တတိယ အကြိမ်ရွေးကောက်ပွဲကို (၂၀၂၀)ခုနှစ် နိုဝင်ဘာ(၈)ရက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာထဲမှာ ရခိုင်ပါတီတွေ အမတ်လောင်းကို ဘယ်လိုရွေးကြမလဲ ဆိုတာပါပဲ။

ရခိုင်လူမျိုးအများစုဟာ ပြီးခဲတဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေး၊ အမျိုးသားရေး တာဝန်တွေ ကျေပွန်ခဲ့ကြပေမယ့် ရခိုင်နိုင်ငံရေးပါတီက လွှတ်တော်အမတ်တွေ တာဝန်ကျေခဲ့ကြရဲ့လားဆိုတာ ဒီနေ့အချိန်အခါ မေးခွန်းဖြစ်လာတယ်လို့ စာရေးသူ ခံစားမိပါတယ်။

ဆိုလိုတာက ရခိုင်အများစုဟာ ရခိုင်ပါတီတွေကို ရွေးချယ်ပေးခဲ့ပြီး အမတ်တွေ နိုင်ငံရေးသမားတွေအဖြစ် နိုင်ငံရေးဇာတ်ခုံပေါ် တင်ပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုက အမတ်တွေ ရခိုင်ပြည်အတွက် ဘယ်လိုနိုင်ငံရေးတွေ လုပ်ခဲ့ကြပြီလဲဆိုတာ ပြန်သုံးသပ်ပြီးမှ လာမယ့်ရွေးကောက်ပွဲအတွက် ရွေးချယ် ကြတော့မှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီတစ်ခုတည်းကသာ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရခိုင်ပါတီတစ်ခုကနေ သုံးပါတီဖြစ်သွားတာ၊ ပြည်ထောင်စုအစိုးရရဲ့ချုပ်ကိုင်လိုမှု၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အာဏာရှင်စနစ်ကြောင့် အစိုးရဖွဲ့ခွင့်တော့ မရရှိခဲ့ကြပါဘူး။

အဲဒါကြောင့်လည်း ရခိုင်ပြည်အတွက် ပါတီနိုင်ငံရေးထဲကနေ ပြည်သူဖွံ့ဖြိုးရေးအတွက် သိသိသာသာ မလုပ်ခဲ့ကြပေမယ့် အမတ်တွေအများစုကတော့ သိသိသာသာ ဖွံ့ဖြိုးသွားကြတာကို တွေ့ရတယ်လို့ပြောရင် သိပ်လွန်လွန်းမယ်တော့ မထင်ပါဘူး။

ဒါကြောင့်ထင်ပါရဲ့ ၂၀၂၀ အစပိုင်းကတည်းက လဖက်ရည်ဆိုင်စကားလုံးတစ်လုံး အသစ်ပေါ်လာပါတယ်။ “စီးပွားရေးသမားတစ်သက် နိုင်ငံရေးသမားတစ်ချက်”တဲ့။ ရခိုင်ပြည်နယ်အမတ်တွေကလည်း အစိုးရဖွဲ့ခွင့် မရလို့သာ အမဲရောင်စတေကာတွေ တပ်ဆင်ဆန္ဒထုတ်ဖေါ်ခဲ့ကြပေမယ့် ပြည်နယ်အစိုးရလက်ထဲက ကန်ထရိုက်ခွဲတမ်းနဲ့ ကုမ္ပဏီတွေကတော့ လက်ညှိုးထိုး မလွဲခဲ့ကြပါဘူး။

၂၀၁၅ ရွေးကောက်ပွဲကနေတက်လာတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာလည်း ရခိုင်ပြည်နယ်အတွင်းလိုအပ်တဲ့ ဖွံ့ဖြိုးရေးကအစ သိသာတဲ့ပြောင်းလဲမှုတစ်စုံတစ်ခုထိ လုပ်ဆောင်နိုင်ခဲ့တာကို မတွေ့ရပေမယ့် လူမှုအဖွဲ့ အစည်းတွေရဲ့ လှုပ်ရှားမှုတွေ အတော်များများအတွက်တော့ တောက်လျှောက်တရားစွဲဆိုနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

လူထုအစိုးရစစ်စစ်လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ရခိုင်ပြည်အတွင်းမှာ ပုဒ်မအမျိုးမျိုးတပ် တရားစွဲမှုတွေက ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်ကထက် ရာနှုန်းတော်တော်များများ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခအတွင်း သံသယနဲ့ စစ်တပ်က ဖမ်းဆီးခံရသူတွေ၊ စစ်တပ်က စစ်ဆေးစဉ် ကာလအတွင်း သေဆုံးသွားတဲ့ အရပ်သားတွေ၊ တရားစွဲဆိုခံရသူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အတွက် လွှတ်တော်အမတ်တွေ၊ ရခိုင်နိုင်ငံရေးပါတီတွေအနေနဲ့ လူထုဘက်က မြင်သာတဲ့ရပ်တည်မှုတွေ မတွေ့ရသလို အပြစ်မဲ့သေဆုံးရသူတွေ၊ ဖမ်းဆီးနှိပ်စက်ခံရသူတွေအတွက် လွှတ်တော်ကိုယ်စားလှယ်အများစု ကတော့ ဒီနေ့ထိ အသံတိတ်နေတာ တွေ့ရပါတယ်။

ဒါဟာ နောက်ထပ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တက်လာမယ့် အမတ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် ရင်ဆိုင်ရမှာ သေချာပါတယ်။ အခုချိန်ထိ အမတ်တွေအပေါ်မှာ လူထုထင်မြင်ချက်တွေ ပြောဆိုသံတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် မဟာစိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

သို့သော်လည်း ရခိုင်လူထုအနေနဲ့တော့ လာမယ့်ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်အတွင်း ပြည်မပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ NLD ပါတီတွေက ရွေးကောက်ပွဲအနိုင်ရစရာ အကြောင်းမရှိပါဘူး။
သို့သော်လည်း ရခိုင်ပါတီတွေအနေနဲ့ ၂၀၁၅ မှာ ရှုံးနိမ့်ခဲ့တဲ့ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်တွေကို အဓိကထား စည်းရုံးတာမျိုး မတွေ့ရတဲ့အတွက် ဒီရွေးကောက်ပွဲမှာလည်း အဲဒီမဲဆန္ဒနယ်တွေကို ရခိုင်နိုင်ငံရေးပါတီတွေ အနေနဲ့ ဆက်ပြီး လက်လွှတ်ဆုံးရှုံးနေအုံးမယ် ထင်ပါတယ်။

၂၀၁၅ မှာ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် အင်းအားကြီးနှစ်ပါတီဖြစ်တဲ့ (RNDP-Rakhine National Development Party) နဲ့ (ALD- Arakan League for Democracy)တို့ ပေါင်းစည်းခဲ့ကြ ပြီးနောက် ရခိုင်တစ်ပါတီကနေ ၂၀၁၉ မှာ အင်အားကြီးပါတီကြီးသုံးခုအဖြစ် ထွက်ရပ်တည်လာကြတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှု အများစုကိုရယူထားတဲ့ ဒေါက်တာအေးမောင် ထောင်ချခံထားရတဲ့အတွက် ရခိုင့်ဦးဆောင်ပါတီ ထင်သလောက်အင်အားရှိနိုင်မှာ မဟုတ်ဘူးလို့ ထင်ရပေမယ့် ၂၀၁၈ ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရခိုင်အင်အားကြီး ရခိုင်အမျိုးသားပါတီတောင် ဝက်ဝက်ကွဲရှုံးခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးလူထုထောက်ခံမှု အရှိန်အဝါကြောင့် တစ်ချို့နေရာတွေအနိုင်ရမှာ သေချာပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း နေရာစုံအောင် ဝင်ရောက်ယှဉ်ပြိုင်ဖို့တောင် အခက်အခဲ ရှိနေအုံးမှာဖြစ်ပြီး ပြည်မပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ နီးစပ်တယ်ဆိုတဲ့ လူထုထင်မြင်ချက်ကြောင့် ရခိုင်လူထုထောက်ခံမှု အားနည်းနေဦးမယ်လို့ ယူဆပါတယ်။

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကသာ နေရာအများစုကို ရရှိနိုင်ပေမယ့် စနစ်တစ်ကျနဲ့ ပါတီကိုမတည်ဆောက်ခဲ့တာ၊ ရခိုင်အမျိုးသားပါတီကနေ ထွက်ခွာသူတွေကို ထွက်ခွင့်မပေးဘဲထားတာ၊ ကိုယ်ထုတ်ချင်သူကို ထုတ်ပစ်ခြင်းတို့ကြောင့် လာမယ့်ရွေးကောက်ပွဲဟာ ရခိုင်ပါတီတွေအတွက် အချင်းချင်း ညစ်ပတ်ကြတဲ့ အခြေအနေထိ ရှိလာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးသာ တစ်ကယ်ရှိလာရင် ရခိုင်လူထုဟာ နိုင်ငံရေးပါတီတွေကို ပိုမိုစိတ်ကုန်လာတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ရည်ကိုင်ရည် အားနည်းခဲ့တာတွေနဲ့ နိုင်ငံရေးခုတုံးလုပ် ကိုယ်ကျိုးရှာခဲ့ကြတဲ့ အခြေအနေတွေဟာ လူထုအတွက်တော့ စိတ်ပျက်စရာတစ်ခုလို မကြားချင်မှအဆုံး လူထုကြားထဲ ကြားနေ မြင်နေရတဲ့ စည်းကမ်းမဲ့ နိုင်ငံရေးသမားတစ်ချို့ကြောင့် ရခိုင်ပြည်အတွင်း ပါတီနိုင်ငံရေးဟာ လက်ရှိအချိန် မှာတော့ ရခိုင်လူထုအတွက် အားကိုးရာတစ်ခုလို့ သတ်မှတ်ကြတာ မတွေ့ရသလောက်ပါဘဲ။

နောက်တစ်ချက်က ရွေးကောက်ပွဲနှစ်ခုကို ကျော်ဖြတ်ပြီးလာတဲ့ အချိန်အထိ ရခိုင်ပါတီတွေဟာ နိုင်ငံရေးအရ လိုအပ်တဲ့လူထုကို ဦးဆောင်မဲ့ ခိုင်မာတဲ့မူဝါဒတွေနဲ့ စနစ်တစ်ကျ တည်ဆောက်ထားနိုင်တဲ့ပါတီတော့ မရှိသေးပါဘူး။ ကြုံသလို ရှေ့ဆက်နေကြတဲ့ အဆင့်နဲ့ပဲ ခရီးဆက်နေကြတယ်ဆိုတာ ကုန်ခဲ့တဲ့ဆယ်နှစ်တာကာလရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စလို့ ပြောလိုက်ရင် ဈေးကွက်၊ ထုတ်ကုန်၊ သဘာဝသယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မြေယာ စတဲ့ကဏ္ဍတစ်ခုချင်းစီအလိုက် တိကျတဲ့မူဝါဒတွေ မရှိကြသေးတာ တွေ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကုန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲလို အမျိုးကိုချစ် သွေးကိုစစ်နဲ့ ဝင်ပြိုင်လို့ မရတော့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလကို ကြည့်လိုက်ရင် ဒီစကားတစ်လုံးတည်းသာရှိတဲ့အပြင် ရခိုင်လူထု အနေနဲ့လည်း တစ်ခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ရခိုင်ပြည်သူတွေအတွက် ရွေးချယ်စရာ ပါတီတွေ ရှိလာခဲ့သည့်တိုင် ရခိုင်ပြည်သူ အများစုကတော့ နိုင်ငံရေးပါတီတွေအပေါ် စိတ်ဝင်စားမှု လျော့ကျ သွားတဲ့ ကာလလည်း ဖြစ်ပါတယ်။

သေချာတာကတော့ ၂၀၁၅ လို ရခိုင်တွေ အုံလိုက်ကျင်းလိုက် မဲပေးကြတော့မှာ မဟုတ်တော့ပါဘူး။ ၂၀၁၅ ရွေးချယ်ပွဲကလို ရခိုင်လူထုအတွက် ဖက်ဒရယ်အိမ်မက်ကိုလည်း ရွေးကောက်ပွဲနဲ့ ပါတီနိုင်ငံရေးထဲကရလာ လိမ့်မယ်လို့ ရခိုင်လူထုက မယုံကြည်ကြတော့ပါဘူး။

ဒီအချိန်မှာ ရခိုင်တွေလိုလားတဲ့ နိုင်ငံရေးအိမ်မက်ကို ရခိုင်ပြည်သူအများစုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားတဲ့ ရခိုင့်တပ်တော်(AA)ကသာ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ ရခိုင်ပြည်သူတွေက ယုံကြည်နေကြတဲ့အချိန် ဖြစ်ပါတယ်။

ဒီမိုကရေစီရှင်သန်ပြီး တန်းတူအခွင့်အရေးအတွက် တရားဝင်နိုင်ငံရေးပါတီတွေ ရှင်သန်ဖို့လိုအပ်တယ်ဆိုပေမယ့် ရခိုင်ပြည်နယ်အတွင် လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နေရပ်စွန့်ခွာနေရသူတွေ များနေတာကြောင့် ရခိုင်တွေအများစုဟာ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေကလည်း တိုင်းရင်းသားတွေ လိုလားနေတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာကို တိုင်းရင်းသား လူထုတွေကပါ ဝန်းရံထောက်ခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လုံးဝမမြင်ခဲ့ရတာကြောင့် လာမယ့်ရွေးကောက် ပွဲဟာ တိုင်းရင်းသားဒေသတွေမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပြည်မပါတီတွေလည်း အနိုင်ရဖို့ အခက်တွေ့နိုင်ပါတယ်။

ဆိုတော့ လာမယ့်ရွေးကောက်ပွဲကနေ တက်လာတဲ့ ရခိုင်ပြည်ကိုယ်စားပြု ပါတီကိုယ်စားလှယ်တွေလက်ထဲကို ခြေဥမပြင်ဘဲလည်း ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုက တိုက်ရိုက်ခန့်အပ်နိုင်ဖွယ်ရှိသလို ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်းရင်းသားပါတီတွေကခန့်အပ်ပြီး အစိုးရအဖွဲ့ဝင်အများစုဟာ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်အပ်တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း နယ်/လုံကို အာဏာအများစုကိုပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ယောင်ပြခန့်အပ်ကာ ဗဟိုချုပ်ကိုင်မှုကို ပိုမိုအားကောင်းအောင် လုပ်လာနိုင်ခြေ ရှိပါတယ်။

ဖြစ်လာနိုင်ခြေကို တွက်ချက်ဖို့ ခက်ခဲနေတဲ့အခြေအနေမှာ အခု အရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်တွေ အနေနဲ့ ဘက်စုံထူးချွန်နေပါမှ ရခိုင်ပြည်ရဲ့အနာဂတ်ကို ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် ကိုယ်စားလှယ်လောင်းတွေ မထွက်ပေါ်ခင်မှာ ရခိုင်ပါတီတွေအနေနဲ့ ဘယ်လောက်ထိ ကိုယ်စားလှယ်တွေအတွက် အခြေခံစံသတ်မှတ်ချက်တွေနဲ့ ဘယ်လိုလူတွေကို ရွေးချယ်ဖို့ပြင်ဆင်နေကြပြီလဲ၊ ဖြစ်လာနိုင်တဲ့ အစိုးရကို ဖွဲ့ခွင့်ရကြမယ်ဆိုရင် ဗဟိုအစိုးရရဲ့ ခိုင်းဖတ်ဖြစ်မသွားအောင် ပါတီတွေရဲ့ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒတွေကို ထုတ်သုံးကြမလဲဆိုတာ ပြည်သူတွေအနေဖြင့် မကြာခင်မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

ပါတီရဲ့ မည်သည့်မူဝါမှ မမြင်ရဘဲ အမျိုးကိုချစ်သွေးကိုစစ်နဲ့ ဆက်သွားနေရင်တော့ အမတ်တွေဟာ ကန်ထရိုက်ထက် ပိုနိုင်စရာအကြောင်းမရှိပါကြောင်း ရခိုင်ပြည်သူတွေအတွက် အကြံပြုချက်လေး ပေးချင်မိပါတယ်။

                                                                                                                                                                                                   နဒီလှိုင်း(ရက္ခပူရ)