ရခိုင်ပြည် လက်နက်ကိုင်ပဋိပက္ခကြားက ကိုရိုနာဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး

လက်ရှိအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နှေးကွေးနေခဲ့တာကိုတွေ့ရပြီး ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးရမှု စတဲ့ တိုက်ပွဲကာလအတွင်း ရခိုင်လူထု အခွင့်အရေး ချိုးဖောက်ခံရမှုတွေမှာ အစိုးရအနေနဲ့ တစ်ခွန်းတစ်လေတောင် ပါဝင်ပြောဆိုတာကို မတွေ့မိခဲ့ပါဘူး။

26 Aug 2020

မင်းထီး | DMG

ကိုဗစ်ဒုတိယလှိုင်းနှင့် ရခိုင်ပြည်

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာစတင်ဝင်ရောက်လာတဲ့ (COVID-19) ဒုတိယလှိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဗဟိုပြု ဝင်ရောက်လာတာကို ဘတွေ့ရပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့စီပွားရေးနဲ့ ချမ်းသာကြွယ်ဝတဲ့ အင်အားကြီးနိုင်ငံတွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့ စွန်းအားပြင်းဗိုင်းရပ်စ်အဖြစ် ကမ္ဘာ့လူထုကြား နေရာယူနေတာပါ။

ကမ္ဘာ့စူပါ ပါဝါ အမေရိကန်လိုနိုင်ငံတောင် ခုခံဖို့ခက်ခဲစေတဲ့ တရုတ်ရောဂါကိုဗစ်ဟာ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ လက်ရှိကာလ ပဋိပက္ခအများဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ဗဟိုပြုဝင်ရောက်လာတာကိုတွေ့ရပြီး မြန်မာနိုင်ငံရဲ့ တပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ အများဆုံးစံချိန်တင်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်နှစ်သိန်းကျော်ရှိနေပြီး နိုင်ငံတော်အစိုးရရဲ့ အကူအညီ အထောက်အပံ့ လုံလောက်အောင်မရနိုင်တဲ့ အခြေအနေမှာ (COVID-19)က ရခိုင်ပြည်ကို ဝင်ရောက်လာတာဟာ ဖြေရှင်းဖို့အလွန်ခက်ခဲစေပြီး ဆင်းရဲမွဲတေမှုကြားက ရင်ဆိုင်ကြရမယ့် လူထုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကိုဖြစ်ပေါ်စေမှာ အမှန်ဘဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို (COVID-19) စတင်တွေ့ရှိပြီး နောက်တစ်ပတ်အတွင်း ပြည်မဘက်ကလာတဲ့ ကုန်စည်စီးဆင်းမှုကို ရပ်တန့်လိုက်တာကိုတွေ့ရပြီး ရခိုင် ပြည်နယ်အတွင်း မြို့နယ်အများစုကလည်း စစ်တွေမြို့နဲ့ ဆက်သွယ်မှုကို ရပ်တန့်လိုက်တာကို တွေ့ရပါတယ်။

ကမ္ဘာ့ဆေးပညာနဲ့ သိပ္ပံနည်းပညာထွန်းကားတဲ နိုင်ငံတွေတောင် ကာကွယ်ဆေးနဲ့၊ ကုသဆေးကိုရှာဖွေ ဖေါ်ထုတ်လို့ မရနိုင်သေးတဲ့ အချိန်ရှစ်လကျော်အတွင်း (COVID-19) ဗိုင်းရပ်စ်ကတစ်ကမ္ဘာလုံး လူပေါင်း ရှစ်သိန်းရှစ်ထောင်ကျော်ကို သေစေခဲ့တဲ့အထိ မြန်ဆန်တဲ့ ကူးစက်မှုနဲ့ လူတွေကို သေစေနေတာပါ။ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး စာသင်ကျောင်းတွေ၊ အလုပ်ရုံစက်ရုံတွေ၊ ပွဲလမ်းသဘင်တွေကို ရပ်တန့်စေရုံသာမက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေထိ (COVID-19)က ဝင်ရောက်မွှေနှောက်နေတာကို တွေ့နေရပါတယ်။

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ မကြာခင်မှာကျင့်ပတော့မယ့် အမေရိကန်သမ္မတ ရွေးချယ်ပွဲကိုတောင် ခြိမ်းခြောက်ထားတဲ့ (COVID-19) ဟာ လက်ရှိအမေရိကန်သမ္မတ ထရန့်ရဲ့ နောက်ထပ်သမ္မတ သက်တန်းတစ်ခု ရွေးချယ်ခံရဖို့ကိုတောင် မသေချာတဲ့အထိ လုပ်ဆောင်နေတယ်ဆိုရင် မမှားပါဘူး။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်မွေးထုတ်လိုက်တဲ့ (COVID-19) အပေါ် ပြိုင်ဘက် စူပါပါဝါနိုင်ငံ အမေရိကန်က စွပ်စွဲပြစ်တင်မှုတွေပေါ်ပေါက်ခဲ့ပြီး လက်ရှိအချိန်မှာ ကိုဗစ်ဒဏ်ကို အများဆုံးခံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုဗစ်နှင့် သတင်းအချက်အလက်

ကိုဗစ်ဒုတိယလိုင်းအဖြစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို (16/8/2020) နေ့မှာ စစ်တွေဗဟိုပြု ဝင်ရောက်ခဲ့ပါတယ်။ (၁၉/၈/၂၀၂၀)ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (ပင်လုံစတုတ္ထ အကြိမ်းအစည်းအဝေး) မပြုလုပ်မီ သုံးရက်အလိုမှာ CB Bank ဝန်ထမ်းတစ်ဦးဆီကနေ( COVID-19) ပိုးစတင်တွေ့ရှိခဲ့ပြီတဲ့နောက် တစ်ပတ်ကျော်အတွင်း လူပေါင်း (၁၀၀) ကျော်ထိ ပျံ့နှံ့တွေ့ရှိခဲ့တာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ဟာ လွန်ခဲ့တဲ့၂၀၁၉ နှစ် ဇွန်ကကစပြီး တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး စတုတ္ထပင်လုံ မတိုင်မီ ရက်ပိုင်းအလိုကမှ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း 2G internet သာ တက်တဲ့အတွက် ဒေသခံပြည်သူဆယ်သိန်းကျော်ခန့် သတင်းအချက်အလက်နဲ့ ဝေးကွာနေရသလို သတင်းအချက်အလက် လုံးဝဖြတ်တောက်ခံထားရတဲ့ နေရာလည်း ဖြစ်ပါတယ်။

ရခိုင်နယ်အတွင်း ၂၀၁၈ ကနေ တစ်စစပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း လယ်ယာမြေအများစုမှာလည်း ယခုနှစ်အတွင်း လုပ်ကိုင်၍မရဘဲ ပျက်စီးဆုံးရှုံးမှုများစွာရှိနေပြီး နေရပ်စွန့်ခွာနေရသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပြီး ဒုက္ခသည်စခန်းများနှင့် မြို့ပေါ်ဒေသ ဘုန်းကြီးကျောင်းများ အများစုမှာ နေရပ်စွန့်ခွာသူများနှင့်ပြည့်နှက်နေပြီး စားဝတ်နေရေး အခက်အခဲ စိန်ခေါ်မှုများစွာနဲ့ ဖြတ်သန်းနေရချိန်လည်း ဖြစ်ပါတယ်။

စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ၊ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးရခြင်းများ၊ လမ်းပေါ်တွင်သေနတ်ဖြင့် ပစ်သတ်ခံရခြင်းများ၊ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးနေရခြင်းများမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရခိုင်လူထုအတွက် နေ့စဉ်ခံစားနေကြရဆဲဖြစ်သည်။ တိုက်ပွဲများကြောင့် စာသင်းကျောင်းများပိတ်ထားရပြီး နေရပ်စွန့်ခွာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အကူအညီမဲ့နေသလို မြေမြှုပ်မိုင်းများကြောင့် ခြေထောက်ဖြတ်လိုက်ရသည့် ဒဏ်ရာရလူများမှာလည်း အကူအညီမဲ့နေပြီး ယခုလို မိုးရာသီအတွင်း အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းနေရချိန်လည်း ဖြစ်ပါတယ်။

ကိုဗစ်နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ကာကွယ်ခြင်းများအတွက် လိုအပ်သောအသိပညာများကို တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်လူထုများမှာ ယန့အချိန်ထိ လုံးဝမသိရှိကြသေးပေ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝကို အင်တာနက် ပြန်လည်ဖွင့်ပေးရန်တောင်ဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း ယနေ့အချိန်ထိတော့ အဖြစ်သဘော ဖွင့်ပေးခဲ့သော်လည်း အင်တာနက်သုံးစွဲရန်အတွက် လုံလောက်သည့်လိုင်းအားကို ဖြည့်ဆည်းပေးတာမျိုး အစိုးရက မလုပ်ပေးသေးပါဘူး။

ကိုဗစ်နှင့် ငြိမ်းချမ်းရေး

၁၉/၈/၂၀၂၀ရက်နေ့ နေပြည်တော်မှာ စတုတ္ထပင်လုံလို့ခေါ်တဲ့ ငြိမ်းချမ်းရေးညီလာခံကို သုံးရက်ကြာကျင်းပခဲ့ပေမယ့် ရခိုင်ပြည်အတွင်း အဓိကတိုက်ပွဲဖြစ်နေတဲ့ ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းကြောင့် အစိုးရက ညီလာခံကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ ၂၁ ရာစု ပင်လုံညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ကာလအတွင်း ချောင်းမြောင်းမတိုက်ခိုက်ဖို့အတွက် အေအေကို တိုက်တွန်းသတိပေးခဲ့ပြီးတဲ့နောက်နေ့မှာ ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးရွာကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း မြန်မာ့တပ်မတော်မှ တစ်ဖက်သတ်အပစ်အခတ် အကြိမ်ကြိမ်ရပ်စဲခဲ့ပေမဲ့ အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားတာကြောင့် အေအေတည်ရှိရာ ရခိုင်ပြည်နယ်မှာတော့ နေ့စဉ်တိုက်ပွဲတွေရှိနေတာကို တွေ့ရပါတယ်။ NLD အစိုးရသက်တမ်းကုန်ခါနီး ကိုဗစ်ကာလမှာ၂၁ ပင်လုံကိုဖြစ်အောင် ကြိုးစားလုပ်နိုင်ခဲ့ပေမယ့် အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ (FPNCC) အဖွဲ့ဝင်ခြောက်ဖွဲကတော့ ရခိုင့်တပ်တော်(AA) ဖိတ်ကြားခြင်းမခံရတဲ့အတွက် ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ခဲ့ကြပါဘူး။

သို့သော်လည်း ညီလာခံအပြီးမှာတော့ တပ်မတော်၊ အစိုးရ၊ NCA မှာ ပါဝင်တဲ့ လက်နက်ကိုင်အုပ်စုဆယ်ဖွဲ့ကတော့ ဒီမိုကရေစီ ဖက်ဒရာယ်နိုင်ငံတည်ဆောက်ရေး သဘောတူညီချက်သုံးချက်ကို လက်မှတ် ထိုးနိုင်ခဲ့ကြတာကိုတွေ့ရပါတယ်။ အဲဒီစာချုပ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA/ALP) ပါဝင်နေပေမယ့် လက်ရှိရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်နေတဲ့ ရခိုင်လူထုထောက်ခံမှုကို အပြည့်အဝရထားတဲ့ ရက္ခိုင့်တပ်တော် (AA) ကတော့ Confederate မူကိုတောင်းဆိုထားတာကို တွေ့ရပြီး AA ပါဝင်တဲ့ (FPNCC) အုပ်စုကတော့ လက်ရှိအစိုးရနဲ့ လက်နက်ကိုင်အုပ်စုတချို့သွားနေတဲ့ (NCA) မူဘောင်ကို ငြင်းဆိုထားတာကို တွေ့ရပါတယ်။

လက်ရှိအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နှေးကွေးနေခဲ့တာကိုတွေ့ရပြီး ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးရမှု စတဲ့ တိုက်ပွဲကာလအတွင်း ရခိုင်လူထု အခွင့်အရေး ချိုးဖောက်ခံရမှုတွေမှာ အစိုးရအနေနဲ့ တစ်ခွန်းတစ်လေတောင် ပါဝင်ပြောဆိုတာကို မတွေ့မိခဲ့ပါဘူး။

သို့သော်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဘဏ်ဝန်ထမ်းမလေးတစ်ဦး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တဲ့ နောက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရောဂါပိုးတွေ့ရှိသူတွေကို အပြစ်တင်တဲ့သဘောနဲ့ နိုင်ငံဘဏ္ဍာကိုသုံးစွဲနေရကြောင်း ပြောဆိုထားတာကိုတွေ့ရပြီး နေပြည်တော်မှာ ဒေါ်စုကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ NLD ရုံးဖွင့်ပွဲအစည်းအဝေးမှာ ကိုဗစ်ကာလ သတ်မှတ်လူဦးရေထက် ပိုများနေတာကိုတော့ ရုံးအတွင်း လူသုံးဆယ်သာ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အပြင်လမ်းပေါ်မှာ လာအားပေးသူတွေကိုတော့ မတားနိုင်ခဲ့ဘူးလို့ ရှေ့နောက်မညီ ရေးသားထားတာကို တွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ရေးသားခဲ့တဲ့ ဒီရေးသားချက်ဟာ ရခိုင်တွေအပေါ်မှာထားတဲ့ စေတနာဆိုပြီး ရခိုင်လူထုကြား လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာတွေ့ရပြီး ၂၀၁၅ တုန်းက ရခိုင်တစ်ပြည်လုံး မဲအများဆုံး အနိုင်ရပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းခွင့် တောင်းခဲ့တာကစပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ ရခိုင်လူထုကြားက ယုံကြည်မှုတွေ ပျက်နေခဲ့တာကြောင့်လား ဆိုတာ စဉ်းစားစရာပါ။

မည်သို့ပင်ဖြစ်စေ ကိုဗစ်မှာ ရန်သူမိတ်ဆွေမရှိဘဲ ကမ္ဘာ့လူသားအားလုံးကို တိုက်ခိုက်နေတဲ့ ဘုံရန်သူကိုတော့ လက်တွဲဖြေရှင်းဖို့လိုအပ်နေပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကိုရပ်တန့်ထားဖို့ အစိုးရအနေနဲ့ မဖြစ်မနေလုပ်ဆောင်ကြရတော့မှာပါ။ ကိုဗစ်ကိုအကြောင်းပြု ညမထွက်ရအမိန့် သတ်မှတ်ပြီး ကျေးရွာများကို လက်နက်ကြီးတွေ ကျရောက်နေမယ်ဆိုရင် လူထုအတွက် အသက်တွေ မသေသင့်ဘဲ သေနေကြရမှာပါ။ လူထုနစ်နာခြင်းဟာ နိုင်ငံနစ်နာခြင်းဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ မကြာခင်ကာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ ကိုဗစ်ရယ်၊ စစ်ပွဲရယ်က ရခိုင်ပြည်နေရာတစ်ချို့ရဲ့ ရွေးကောက်ပွဲကို မထိခိုက်အောင် နိုင်ငံတော်အစိုးရအနေနဲ့ မဖြစ်မနေ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ရွေးကောက်ပွဲ သေဆုံးခြင်းဟာ ဒီမိုကရေစီသေဆုံးခြင်းလည်း ဖြစ်ပါတယ်။

ကိုဗစ်ကိုတွန်းလှန်ရင်း နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် စတုတ္ထပင်လုံအဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့သည့်အတိုင်း မြန်မာ့လွပ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းကာ လက်နက်အားကိုးတဲ့ အနိုင်ယူနိုင်ငံရေးကို ပစ်ပယ်ပြီး တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံတဲ့ ဖက်ဒရာယ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ကိုဗစ်ဟာ အဟန့်အတား မဟုတ်ဘဲ လုံခြုံလွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးနဲ့အတူ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ သုံးသပ်မိပါတယ်။

နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို ရပ်တန့်ပြီး လူထုရဲ့ အဓိကရန်သူဖြစ်တဲ့ (COVID-19) ကို ပြိုင်တူတိုက်ခိုက်ရင်း ယုံကြည်မှုကို တည်ဆောက်ကာ လူထုအကျိုးစီးပွား နိုင်ငံအကျိုးစီးပွားကို ဦးတည်သော အားလုံးလိုလားတဲ့ ဖယ်ဒရာယ်ပြည်ထောင်စုဆီသို့ နိုင်ငံရေးစားပွဲဝိုင်းဖြင့် တည်ဆောက်ကြဖို့ အချိန်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းပြီး မြန်မာလူထု၏ ရေရှည်အကျိုးကို ဖျက်ဆီးမည့် ဘုံရန်သူကိုဗစ်ကို တွန်းလှန်ရင်း ချစ်ကြည်နွေးထွေးသော အနာဂတ်ဖယ်ဒရာယ် နိုင်ငံတော်သစ်ဆီသို့ ဦးတည်နိုင်ကြပါစေကြောင်း ဤဆောင်းပါးဖြင့် တိုက်တွန်းအကြံပြုအပ်ပါတယ်။

မင်းထီး
Development Media Group - DMG

ဗီဒီယိုများ