တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်စလုံးက နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဆွေးနွေးမည်ဟု အသီးသီး ကြေညာချက်ကာ ထုတ်ပြောဆိုသော်လည်း ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် အပြန်အလှန် ပစ်ခတ်မှုများရှိနေသည်။

By Admin 02 Jan 2025

ပုံစာ - စစ်ကောင်စီ၏ ၂၀၁၉ ခုနှစ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တွေ့ရသော အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်လေ့ကျင့်မှု။ ဓာတ်ပုံ- CINCDS
ပုံစာ - စစ်ကောင်စီ၏ ၂၀၁၉ ခုနှစ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် တွေ့ရသော အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်လေ့ကျင့်မှု။ ဓာတ်ပုံ- CINCDS

DMG ၊ ဇန်နဝါရီ ၂

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဘက်စလုံးက နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဆွေးနွေးမည်ဟု အသီးသီး ကြေညာချက်ကာ ထုတ်ဖော်ပြောဆိုသော်လည်း ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်ရှိ ပါဒလိတ်၊ တောကန်၊ သိန်းတန်ကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

" စစ်တွေမြို့နယ်မှာတော့ စစ်ရေးက နှစ်ဖက်တင်းမာမှု ရှိနေတယ်။ အထူးသဖြင့် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ AA ဖက်ကတော့ ပစ်တာ သိပ်မတွေ့ရဘူး။ တစ်လုံးစ နှစ်လုံးစလောက်ပဲ။ အထူးသဖြင့် စစ်ကောင်စီက ရန်စနေတဲ့ သဘောပေါ့ " ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် AA တို့သည့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာများနှင့် စစ်တွေမြို့ နယ်အတွင်းက ကျေးရွာများတွင် နှစ်ဖက်အဆင်သင့် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် ရေတပ်အုပ်စုအပါဝင် စစ်သင်္ဘောကြီး/ငယ် ၁၀ စီး ထက်မနည်းဖြင့် ဝန်းရံထားပြီး ကင်းလှည့်မှုများရှိနေကြောင်း သိရသည်။

ထို့အတူ ကျောက်ဖြူမြို့ အခြေစိုက် အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင်လည်း ဇန်နဝါရီ ၁ ရက်က ပစ်ခတ်သံများ ကြားရပြီး၊ ယနေ့ နံနက်ပိုင်းကလည်း လက်နက်ကြီး ပစ်ခတ်သံများကြားရကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

" ဒီနေ့ မနက်ကလည်း ကျောက်ဖြူဖက်မှာ လက်နက်ကြီးပစ်သံ တချို့ကြားရတယ်။ ထိတွေ့ တိုက်ပွဲ ဖြစ်မဖြစ်တော့ အတိကျမသိရသေးဘူး။ ကျောက်ဖြူမြို့နယ်အတွင်းမှာ နှစ်ဖက်စစ်ရေးက တင်းမာနေတဲ့ အခြေအနေမှာရှိတယ် " ဟု မြေပြင်အခြေအနေသိသူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်ဌာနချုပ်တွင်လည်း စစ်ကောင်စီက ရေကြောင်းကနေ အင်အား ဖြည့် တင်းမှု အချို့ရှိနေပြီး မြို့နှင့်ပတ်ဝန်းကျင်တွင် ခံစစ်ပြင်နေသည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေခြင်းမှာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ဆန်သည့်လုပ်ရပ် မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။

" စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ် ဆိုတာက ပါးစပ်က ပြောနေတာဖြစ်တယ်။ လက်တွေ့မှာကတော့ အခုချိန်ထိ ဗုံးကြဲနေတုန်း။ ရခိုင်မှာဆိုရင် အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတာတောင် ရပ်ရွာတွေကို ဗုံးကြဲနေတုန်းပဲ။ ဒါကြောင့် စစ်ကောင်စီ ပြောစကားတွေကို ယုံကြည်လို့မရဘူး " ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက DMG ကို ပြောဆိုထားသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း ဝိုင်းရံပိတ်ဆို့ထားသည့် အခြေအနေမှာရှိသည်။