- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်
“စစ်ဘေးဒဏ် အလူးအလဲခံစားနေတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲအသင့်ရှိတယ်” ဟု TNLA က ဆိုသည်။
25 Nov 2024
DMG ၊ နိုဝင်ဘာ ၂၅
လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများအပေါ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် အသင့်ရှိနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး၊ ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေကြရသည့် ဒေသခံများအား ငှဲ့ညာထောက်ထားခြင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားခြင်းတို့ကြောင့် နှစ်ဖက်စစ်ရေး ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
“စစ်ဘေးဒဏ် အလူးအလဲခံစားနေတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲအသင့်ရှိတယ်” ဟု TNLA က ဆိုသည်။
စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်ရန် တရုတ်၏ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်း လျက်ရှိပြီး ကောင်းမွန်သည့်ရလဒ်များရရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦးက “ TNLA ရဲ့ ထုတ်ပြန်ချက်က တရုတ် ကျေနပ်အောင်လောက်ပဲ ထင်တယ်။ ဆွေးနွေးဖို့ကိစ္စက မဖြစ်နိုင်ဆိုတာကို TNLA ရော၊ စစ်ကောင်စီရော၊ တရုတ်ဘက်ကရော နားလည်ထားတယ်။ ဒါပေမယ့် TNLA ထိုးစစ်တော့ ရပ်သွားမှာပေါ့” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းများအား တိုက်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ချက် ဖော်ပြသည်။
“မြင်တာကတော့ ထုတ်ပြန်ချက်ထဲမှာ TNLA က တအောင်းပြည် (ရှမ်းပြည်)မှာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ ယူဆရတယ်။ အဲဒါကြောင့် တိုက်ခိုက်ရေး အပိုင်းပြီးပြီလို့ ယူဆတယ်ပေါ့။ နိုင်ငံရေးအရ ဆက်ပြီး တိုက်ခိုက်မယ် ထင်တယ်။ တရုတ်ကလည်း တက်တက်ကြွကြွပါဝင်နေတော့ သူတို့အတွက် အခွင့်အရေးပေါ့” ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးဒေသက မြို့ပေါင်း ၁၀ ကျော် ကို သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်။
တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်နှင့် တအောင်းပြည်နယ် ရရှိရန် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် တိုင်းရင်းသား မြန်မာ ပြည်သူလူထုနှင့် အတူတကွ တည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းနေကြောင်း TNLA က အသိပေးထားသည်။