တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်ပြောဆိုချက် ဖြစ်နိုင်ခြေနည်းဟု နိုင်ငံရေးအကဲခတ်သူများရှုမြင်

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်းချမ်အောင် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေး နွေးခြင်းနည်းနှင့်သာ ဖြေရှင်းကြရန် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ရက်ပိုင်းအတွင်း တောက်လျှောက် ထုတ်ပြောလာသည်။

By Admin 01 Jan 2025

ဓာတ်ပုံ - CINCDS။ 
ဓာတ်ပုံ - CINCDS။ 

 
DMG ၊ ဇန်နဝါရီ ၁

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်းချမ်အောင် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေး နွေးခြင်းနည်းနှင့်သာ ဖြေရှင်းကြရန် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ရက်ပိုင်းအတွင်း တောက်လျှောက် ထုတ်ပြောလာသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်(ယနေ့) တွင် ကျရောက်သည့် နှစ်သစ်ကူးနှုတ်ဆက်မိန့်ခွန်းတွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခြင်းနှင့်ပတ်သက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော့်အနေနဲ့ နိုင်ငံတော် အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည် ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာရှိပါတယ်။ ဒါကိုပြည်သူ အား လုံး လိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင် ကြရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့ လူမှုရေး အခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို ထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ နေ့ တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာ မိန့်ခွန်းတွင်လည်း စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။

သို့သော် ယနေ့အချိန်ထိ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေး မှုများ မရှိသေးပေ။

ထို့ကြောင့် စစ်ရေးအရှုံးနှင့် ၏ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလာခြင်းမှာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ဆန်သည့်လုပ်ရပ် မဟုတ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။

“စစ်ခေါင်းဆောင်ကတော့ သူ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်တင်မယ်။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာက ပါးစပ်က ပြောနေတာဖြစ်တယ်။ လက်တွေ့မှာကတော့ အခုချိန်ထိ ဗုံးကြဲနေတုန်း။ ရခိုင်မှာဆိုရင် အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတာတောင် ရပ်ရွာတွေကို ဗုံးကြဲနေ တုန်းပဲ။ ဒါကြောင့် စစ်ကောင်စီပြောစကားတွေကို ယုံကြည်လို့မရဘူး။ သတိထား ပြီးတော့ နေကြဖို့အရေးကြီး တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်ရှိ မြို့ ၁၄ ခုကို သိမ်းပိုက်ပြီးချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က  မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်ကောင်စီသည် ယမန်နေ့ (ဒီဇင်ဘာ ၃၁) ရက်နေ့က ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ သည်။

တဖက်မှာလည်း လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီး နိုင်ငံတော်ကို ဒီမိုက ရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၂၀၂၅ နှစ်သစ်ကူးနှုတ်ဆက်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

“၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့ သူတို့(စစ်ကောင်စီ) က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ် ဆိုပြီး တော့ ထပ်ကာထပ်ကာပြောလာတယ်။ အခုဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေက ဖိအားတွေလည်း ဝင်နေတယ်။ ဆိုတော့ သူက တရုတ်ပြည် အကြိုက်ပြောရမယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းရမယ်။  ဒါကြောင့် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင် လှိုင်က သူပြောချင်တာပြောနေမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေက လည်း သူတို့ လုပ် စရာ ရှိတာကို ဆက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက လည်း စစ်မှန်တဲ့ရွေး ကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့် ကပြောသည်။

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းစသည့် ဒေသများက မြို့‌ပေါင်း ၈၉ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။