လူ့အသက်၊ လူ့ဂုဏ်သိက္ခာကို ငွေကြေးနဲ့ ဈေးဖြတ်သတဲ့လား

အမှန်တကယ် သေဆုံး၊ ဒဏ်ရာရကြသူအများစုဟာ မြေမြှုပ်မိုင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒါမှမဟုတ် လမ်းခရီးမှာ ပစ်ခတ်ခံရလို့ သေဆုံး၊ ဒဏ်ရာရခဲ့ကြရတာပါ။ နှစ်ဖက်တိုက်ပွဲကြား ညှပ်မိပြီး သေဆုံးခဲ့ကြရတာ မဟုတ်ပါဘူး။ မိမိအိမ်မှာ နေထိုင်ရင်း၊ ထင်းခွေ၊ ရေခပ်၊ ဟင်းစားရှာရင်းနဲ့ သေဆုံး၊ ဒဏ်ရာရခဲ့ကြရတာပါ။ ကျေးရွာတွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အစုလိုက်အပြုံလိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်စဉ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။

By ရမ္မာကျော်စော 24 Dec 2020

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်အတွင်းမှာ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်း သေဆုံးသူအရေအတွက်ဟာ သုံးရာကျော်အထိ ရှိခဲ့ပါတယ်။

ရမ္မာကျော်စော | DMG

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံး၊ ဒဏ်ရာရသူများအား ရခိုင်ပြည်နယ် အစိုးရအနေဖြင့် မည့်ကဲ့သို့ ကူညီဆောင်ရွက်ထားသည်ကို သိလိုကြောင်း လွှတ်တော်မှာ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေကြတဲ့ တိုက်ပွဲကြားမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားတွေအတွက် ငွေကြေးထောက်ပံ့မှုတွေရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဖြေကြားခဲ့ပါတယ်။

တိုက်ပွဲကြားမှာ သေဆုံးသွားသူတစ်ဦးအတွက်ကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ ၁၃၂  ဦးအတွက် ထောက်ပံပေးခဲ့သလို၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို တစ်ဦးလျှင် ငွေကျပ် ၅ သောင်းနှုန်းနဲ့ ၃၂၈ ဦးကိုလည်းကောင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးမှ တင်ပြချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းများရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးမင်းသန်းက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့်ဖြစ်လာတဲ့ ဒဏ်ရာရသူများဖြစ်ဖြစ်၊ တိုက်ပွဲကြောင့်မဟုတ်ဘဲ ဒဏ်ရာရသူများဖြစ်ဖြစ် အချိန်မီ ဆေးရုံရောက်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းတွေလည်းရှိတယ်လို့ သူက ပြောခဲ့ပါသေးတယ်။

ဆိုတော့ လွှတ်တော်ထဲမှာ နယ်/လုံဝန်ကြီး ဖြေကြားသွားတာနဲ့ မြေပြင်ကအခြေအနေတွေဟာ တော်တော်လေးကို ကွာခြားနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ဒီဇင်ဘာကပင် တစတစပြင်းထန်ခဲ့တဲ့ တပ်မတော်နှင့် အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်ကိုစွန့်ခွါပြီး ထွက်ပြေးနေကြရတဲ့ အရေအတွက်ဟာ REC ရဲ့စာရင်းတွေအရ လူဦးရေ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့ပြီး လက်ရှိမှာလည်း တသိန်းကိုးသောင်းကျော်အထိ ရှိနေဆဲပါ။ သို့ပေမဲ့ ဒီလူတွေအရေးနဲ့ပတ်သက်လို့ အစိုးရပိုင်းက ထိထိရောက်ရောက် ကူညီပေးတာမျိုးကို အခုအချိန်ထိ မမြင်တွေ့ရသေးပါဘူး။

နောက်တစ်ချက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒီ ၂ နှစ်အတွင်းမှာ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်း အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ သုံးရာကျော်အထိ ရှိခဲ့ပြီး ဒဏ်ရာရသူအရေအတွက်ဟာလည်း ခုနစ်ရာကျော်အထိ ရှိခဲ့ပါတယ်လို့ RFA ရဲ့သတင်းတွေက သိရပါတယ်။ ဒီကြားထဲမှာ ဖမ်းဆီးစစ်ဆေးခံရမှုတွေကလည်း ခြောက်ရာကျော်အထိ ရှိခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးမှုတွေမှာတော့ နှစ်ဖက်စလုံးက ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့ပေမဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့တာက ခြောက်ရာနီးပါးရှိခဲ့ပြီး အေအေက ဖမ်းဆီးစစ်ဆေးခဲ့တာက ငါးဆယ်ကျော် ရှိခဲ့တယ်လို့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေတဲ့သူတွေဆီက သိရပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေထဲမှာ ပြန်လည်လွတ်လာသူတွေရှိသလို ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ရှိပါတယ်။ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်း သေဆုံးသွားသူအရေအတွက်ဟာလည်း နှစ်ဆယ်နီးပါးရှိနေပြန်ပါတယ်။ အများအားဖြင့်တော့ သေဆုံးသွားသူတွေဟာ အေအေတပ်ဖွဲ့ဝင်တွေလို့ တံဆိပ်ကပ်ခံရပြီး ပြည်လည်လွတ်မြောက်လာသူ တချို့ဆိုရင်လည်း စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကာလကြာရှည် ဆေးကုသမှု ခံယူခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေခဲ့တာပါ။ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အရေအတွက်ဟာလည်း အနည်းဆုံး နှစ်ဆယ့်ငါးဦးအထိ ရှိနေပါတယ်။

ဒီအထဲမှာ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသား ၁၈ ဦးဟာ တပ်မတော်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ပျောက်ဆုံးနေတာဟာ ၉ လနီးပါးအထိ ကြာမြင့်လာပြီ ဖြစ်ပါတယ်။ မြေပုံမြို့နယ် ရွာသာယာ ကျေးရွာက ညီအစ်ကိုနှစ်ဦးဆိုရင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး ၁ နှစ်ကျော်ကြာသည့်တိုင် ယခုအချိန်ထိ ပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။
ဒီလို ပျောက်ဆုံးမှုတွေထဲမှာ ကျောက်တော်မြို့နယ်အတွင်းက အများဆုံးဖြစ်ပြီး တောင်ပေါက်ကျေးရွားသား တစ်ဦးနဲ့ ပိုက်သည်ရပ်ကတစ်ဦး ဆိုရင်လည်း တပ်မတော်က ဖမ်းဆီးသွားပြီးနောက် ၆ လကျော်ကြာလာသည့်တိုင် ပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က တပ်မတော်နဲ့အေအေတို့ရဲ့ နှစ်ဖက်တိုက်ပွဲကြားမှာ သေဆုံး၊ ဒဏ်ရာရကြတယ်ဆိုတဲ့ အချက်ပါ။ နှစ်ဖက်တိုက်ပွဲကြားမှာ သေဆုံးခဲ့ရတယ်ဆိုတာက အောက်တိုဘာ(၅)ရက် ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည် (မွတ်ဆလင်)ကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့တဲ့ မွတ်ဆလင် ရွာသား ၁၅ ဦးထဲက လူငယ်နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုပဲ ရှိခဲ့တာပါ။

အမှန်တကယ် သေဆုံး၊ ဒဏ်ရာရကြသူအများစုဟာ မြေမြှုပ်မိုင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒါမှမဟုတ် လမ်းခရီးမှာ ပစ်ခတ်ခံရလို့ သေဆုံး၊ ဒဏ်ရာရခဲ့ကြရတာပါ။ နှစ်ဖက်တိုက်ပွဲကြား ညှပ်မိပြီး သေဆုံးခဲ့ကြရတာ မဟုတ်ပါဘူး။ မိမိအိမ်မှာ နေထိုင်ရင်း၊ ထင်းခွေ၊ ရေခပ်၊ ဟင်းစားရှာရင်းနဲ့ သေဆုံး၊ ဒဏ်ရာရခဲ့ကြရတာပါ။ ကျေးရွာတွေအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အစုလိုက်အပြုံလိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်စဉ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။

ဒီလို ဖြစ်စဉ်တွေအပေါ်မှာ တပ်မတော်နဲ့ အစိုးရပိုင်းက တာဝန်ယူမှု နည်းပါးခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်ကလည်း မိုင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်ထိလို့ ဒဏ်ရာရကြသူတွေကို ဆေးကုသမှုပေးဖို့ ယူဆောင်တဲ့ လမ်းခရီးမှာ လိုအပ်တာထက်ပိုပြီး အချိန်ဆွဲ စစ်ဆေးတာ၊ လုံခြုံရေးကို အကြောင်းပြပြီး ဖြတ်သန်းသွားလာခွင့် မပေးတာတွေကြောင့် မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာ လိုက်ပါကူညီပေးနေသူတွေက မီဒီယာတွေမှာ ဖြေကြားခဲ့တာတွေကို တွေ့ကြရမှာပါ။

လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်တာတွေလည်း လျော့ကျလာသလို ဖမ်းဆီးစစ်ဆေးမှုတွေလည်း အနည်းငယ်လျော့ကျလာပါတယ်။ ဒါပေမဲ့လည်း ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တွေမှာတော့ နိုဝင်ဘာ လဆန်းပိုင်းက ဖမ်းဆီးစစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲအခြေအနေ ငြိမ်လာသည်နဲ့အမျှ အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်အချို့လည်း နေရပ်ပြန်ကြတာကို တွေ့လာရပါတယ်။

နေရပ်ပြန် စစ်ဘေးရှောင်တွေအနေနဲ့လည်း တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတာကို တွေ့မြင်နေရပါတယ်။ တချို့ စစ်ဘေးရှောင်တွေမှာ ချက်ချင်းပြန်သွားပြီး မိမိတို့ နေအိမ်တွေမှာ အဆင်သင့် တက်နေနိုင်ပေမဲ့ တချို့မှာတော့ စစ်ဘေးရှောင်နေတဲ့ ကာလအတွင်းမှာ နေအိမ်တွေ မီးလောင်ဆုံးရှုံးတာ၊ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ မီးလောင်ပျက်စီးသွားတာတွေကြောင့်နေရပ်ကို ပြန်သွားနိုင်ရင်တောင် အခက်အခဲတွေနဲ့ တော်တော် ရင်ဆိုင်ကြရဦးမှာပါ။

အထူးသဖြင့် ကျောက်တော်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးသွားကြရတဲ့ တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ တောင်ပေါက်နှင့် ဘုရားပေါင်းကျေးရွာသားများ၊ မြောက်ဦးမြို့နယ်က လက္ကာကျေးရွာသားတွေအနေနဲ့ စစ်ပွဲတွေမရှိတော့လို့ နေရပ်ကိုပြန်နိုင်ရင်တောင်မှ နေစရာအိမ်တွေ၊ လုပ်ကိုင်စားသောက်ဖို့ ကျွဲ၊နွားတွေ မရှိကြတော့ပါဘူး။ ဆုံးရှုံးသွားတဲ့ နေအိမ်တွေအတွက် အစိုးက အထောက်အပံ့ပေးတယ်ဆိုပေမဲ့ အဲဒီ မဖြစ်စလောက် ထောက်ပံ့ငွေက လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ပြည်သူတွေအလှူခံပြီး ဆောက်လုပ်ပေးထားတဲ့ ဝါးတဲတစ်လုံးအတွက် ကုန်ကျလောက်တောင် မရှိလှပါဘူး။

နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ သေဆုံးသွားသည့် သားသမီးများဒအတွက် ပူဆွေးသောကရောက်နေသည့် အမျိုးသမီးတစ်ဦး

ပြီးတော့ လူတစ်ယောက်သေတာက သုံးသိန်း၊ ဒဏ်ရာရသူတွေကို ငါးသောင်းစီ အစိုးရက ထောက်ပံ့ပေးတယ်ဆိုတဲ့ အပိုင်းပါ။ ပြောချင်တာက လူတစ်ယောက်ရဲ့ အသက်ဟာ သုံးသိန်းပဲ တန်သလား။ ဒီခေတ်ကြီးမှာ ကလေးတစ်ယောက်ကို ဆေးရုံမှာ မွေးဖွားရင်တောင် သုံးသိန်းဆိုတဲ့ငွေက အသာလေးပဲ ကုန်သွားတာ။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာလည်း သုံးသိန်းဆိုတဲ့ငွေက ကလေးတစ်ယောက်အတွက် ၁ နှစ်စာတောင် မရှိပါဘူး။ ပြီးတော့ အမှန်တကယ်ပဲပေးလို့ ယူတဲ့သူတွေကကော ယူကြသလား။ ကြားသိရသလောက်တော့ ပေးလာရင်တောင် မယူတဲ့သူတွေကသာများပြီး ယူလိုက်တဲ့သူတွေဟာလည်း တရားမျှတတယ်လို့ ယူလိုက်ကြတာမဟုတ်ဘဲ ကြောက်လို့သာ လက်ခံလိုက်ကြရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာအတွင်းဝင်လာပြီးတော့ ဈေးရောင်းနေတဲ့ အသက် (၆၀)ကျော်အရွယ် ဦးမောင်ထွန်းစိန်ကို ပစ်သတ်ခြ့တယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။ လင်ယောက်ျားဖြစ်သူ ပစ်သတ်ခံရတာတောင် သွားမကြည့်ရဲဘဲ ကိုယ်လွတ်ထွက်ပြေးခဲ့ရတာပါ။ နောက်တစ်နေ့မှာပဲ လူမှုကူညီရေးလုပ်နေသူတွေက အလောင်းကို သွားရှာခဲ့ကြပေမဲ့ မတွေ့ခဲ့ရဘဲ ရက်ပေါင်း ၂၀ လောက်ကြာမှ အိမ်သာကျင်းထဲက ရှာတွေ့ခဲ့တာပါ။ ဒီလိုမျိုး ဘာမှ အပြစ်မရှိတဲ့လူတစ်ယောက်ကို မှားယွင်းပစ်ခတ်တာမဟုတ်ဘဲ တမင်သက်သက် ပစ်သတ်ခံရတာက ငွေသုံးသိန်းပဲ တန်သတဲ့လား။

ဒီလိုမျိုးဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြေပုံနှင့် ကျောက်ဖြူမြို့နယ်တွေမှာ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့သူတွေကို အရေးယူတာမျိုး မကြားရဘဲ ကျေးရွာသားတွေသာ စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ မီးလောင်မှု၊ မီးရှို့မှုတွေဆိုလည်း ဒီအတိုင်းပါပဲ။ လက်သည်ကို မဖော်ထုတ်တော့ဘဲ လစ်လျူရှုထားလိုက်ကြတာကိုသာ တွေ့နေရပါတယ်။

နှစ်ဖက်တိုက်ပွဲကြားမှာ ဒဏ်ရာရတဲ့သူတွေကို ငါးသောင်းစီ ထောက်ပံ့တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။ လမ်းသွားရင်း ခလုတ်တိုက်လို့ ခြေဖမိုးလေး ပွင့်သွားတာကိုတောင် ဆေးကုသကြည့်လိုက်ပါ။ အနည်းဆုံး ငွေငါးသောင်းမကုန်ဘဲနဲ့ မကောင်းနိုင်ပါဘူး။ အခု ဒဏ်ရာရကြတဲ့သူတွေဆိုတာ လမ်းသွားရင်းခလုတ်တိုက်မိလို့ရတဲ့ ဒဏ်ရာမျိုးမဟုတ်ပါဘူး။ လက်နက်ကြီးထိမှန်၊ လက်နက်ငယ်ထိမှန်လို့ ရခဲ့ကြတဲ့ ဒဏ်ရာတွေဖြစ်တာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး မသန်စွမ်းဖြစ်သွားတာတွေလည်း ရှိပါတယ်။ ဒီလိုလူတွေကို ဆေးကုသဖို့ ငွေ ငါးသောင်းစီ ထောက်ပံ့ပေးတယ်ဆိုတာက အခါကြီးနေ့ကြီးမှာ ကလေးတွေကို မုန့်ဖိုးပေးသလောက်တောင် မရှိပါဘူး။

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲပြီးကတည်းက တိုက်ပွဲတွေမဖြစ်ဘဲ ရပ်နေကြတာကြောင့် စစ်ဘေးရှောင်အချို့ မိမိနေရပ်ကို ပြန်ကြတယ်ဆိုပေမဲ့လည်း စိတ်ချလက်ချ နေထိုင်နေကြရတဲ့ အနေအထားကိုတော့ မရောက်သေးပါ။ မပေါက်ကွဲသေးတဲ့ မိုင်းနှင့်စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေအပြင် တိုက်ပွဲတွေတဖန် ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြဆဲပါ။ လက်နက်ကိုင် ပဋိပက္ခတိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေရှိသလို ပစ်ခတ်မှုတွေကလည်း ရှိနေမှာအမှန်ပါပဲ။ ထာဝရငြိမ်းချမ်းရေးကို သွားမယ်ဆိုရင်တော့ နှစ်ဖက်လက်နက်ကိုင်တွေက ပြည်သူကိုငဲ့ညှာတဲ့အနေနဲ့ အလျှော့ပေးသင့်တာကို ပေးပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာရပါလိမ့်မယ်။

အဲဒီလိုမှမဟုတ်ဘဲ တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ခိုက်နေကြသမျှ ကာလပတ်လုံး စစ်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေဟာလည်း ဈေးပေါပေါနဲ့ ထိခိုက်ခံစားနေကြရအုံးမှာပဲ။ သေကြေ၊ဒဏ်ရာရကြတာတွေကို မဖြစ်စလောက်ငွေကြေးနဲ့ ဈေးဖြတ်ပေးနေတဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း အသက်ဆက်နေကြအုံးမှာပဲ။

ထိခိုက်ခံစားကြရတဲ့သူတွေ လိုချင်တာက တရားမျှတမှုကို လိုချင်ကြတာပါ။ ကြက်တွေ၊ ဝက်တွေကို ဈေးဖြတ်သလို လူ့အသက် လူ့ဂုဏ်သိက္ခာကို ငွေကြေးနဲ့ တန်ဖိုးဖြတ်ပြီး နှစ်သိမ့်တာမျိုးကို လိုချင်ကြတာ မဟုတ်ပါဘူး။ ဘယ်သူမဆို လူ့ဘဝ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးရမှာက အုပ်ချုပ်သူတွေရဲ့အလုပ်ပါပဲ။ ဒါတွေကို တာဝန်ရှိတဲ့သူ အဆင့်ဆင့်ကလည်း နားလည်သဘောပေါက်ကြဖို့ လိုပါလိမ့်မယ်။

အခုက တပ်မတော်က စစ်ရေးအရ လိုအပ်နေတဲ့ အင်တာနက်ဖြတ်တောက်မှုကို လိုက်လျောပေးခဲ့သည့် အစိုးရကိုယ်တိုင်ကပင် လူ့အခွင့်ရေးချိုးဖေါက်မှုတွေမှာ အားပေးကူညီနေသလို ဖြစ်နေတာကလည်း ကြည့်မကောင်းလှပါဘူး။  နောက်ပြီး ရခိုင်ပြည်နယ်ထဲက လူတစ်ချို့ဟာ မွေးရာပါအခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကိုလည်း အင်တာနက်ဖြတ်တောက်မှုနဲ့ ကန့်သတ်ခံထားရပါတယ်။ တစ်နေရာမှာဖြစ်နေတာကို နောက်တစ်နေရာက အလွယ်တကူ မသိနိုင်တဲ့အတွက် လူ့အခွင့်ရေးကို ချိုးဖေါက်ဖို့လူတွေအတွက် အင်တာနက်ဖြတ်တောက်ထားမှုကလည်း အကာအကွယ်တစ်ခုလို ဖြစ်နေတာကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ထည့်ပြီးစဉ်းစားကြရမှာပါ။

ဒါကြောင့် ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တကယ်တမ်း ကာကွယ်ပေးချင်တယ်ဆိုရင် အတူယှဉ်တွဲနေထိုင်လို့ရမည့် နည်းလမ်းကို ရှာဖွေကြပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ လက်နက်မဲ့ ပြည်သူတွေရဲ့ ဈေးပေါပေါနဲ့ ဆုံးရှုံးနစ်နာနေရတဲ့ ဘဝတွေကို စာနာနားလည် ပေးကြစေလိုပါတယ်။

                                                                                                                                                                                                ရမ္မာကျော်စော

(ယခုဖော်ပြပါဆောင်းပါးသည် စာရေးသူ၏အာဘော်သာဖြစ်ပါသည်)