ရခိုင်စစ်ပွဲဂယက်နှင့် မေဃဝတီ

မေဃဝတီခေါ် မာန်အောင်မြို့နယ်သည် လူတိုင်းအမြင်တွင် တိုက်ပွဲမရှိဘဲ ငြိမ်နေသယောင် ထင်ရသောလည်း စီးပွားရေး၊ လူမှုရေး၊ စစ်ရေးကဏ္ဍတို့တွင် လှိုင်းဂယက်များ ရိုက်ခတ်နေသည်။ 

By Admin 20 Jul 2024

မာန်အောင်မြို့၊ ဆိပ်ကမ်းတစ်နေရာ။ (ဓာတ်ပုံ - ဝီကီပီးဒီးယား)
မာန်အောင်မြို့၊ ဆိပ်ကမ်းတစ်နေရာ။ (ဓာတ်ပုံ - ဝီကီပီးဒီးယား)

မျိုးသီရိကျော် - ရေးသည်။ 

ရခိုင်ပြည်တောင်ပိုင်းရှိ သီးခြားဆန်သည့်ကျွန်းတွင် တည်ရှိသည့် မေဃဝတီ မာန်အောင်မြို့သည် စစ်ရေးပဋိပက္ခ ကင်းစင်ပြီး တည်ငြိမ်နေသည့်ဒေသတစ်ခုအဖြစ် ယေဘုယျအားဖြင့် မြင်နိုင်သည်။ ရခိုင်ပြည်တွင် ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝ မရှိသေးသည်မှာလည်း မာန်အောင်နှင့် ဂွမြို့သာ ရှိတော့သည်။

သို့သော်လည်း ရခိုင်စစ်ပွဲပြင်းထန်နေမှု ဂယက်အဖြစ် မာန်အောင်မြို့နယ်တွင် စားဝတ်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး စသည့်ကဏ္ဍပေါင်းစုံတွင် အကျပ်အတည်းများ ရှိနေသည်။

ရေလမ်းကြောင်းကိုသာ အားထားနေရသည့် မာန်အောင်ဒေသကို စစ်ကောင်စီက ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ နိုဝင်ဘာလကနေ လက်ရှိအချိန်ထိ ပင်လယ်ပြင်သွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားသည်။ 

လမ်းခရီးကန့်သတ်ခံရမှု တာရှည်လာသည်နှင့်အမျှ မာန်အောင်မြို့နယ်တွင် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်း ပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားလာကြောင်း ဒေသခံများက ပြောသည်။ 

“လတာရှည်လာတာနဲ့ ကုန်ပစ္စည်းတွေလည်း ပြတ်လာတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ အကုန်လုံးက အခက်အခဲပါ” ဟု ‌မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် နို့ဆီဗူး ၁၈ ဗူး ဆန်တစ်အိတ်ကို ငွေကျပ် ၁၂,၀၀၀၊ စက်သုံးဆီတစ်လီတာကို ကျပ် ၁၃,၀၀၀၊ စားသုံးဆီ တစ်ပိဿာကို ကျပ် ၄၀,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာကို ကျပ် ၅၀,၀၀၀၊ ငါးပိတစ်ပိဿာကို ကျပ် ၂၅,၀၀၀နှင့် ကော်ဖီမစ် ပေါင်ထုပ်တစ်ထုပ်ကို ကျပ် ၁၉,၀၀၀ နှင့် အခြားကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသည်။ 

ယင်းအပြင် ဆေးဆိုင်များတွင် ဆေးဝါးရှာမရခြင်းနှင့်အတူ နာတာရှည် ရောဂါခံစားနေရသူများမှာ များစွာခက်ခဲနေပြီး နှာစီး၊ ချောင်းဆိုး စသည့် ရောဂါများအတွက်သာ ဆေးဝါးတချို့ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ နေရသူများက ဆိုသည်။ 

မြို့တွင်းဆေးဝါး ပြတ်လပ်နေသည့်အပြင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ဆရာဝန်မရှိသဖြင့် ကျန်းမာရေးပိုင်းတွင် ပိုပြီးခက်ခဲစေသည်။ လက်ရှိ တိုက်ပွဲအခြေအနေကြောင့် တခြား တောင်ကုတ်နှင့် သံတွဲမြို့ကိုလည်း သွားခွင့်မရဘဲ ရှိနေသည်။ 

“ဆေးဝါးတွေ လုံးဝရှာမရဘူး။ နာတာရှည်သမားတွေက ပိုဆိုးတယ်လေ။ အဲဒါကြောင့် တစ်ခုခုဖြစ်ရင်တော့ အသက်ဆုံးရှုံးဖို့ပဲရှိတယ်”  ဟု မာန်အောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထိုအခက်အခဲများကြာင့် ဧရာဝတီနှင့် တခြားဒေသသို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတချို့ တင်ဆောင်ရန် အရဲစွန့်သွားသည့် ဒေသခံ ၂၄ ဦးမှာ စက်လှေ ၄ စီးနှင့်အတူ မာန်အောင်မြို့အနီးရှိ စစ်သင်္ဘောယာဉ်ထံ ဇွန် ၂၅ ရက်နေ့ က ဖမ်းဆီးခံခဲ့ရသည်။ 

မာန်အောင်ကျွန်းသည် ပထဝီဝင်အနေထားအရ မြောက်ဘက်တွင် ရမ်းဗြဲမြို့နယ်၊ အရှေ့ဘက်တွင် တောင်ကုတ် မြို့နယ်တို့နှင့် ပင်လယ်ပြင်ဖြတ်ပြီး ခြားထားပြီး အနောက်ဘက်နှင့် တောင်ဘက်တွင် ဘင်္ဂလားပင်လယ် အော် ရှိသည်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅) ခု၊ ကျေးရွာအုပ်စု (၃၆) စု လူဦးရေ စုစုပေါင်း ၅ သောင်း ၇ ထောင်နေထိုင်ကြပြီး လယ်ယာ၊ သစ်တောနှင့် ငါးလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသည်။ 

ပင်လယ်ပြင်ငါးဖမ်းခွင့်ကို စစ်ကောင်စီကပိတ်ပင်ထားသည်မှာ ၈ လကျော်ကြာမြင့်လာနေပြီး ဒေသခံအများစုမှာ စားဝတ်နေရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအသီးသီးတွင် ရိုက်ခတ်မှုရှိလာကြောင်း ငါးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ 

“ပုံမှန်ဝင်ငွေရှိတဲ့သူတွေတောင် ခက်ခဲနေတဲ့ကာလလေ။ ဆိုတော့ အခုက ငါးလည်းမဖမ်းရတော့ ဝင်ငွေဆိုတာ မရှိတော့ဘူး။ ဒီနေ့ငတ်မလား၊ မနက်ဖြန် ငတ်မလားပဲ ရှိတော့တယ်” ဟု ငါးဖမ်းသမားတစ်ဦးက ပြောသည်။  

စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း သွင်းအားစုဖြစ်သည့် စက်သုံးဆီရှားပါးခြင်း၊ ဓာတ်မြေသြဇာ တစ်အိတ်ကို ငွေ ကျပ် ၈ သိန်းမှ ၁၀ သိန်းကြားအထိ ဈေးမြင့်တ်နေသည့်အတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။ 

မာန်အောင်ကျွန်းရှိ သစ်ပုံ၊ ကြက်ရိုး၊ ပြားကြီး၊ ခုံရွာ၊ င/ပိန်းပြင် စသည့် ကျေးရွာ ၁၀ ကျော်မှာ လယ်ယာလုပ်ငန်းကို ရာနှုန်းပြည့် မလုပ်နိုင်တော့ကြောင်း ပြောကြသည်။

“တိုက်ပွဲမဖြစ်ပေမယ့် အကုန်လုံးခက်ခဲနေကြတာ။ လယ်လည်း အများကြီးမလုပ်နိုင်ဘူး။ စိုက်ပျိုးမယ့်ထဲမှာလည်း ဓာတ်မြေဩဇာအလုံလောက် မသုံးနိုင်တော့ အထွက်နှုန်းကောင်းမှာမဟုတ်ဘူး” ဟု လယ်သမား ဦးအောင်သန်းက ပြောသည်။ 

မာန်အောင်နှင့်နီးစပ်သည့် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအတွင်း စစ်ရေးအရေးနိမ့်လာသည့် စစ်ကောင်စီသည် မာန်အောင်မြို့တွင် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လမှစ၍ မြို့တော်ခန်းမ၊ လေယာဉ်ကွင်း၊ မြို့အဝင်ထွက်ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀၀ ခန့်ရှိနေပြီး ခအုံးမော်ကျေးရွာအနီး ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများ တိုးချဲ့ချထားသည်ဟု သိရသည်။ 

မာန်အောင်မြို့ခံတစ်ဦးက “တိုက်ပွဲမဖြစ်ပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိတ်တွေ့ရတယ်။ ဒေသခံတွေက မလုံခြုံတော့ဘူး။ စစ်ကောင်စီက ထွက်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။ 

မာန်အောင်တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်မများ မရှိသော်လည်း အချက်အချာကျသော မြို့တွင်းနေရာများတွင် စစ်ကောင်စီက အခိုင်အမာနေရာယူထားပြီး မြို့အနီးအနားရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း စစ်ကြောင်းထိုး နေထိုင်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။  

“AA ဘက်ကတော့ တစ်မြို့မကျန် တိုက်ခိုက်သွားမယ်လို့ ပြောထားတဲ့အတိုင်းလုပ်လာမယ်။ မာန်အောင်ကိုတော့ တောင်ကုတ်နဲ့အပြိုင် ထိုးစစ်ဆင်မယ်လို့ ခန့်မှန်းမိတယ်။ မာန်အောင်မှာ တပ်မ၊ ဌာနချုပ်တွေ မရှိတဲ့အတွက် AA ဘက်ကတော့ အသာစီးရပြီးသား ဖြစ်ပါတယ်”  ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

မည်သို့ပင်ဆိုစေကာမူ မေဃဝတီခေါ် မာန်အောင်မြို့နယ်သည် လူတိုင်းအမြင်တွင် တိုက်ပွဲမရှိဘဲ ငြိမ်နေသယောင် ထင်ရသောလည်း စီးပွားရေး၊ လူမှုရေး၊ စစ်ရေးကဏ္ဍတို့တွင် လှိုင်းဂယက်များ ရိုက်ခတ်နေဆဲပင်။ 

ဗီဒီယိုများ