- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
မာန်အောင်ကျွန်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ဆောင်ရွက်
နိုဝင်ဘာလဆန်းပိုင်းမှစ၍ မြို့တွင်းကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ မြို့အဝင်နှင့် မြို့ပတ်ပတ်လည်တွင် လုံခြုံရေးယူခြင်း စသည့်တို့ကို လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
12 Nov 2024
DMG ၊ နိုဝင်ဘာလ ၁၂
အာရက္ခတပ်တော်က အမ်းနှင့် ဂွမြို့နယ်တွင် တိုက်ပွဲအရှိန်မြှင့်လာမှုနှင့်အတူ တောင်ကုတ်မြို့နယ်တွင်လည်း ထိုးစစ်ပြန်စတင်ပြီးနောက် စစ်ကောင်စီက မာန်အောင်မြို့လုံခြုံရေးကို ပိုမိုအလေးထားဆောင်ရွက်လာသည်။
နိုဝင်ဘာလဆန်းပိုင်းမှစ၍ မြို့တွင်းကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ မြို့အဝင်နှင့် မြို့ပတ်ပတ်လည်တွင် လုံခြုံရေးယူခြင်း စသည့်တို့ကို လုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“အရင်ကတော့ အဲဒီလိုလုပ်တာ မရှိဘူး။ ဒီရက်ပိုင်းမှာ ပိုတွေ့လာရတယ်။ အင်အားအများအပြားနဲ့ ကင်းလှည့်ကြတယ်။ စစ်ကားတွေလည်းပါတယ်” ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။
မာန်အောင်ကျွန်းတွင် စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ တွေ့လာရသဖြင့် ဒေသခံများမှာ တိုက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ချက် ရှိနေကြသည်။ ပထဝီအနေထားအရ မာန်အောင်ကျွန်းကို ရေပတ်လည်ဝန်းရံထား၍ တိုက်ပွဲဖြစ်ပွားလာလျှင် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲများစွာ ရှိနေသည်။
မာန်အောင်ကျွန်းကို စစ်ကောင်စီက လမ်းခရီးသွားလာခွင့်ပိတ်ဆို့ထား၍ ဒေသတွင်း ကုန်စည်ပြတ်လပ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရသည်။
“ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီက လုံးဝကန့်သတ်ထားတာ။ ဆေးကို နေ့တိုင်းမှီခိုနေရတဲ့ ကျမတို့လို ဆီးချိုသမားတွေဆိုရင် ပိုဆိုးတယ်” ဟု မာန်အောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မာန်အောင်မြို့သို့ စစ်ကောင်စီခွင့်ပြုချက်ဖြင့် ကုန်သင်္ဘောများ တစ်လတစ်ကြိမ် ဝင်ရောက်မှုရှိသော်လည်း ဆေးဝါးပါဝင်ခြင်းမရှိသဖြင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲဖြစ်နေကြရသည်။
မာန်အောင်မြို့နယ်တွင် မျှော်တော်ဦးရေတပ်စခန်း၊ လေယာဉ်ကွင်းနှင့် မြို့တွင်းအချက်အချာကျသည့် နေရာများတွင် စစ်ကောင်စီက စစ်အင်အား၊ လက်နက်အင်အား တိုးချဲ့ကာ ခံတပ်အခိုင်အမာ ပြင်ဆင်ထားသည်။