- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်စစ်ဘေးရှောင် ၂၀၀ ကျော်လိုက်ပါလာသည့် သင်္ဘောကို ဧရာဝတီတွင် စစ်ကောင်စီ တားဆီးထား
သင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ မာန်အောင်နှင့် တောင်ကုတ်မြို့နယ်တို့မှ ဒေသခံများ၊ ကျန်းမာရေး အတွက် ဆေးကုသမှုခံယူရန် သွားရောက်သူများနှင့် ကျောင်းသားများပါဝင်ပြီး ထိုအထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုအများစု ဖြစ်ကြောင်း သိရသည်။
04 Jan 2025
DMG ၊ ဇန်နဝါရီ ၄
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှ စစ်ဘေးရှောင် ၂၅၀ ခန့် စီးနင်းလိုက်လာသည့် ကုန်တင်သင်္ဘောတစ်စီးကို ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးရှိ င/ဝန်မြစ်ဝတွင် စစ်ကောင်စီက တားဆီးထားကြောင်း သတင်းရရှိ သည်။
အဆိုပါ သင်္ဘောမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မာန်အောင်မြို့ကနေ ရန်ကုန်သို့ စတင်ထွက်ခွာ လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်တွင် င/ဝန်မြစ်ဝရှိ စစ်ကောင်စီ၏ ကမ်းခြေစောင့်တပ်က သွားလာခွင့် ဟန့်တားထားခြင်းဖြစ်ပြီး ယနေ့ထိ ထွက်ခွာခွင့်မပေးသေးကြောင်း သိရသည်။
“ကမ်းခြေစောင့်တပ်က ရပ်ခိုင်းလို့ ရပ်ထားရတာ ၆ ရက်လောက်ရှိပြီ။ သင်္ဘောတာဝန်ခံကို မေးတော့လည်း အထက်အမိန့်ရမှ ဆက်သွားရမယ်လို့ ပြောတယ်။ ဘာကြောင့် ရပ်ခိုင်းထားလဲဆိုတာ မသိရဘူး” ဟု သင်္ဘောတွင် လိုက်ပါလာသူ၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။
သင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ မာန်အောင်နှင့် တောင်ကုတ်မြို့နယ်တို့မှ ဒေသခံများ၊ ကျန်းမာရေး အတွက် ဆေးကုသမှုခံယူရန် သွားရောက်သူများနှင့် ကျောင်းသားများပါဝင်ပြီး ထိုအထဲတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုအများစု ဖြစ်ကြောင်း သိရသည်။
ရခိုင်တွင် အာရက္ခတပ်တော်သည် မြို့ (၁၄) မြို့အထိ တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် (၃) မြို့နယ်သာ စစ်ကောင်စီလက်အောက်တွင် ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် မာန်အောင်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသခံများမှာ ရန်ကုန်တိုင်းဘက်သို့ စစ်ဘေးရှောင်စဉ် ယခုကဲ့သို့ တားဆီးခံထားရခြင်းဖြစ်သည်။
လက်ရှိတွင် အချိန်ကြာလာသည်နှင့်အမျှ ခရီးသည်များမှာ ဖြစ်သလို စားသောက်နေကြရကြောင်း သိရသည်။
မာန်အောင်ဒေသခံ အမျိုးသမီးတစ်ဦးက “ ကျမတို့ လာတုန်းက သုံးလေးရက်လောက်လာရတာတောင် စားရသောက်ရတာ တော်တော်အဆင်မပြေ ဖြစ်တယ်။ သူတို့တွေက တစ်ပတ်နီးပါးဆိုတော့ ပိုပြီးအခက် တွေ့ကြမှာ။ ပြီးတော့ ဘယ်အချိန်သွားလို့ရမလဲမသိဘဲ ဒီတိုင်းနေရလို့ကတော့ ပါတဲ့ ပိုက်ဆံလည်း မလိုအပ်ဘဲ ကုန်ကြအုံးမယ် ” ဟု ပြောသည်။
မာန်အောင်မြို့နယ်မှ ဒေသခံများမှာ လက်ရှိ ဆေးဝါးတင်သွင်းခွင့်နှင့် လမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီ က ပိတ်ဆို့ထား၍ ဆေးဝါးအပါအဝင် ကုန်စည်ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။
ယင်းအပြင် မာန်အောင် ဆေးရုံတွင်လည်း ကျန်းမာရေးဝန်ထမ်းများမှာလည်း စစ်ရေးပဋိပက္ခကြောင့် စစ် ဘေးတိမ်းရှောင်နေကြသဖြင့် ဆေးဝါးကုသရေးအတွက် အခက်အခဲများ ရှိနေကြသည်။
ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ နီးစပ်ရာ ဒေသများအပြင် ပြည်မဘက်သို့လည်း စစ် ဘေးတိမ်းရှောင်သူများရှိနေပြီး စစ်ကောင်စီက လမ်းခရီးသွားလာရေးကို ပိတ်ဆို့ဖြတ်တောက် ထားမှုကြောင့် အခက်အခဲများကြားထဲမှ စွန့်စား သွားလာနေကြရသည်။
ခရီးသွားလာရာတွင်လည်း ရခိုင် မှတ်ပုံတင်(၁၁ မျဉ်းစောင်း) ကိုင်ဆောင်သူများအား ဂိတ်များတွင် စစ်ဆေးမှုတင်းကျပ်ခြင်း၊ AA သံသယဖြင့် ဖမ်းဆီးမှုများရှိနေသဖြင့် ဒေသခံများမှာ ခရီး သွားလာခွင့် ပိတ်ပင် ခံရမှုအပြင် လုံခြုံရေးအရ ဖိနှိပ်မှုများကိုပါ ရင်ဆိုင်နေကြရသည်။