ထွက်ပြေးတိမ်းရှောင်မှုတွေကြားက ပညာရေးအိပ်မက်များ

စစ်ရေးပဋိပက္ခများမှာ ကလေးငယ်များ၏ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ တိုင်းပြည်၏ စာတတ်မြောက်မှုနှုန်းများနှင့် ဆက်စပ်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာရှိသည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုး (MIPS) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

27 Aug 2020

ခိုင်ရိုးလ ရေးသားသည်။ 

လှည်းကူး-ဖောင်ကြီးလမ်းပိုင်းကနေ ဖောက်ထွက်ပြီး ကွန်ဂရစ်လမ်း၊ ထိုမှတဆင့် မိုးရွာထားသောကြောင့် ရွှံ့ထူနေသည့် မြေနီလမ်းလေးကို နာရီဝက်နီးပါးအကြာ ကားဖြင့် ဖြတ်သန်းလာပြီးသည့် နောက်မှာတော့ တောင်ကုန်းမို့မို့နှင့် ချိုင့်မညီမညာများပေါ်တွင် ဓနိမိုး၊ ထရံကာ ဝါးတိုင်များနှင့် တည်ဆောက်ထားသည့် တဲအိမ်လေးများကို တွေ့မြင်ရသည်။

တဲအိမ်စုစုပေါင်း ၂၅၀ ကျော်ခန့်ရှိပြီး အဆိုပါတဲအိမ်များတွင် နေထိုင်ကြသူများမှာ ရခိုင်ပြည်တွင်းစစ်ရေးပဋိပက္ခများကြားမှ နယ်မြေအေးချမ်းမှုကို ရှာဖွေကာ ယာယီပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။
ယင်းနေရာမှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဝက်အင်းပေါက်ကျေးရွာတွင် တည်ရှိသည်။

ထွက်ပြေးလာသူများထဲတွင် အမျိုးသား၊ အမျိုးသမီးတွေအပြင် ကျောင်းနေအရွယ် ကလေးအများစုလည်း ပါဝင်ကြသည်။ သူတို့အတွက် စားဝတ်နေရေးဆိုင်ရာ အခက်အခဲများရှိနေပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူနိုင်ရေးမှာလည်း အကြီးမားဆုံးသော အခက်အခဲတစ်ခု ဖြစ်နေသည်။

လက်ရှိတွင် အထက်တန်းအဆင့် စာသင်ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်စခန်းမှ အထက်တန်းကျောင်သားတချို့မှာ နီးစပ်ရာစာသင်ကျောင်းတွင် ပညာသင်ကြားနေကြသော်လည်း အခက်အခဲများနှင့် ကြုံနေရကြောင်း ဝက်အင်းပေါက်ကျေးရွာက ကျောင်းသားများနှင့် မိဘများကဆိုသည်။

ထွက်ပြေးလာသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောနှင့် အမ်းမြို့နယ်များမှ ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

၎င်းတို့သည် မိမိနေနေထိုင်ရာဒေသများမှ ရန်ကုန်သို့ မိမိခရီးစရိတ်ဖြင့် ရောက်ရှိလာသူများဖြစ်ကာ အများစုမှာ မြိုတိုင်းရင်းသားများဖြစ်ပြီး ချင်း၊ ဗမာ၊ ရခိုင်များလည်း ပါဝင်သည်။

၎င်းတို့အထဲတွင် ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မစုစုကလျာလည်း တစ်ဦးပါဝင်သည်။

မစုစုကလျာက “ရခိုင်မှာစစ်ပွဲတွေ ဖြစ်နေလို့ ပြေးလာရတာ။ ကျောင်းပြောင်းလိုက်ရတော့ ဟိုမှာဆိုတော့ ရခိုင်(စကားနဲ့)စာသင်တာ၊ ဒီမှာဆိုတော့ မြန်မာလိုဆိုတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

မစုစုကလျာတို့ မိသားစုမှာပြီးခဲ့သည့် မတ်လအတွင်းက ရောက်ရှိလာကြခြင်းဖြစ်ပြီး မိသားစုဝင်များမှာ အလုပ်အကိုင်မရှိသည့် အတွက်ကြောင့် ပညာသင်ကြားရန် ငွေကြေးအခက်အခဲနှင့် ကြုံနေရသည်။
ယင်းအပြင် သူ့အတွက် ကျောင်းပြောင်းလက်မှတ်ကို ရခိုင်ကနေပြီး လှည်းကူးသို့ယူလာရန် အခက်အခဲများရှိနေကြောင်း အစ်မဖြစ်သူ မမိုးစန္ဒာက ရှင်းပြသည်။ ကျောင်းပြောင်းရန်အတွက် ကျောင်းထွက်လက်မှတ်သည် လိုအပ်ချက်တစ်ခုဖြစ်သည်။

ယင်းအပြင် ဝက်အင်းပေါက်ကျေးရွာ စစ်ဘေးရှောင်များ နေထိုင်သည့်နေရာသည် မူလကျေးရွာနောက်တွင် ထပ်တိုးထားခြင်းဖြစ်သဖြင့် သွားရောက်ရသည့် ကျောင်းနေရာမှာ အနည်းငယ်ဝေးကွာပြီး ကျောင်းသို့ရောက်ရန်အတွက် စုပေါင်းပြီး ကားငှားသွားရသည်။ ဝက်အင်းပေါက်ကျေးရွာနှင့် စာဘူးတောင်း ကျေးရွာမှာ ၄ မိုင်ခန့် ကွာဝေးသည်။

ဝင်ငွေရှာရန် ခက်ခဲသည့် တိုက်ပွဲရှောင်များအတွက်မူ ယင်းကားငှားခသည်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်ဟု ၎င်းတို့က ဆိုကြသည်။

“သူ့ကျောင်းစရိတ်၊ ကားခပေးရတာက တစ်ရက်ကို တစ်ထောင်ပေးရတယ်။ ကျူရှင်ထားဖို့ ပိုက်ဆံလည်း မရှိပါ” ဟု မစုစုကလျာ၏ အစ်မ မမိုးစန္ဒာက ဆိုသည်။

မစုစုကလျာမှာ ပြီးခဲ့သည့်နှစ်က ကျောက်တော်မြို့အ.ထ.ကတွင် ပညာသင်ကြားခဲ့ပြီး လက်ရှိမှာ ဝက်အင်းပေါက် ကျေးရွာအနီးရှိ စာဘူးတောင်း အ.ထ.က တွင် ဆက်လက်သင်ကြားနေခြင်းဖြစ်သည်။

ဝက်အင်းပေါက်ကျေးရွာတွင် မစုစုကလျာအပါအဝင် မူလတန်း (၁၇) ဦး၊ အလယ်တန်း (၆၆) ဦးနှင့် အထက်တန်း (၁၈) ဦး၊ စုစုပေါင်းကျောင်းသား (၁၀၁) ဦးတို့၏ ပညာရေးအလားမှာ အခက်ခဲမျာစွာကို ဖြတ်ကျော်ရမည့်အခြေအနေ ဖြစ်နေသည်။

အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ စာဖြူစုရပ်ကွက်တွင်လည်း တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ခူမီးတိုင်းရင်းသား (၁၃၅) ဦးရောက်ရှိနေကြပြီး ယင်းအထဲတွင် ကျောင်းသားများလည်း ပါဝင်သည်။

လှည်းကူး ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ မင်္ဂလာဒုံ ကျေးရွာမှ ချင်းတိုင်းရင်းသား ဦးကျော်ကျော်ရွှေက ၆ တန်းနှင့် ၃ တန်းတက်မည့် သူ့သားသမီးနှစ်ယောက်၏ ပညာရေးကို စိုးရိမ်မှုများရှိနေသည်။

“ကျောင်းတက်ရမလား၊ မတက်ရဘူးလားဆိုတာ မသိသေးဘူး။ ဒီမှာလည်း စာသင်ကျောင်းတွေလည်း မရှိဘူး။ ကျနော်တို့အတွက်ထက် ကလေးတွေ ကျောင်းတက်ရဖို့က ပိုပြီးအရေးကြီးပါတယ်” ဟု ဦးကျော်ကျော်ရွှေက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် ဒေသခံများမှာ အသက်အန္တရာယ်ကို စိုးရိမ်ပြီး နေရပ်စွန့်ခွာထွက်ပြေးသူများမှာ ၂ သိန်းကျော်အထိရှိလာကြောင်း ရခိုင်နှင့် ချင်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

စစ်ရေးပဋိပက္ခများမှာ ကလေးငယ်များ၏ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ တိုင်းပြည်၏ စာတတ်မြောက်မှုနှုန်းများနှင့် ဆက်စပ်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာရှိသည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုး (MIPS) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“နောက်ငါးနှစ်ထိ ဒီစစ်ပွဲကြီးဆက်ဖြစ်နေမယ်ဆိုရင် ကလေးကတော့ နောက် ၅ နှစ် ကျောင်းမတက်ရတော့ဘူး။ အခုငါးတန်းကလေးက နောင်ငါးနှစ် ဆက်မတက်ရရင် ဆယ်တန်းမရောက်တော့ဘူး။ သူ့ဘဝက ငါးတန်းနဲ့ပဲ ရပ်သွားတော့မှာ၊ ဒီတော့ သိန်းဂဏန်းလောက်ရှိတဲ့ လူငယ်တွေဟာ အတန်းပညာမရှိပဲနဲ့ ကြီးပြင်းလာမယ်ဆိုရင် သူတို့အနာဂတ်ကလည်း အများကြီးပြဿနာရှိနေတယ် ” ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

လူငယ်များ၏ အနာဂတ်နှင့်ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဩဂုတ်လ ၁၉ ရက်က ၂၁ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမရရှိသည့်အတွက် နှစ်ပေါင်း ၇၀ အတွင်း လူ့အသက်ဆုံးရှုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာထွက်ပြေးမှုများခြင်းများအပြင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများလည်း ထိခိုက်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေရဲ့ ပညာရေးနဲ့ တိုင်းပြည်ရဲ့အနာဂတ်၊ တိုင်းရင်းသား ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်မှု အစရှိတဲ့ မသိမမြင်နိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို မရေတွက်နိုင်အောင် စတေးခဲ့ရပြီးလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း ငွေကြေးအားဖြင့် ထရီလီယံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေအပြင် တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်ထောင်စုရဲ့အနာဂတ်၊ ပြည်ထောင်စုကြီးထဲက သားသမီးတွေရဲ့ ဘဝတွေမြောက်မြားစွာ ပေးဆပ်ခဲ့ရပါပြီ” ဟု ပြောဆိုခဲ့သည်။

ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီ မင်းအောင်လှိုင် ကလည်း တိုက်ပွဲများနှင့် တိုင်းပြည်၏ အနာဂတ်ပညာရေးအကြောင်းကို အဆိုပါ ညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သေးသည်။ ယင်းသို့ပြောကြားရာတွင် တိုင်းပြည်တွင် ပညာတတ်မြောက်မှု အားနည်းနေခြင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ ပညာရေးအပေါ်မူတည်ပြီးတော့ နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံလို့ ကွဲပြားခြားနားနေပါတယ်။ လူတွေမှာလည်း ဒီလိုပဲဖြစ်ပါတယ်။ ပညာရေးနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့ အလုပ်အကိုင်ရရှိမှု၊ တာဝန်ပေးမှု၊ တာဝန်ထမ်းဆောင်မှုတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသများမှ ကလေးငယ်များမှာမူ ပညာသင်ကြားရေးအတွက် အလှမ်းကွာဝေးမှုရှိသည့် အနေအထားတွင် ရှိနေသေးသည်။

လတ်တလောကာလအတွင်း တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် မြို့နယ်အသီးသီး၌ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ရှိနေပြီး ယင်းအထဲတွင် ကျောင်းသား ၃၀ ရာခိုင်နှုန်းကျော်၊ ဦးရေအားဖြင့် (၄၅၀၀) ခန့် ရှိနေကြောင်း ရခိုင်စစ်ဘေးရှောင်စခန်းများတွင် အချက်အလက်ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ စာရင်းများအရ သိရသည်။

ယင်းအပြင် ရခိုင်တိုက်ပွဲ ၂ နှစ်ခန့်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ဆက်စပ်ကာ စာသင်ကျောင်းများ ပိတ်လိုက်ရခြင်း၊ စစ်ဘေးရှောင်နေရခြင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်မှုအပြင် မိသားစုအလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကျောင်းထွက်သွားသည့် ကေလေးမှာလည်း ယခင်နှစ်ထက် ၂ ဆခန့် များလာနေသည်ကို တွေ့ရှိရကြောင်း REC အတွင်းရေးမှုး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ကျနော်တို့ရဲ့ Data (အချက်အလက်)နဲ့ ပြောရမယ်ဆိုရင် ကျောင်းသားအရေအတွက် (၄၅၀၀၀) လောက်မှာ ကျောင်းသားဦးရေ (၃၀၀၀) ကျော်လောက်ဟာ အတန်းစာဘက်မှာ မရှိတော့ဘဲ ကျောင်းထွက်သွားတာတွေ ရှိကြတယ်။ ပြီးခဲ့တဲ့နှစ်က ၁၀၀၀ ကျော်လောက်သာရှိပေမယ့် ဒီနှစ်ကျောင်းဖွင့်ရာသီမှာတော့ ၂ ဆလောက် ကျော်လာမှာကို မြင်တွေ့နေရတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

စစ်ဘေးရှောင်ကဏ္ဍကို ထည့်သွင်းစဉ်းစားလျှင် သူတို့၏ စားဝတ်နေရေးကိစ္စအပြင် မျိုးဆက်သစ်ပညာရေးအတွက် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“စစ်ဘေးရှောင်တွေကို စဉ်းစားတဲ့အခါမှာ သူတို့ရဲ့ စားဝတ်နေရေး တစ်ခုတည်းမဟုတ်ဘဲနဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေ၊ ကလေးတွေရဲ့ ပညာရေးကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်။ အဲတော့ ဆန်ပေး၊ ဆီပေးမဟုတ်ဘဲနဲ့ သူတို့တွေ ကျောင်းတက်နိုင်ဖို့ ဒုက္ခသည်စခန်းတွေမှာ ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ လိုတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ် (၁၄) ခုတွင် ဒုတိယအဆင်းရဲဆုံးနှင့် ဖွံဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သည်။ ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပြန်လည်ထူထောင်ရန် အခက်ခဲများလည်း ရှိလာမည်ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ထောက်ပြထားသည်။

လှည်းကူးမြို့သို့ ထွက်ပြေးလာကြသူများမှာ ရခိုင်ကနေ ရန်ကုန်အထိ လမ်းစရိတ်မှာ တစ်ဦးလျှင် ကုန်ကျငွေကျပ် (၃) သောင်းကျော်ကနေ လမ်းခရီးအတိုအရှည်အပေါ် မူတည်ပြီး ကျပ်တစ်သိန်းအထိကုန်ကျခံကာ ရောက်ရှိလာကြသူများ ဖြစ်သည်။ ထိုသို့ ထွက်ပြေးလာသည့် စားရိတ်အတွက် ထောက်ပံ့မှုနှင့် ကူညီပေးမှု တစ်စုံတစ်ရာ မရရှိပေ။

တချို့မိသားစုများတွင် မိသားစုဝင် ၅ ယောက် ၆ ယောက်ရှိပြီး၊ တချို့မိသားစုတွေဟာ ဆွေမျိုးမိသားစုလိုက် ၂ စု၊ ၃ စု ပေါင်းထွက်ပြေးလာသူများဖြစ်ပြီး၊ တစ်ချို့မှာ ငွေကြေးလမ်းစရိတ် မတတ်နိုင်သောကြောင့် ကျေးရွာအတွင်းမှာပင် ထွက်မပြေးဘဲ နီးစပ်ရာတောထဲတွင် နေထိုင်ကြရသူတွေရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။

သူတို့နေထိုင်ရာ ရွာထိပ်ရွာအနီးမှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပွားခြင်းကြောင့် တပ်မတော်က လေကြောင်းပစ်ခတ်တိုက်ခတ်မှုတွင် သေဆုံး၊ ဒဏ်ရာရသူများရှိပြီး နေအိမ်များလည်း မီးလောင်သွားသည့်အတွက် နေစရာမရှိ၍ ထွက်ပြေးလာရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေသည်မှာ ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမှ ယနေ့အချိန်ထိ ၂ နှစ်ခန့်အချိန်ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များမှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ဆက်စပ်ပြီး အရပ်သားများသေဆုံးမှု၊ ဖမ်းဆီးခံရမှုများမှာလည်း များပြားလာနေသည်။ အချို့ရွာများတွင် တပ်မတော်၊ AA တပ်ဖွဲ့ဝင်များက ဝင်ထွက်သွားလာနေကြခြင်း၊ လက်နက်ကိုင် နှစ်ဘက်တပ်သားများက ရွာသားများကို ခေါ်ယူစစ်ဆေးမေးမြန်မှု၊ ဖမ်းဆီးမှုများလည်း ရှိနေသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်အတွင်း လူဦးရေသုံးသန်းကျော် (၃,၃၂၅,၁၁၆) ဦးရှိသည်။ ယင်းအထဲမှ အသက် ၅ နှစ်နှင့် ၉ နှစ်အကြား လူဦးရေ နှစ်သိန်းကျော် (၂၂၆,၆၉၃) ဦးရှိပြီး ယင်းအထဲတွင် စာမတတ်သူ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း (၅၆,၄၈၁) ရှိနေသည်။

အသက် ၁၀ နှစ်နှင့် ၁၄ နှစ်ကြား လူဦးရေ ၂၃၈၆၇၃ နှစ်သိန်းကျော်မှာ စာမတတ်သူ ဦးရေ ၆ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှင့် ၁၉ ကြား၊ လူဦးရေ နှစ်သိန်းနီးပါးတွင် စာမတတ်သူဦးရေ ၈ ရာခိုင်နှုန်းရှိသည်။

ယင်းအပြင် အသက် ၂၀၊ ၂၄ ကြား လူဦးရေ တစ်သိန်းခွဲခန့်တွင် စာမတတ်သူဦးရေ ၁၀ ရာခိုင်နှုန်း ရှိနေသည်ကို မြန်မာနိုင်ငံ အလုပ်သမားလူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန စာရင်းများအရသိရသည်။

လတ်တလောကာလတွင် စစ်ဘေးရှောင်များကို လူမှုအဖွဲ့အစည်းနှင့် အလှူရှင်များက ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ စစ်ဘေးရှောင်စခန်းမှ ပြည်သူများမှာ ငြိမ်းချမ်းရေးကို မျှော်လင့်နေကြပြီး အိမ်ပြန်မည့် အချိန်ကို စောင့်နေကြသည်။

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံစတုတ္တအကြိမ် အစည်းအဝေး ကျင်းပနေသော ကာလဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနေကြသော်လည်း ဝက်အင်းပေါက်ကျေးရွာမှ စစ်ဘေးရှောင်များကတော့ ထိုကိစ္စရပ်များကို မသိရှိကြပေ။

လှည်းကူး၊ ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က “ ငြိမ်းချမ်းရေးကို လက်နက်နဲ့မဆွေးနွေးဘဲနဲ့ စားပွဲပေါ်မှာပဲ ဆွေးနွေးပြီးတော့၊ အပြောမဟုတ်ဘဲ ကျနော်တို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးကိုတော့ တကယ်ရချင်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘဝကို အရမ်းလိုလားတယ်။ မက်မောတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များက ငြိမ်းချမ်းဖို့ မျှော်လင့်နေသော်လည်း ယခုကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက “ အခုပင်လုံက အသေးစိတ်အချက်တွေပါမယ့်အစားကို ဆက်ပြီးတော့ လျှောက်လို့ရဖို့က အဓိကပဲ။ အခုရည်ရွယ်ချက်က အစိတ်အပိုင်း ၃ ခုရှိတယ်။ ဒါတောင် ၁ နဲ့ ၂ က ဆက်လျှောက်ဖို့အတွက် အာမခံချက်တွေ ပေးလိုက်တယ်။ ၃ ကသာ အသေးစိတ်အချက်တွေပါတာ။ ဒါတောင် ၃ မှာတောင် အသေးစိတ် အချက်လက်တွေ ဒီညီလာခံမှာ မပါဘူး။ နောက်ဆက် ဆွေးနွေးမှုတွေက နှစ်ဘက်ညှိနှိုင်းမှုမှာ ပါချင်မှပါမယ်” ဟု ဆိုသည်။

လက်ရှိကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပသည့် ၃ ရက်တာအတွင်း ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)ကို စာချုပ်ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း(၃)တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယား (၁) ပါ ခေါင်းစဉ် ၈ ခု ဒီမိုကရေစီ နှင့် ဖက်ဒရယ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ၅ ချက်တို့ ပါဝင်မည် ဖြစ်သည်။

ထိုသို့ဆွေးနွေးမှုတွင် တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများ မပါဝင်ကြောင်း ညီလာခံတက်ရောက်သူများက ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီးအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက စစ်ဘေးရှောင်ကလေးများနှင့် အမျိုးသမီးများအတွက် ယခုပင်လုံညီလာခံတွင် သီးသန့်ဆွေးနွေးရန် အစီအစဉ်များမရှိသော်လည်း NCA အကောင်ထည်ဖော်ဆောင်ရေး ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“အမှန်အတိုင်းပြောရရင် ကျမမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ အရမ်းကို အချိန်ပေးနေရတော့ စစ်ဘေးရှောင်စခန်းဘက်ကို လှည့်ကြည့်ဖို့ အရမ်းအားနည်းသွားတယ်။ အခု ငြိမ်းချမ်းရေးညီလာခံပြီးသွားရင် ရှေ့ဆက်ဖို့အတွက် နားချိန်ရှိမယ်။ အဲဒီအချိန်မှာ သွားရောက်အကူညီပေးဖို့ အစီစဉ်တွေရှိပါတယ်” ဟု စောမြရာဇာလင်းက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံက လက်ရှိ NLD အစိုးရလက်ထက်တွင် ကျင်းပနေသည်မှာ လေးကြိမ်ရှိပြီဖြစ်သည်။ လက်ရှိအချိန်သည် ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကဲ့သို့ ပုံစံဖြစ်ပွားနေသည်လည်းရှိသည်။ တိုက်ပွဲများကလည်း တိုက်ပွဲကြီးများ မဟုတ်သည့်တိုင် ထိတွေ့မှုတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲများသည် စစ်ရှောင်စခန်းများမှ ကလေးငယ်များ၏ ပညာရေးအနာဂတ်ကို မည်သို့ ပုံဖော်မည်နည်း။ မစုစုကလျာ တို့လို ကျောင်းသားများ၏ အနာဂတ်ကို မည်သို့ ဆေးခြယ်မည်နည်း အစရှိသဖြင့် မေးခွန်းအများအပြားရှိသော်လည်း ဝက်အင်းပေါက်ကျေးရွာ စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်များကတော့ ကစားစရာမရှိသည့် မြေကြီးပေါ်တွင် မြေကြီးကို တူးဆွပြီး ပျော်ရွှင်စွာကစားနေကြသည်။

ဗီဒီယိုများ