- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သတင်းတုကပ်ဘေးနှင့် နပန်းလုံးနေရသော မြန်မာ
ငှက်ဖျားဆေးနှင့်တိုင်းရင်းဆေးများဖြင့် ကိုဗစ်ကုသနိုင်၊ ဗိုင်းရပ်စ် သည် လူဖန်တီးသည့်ဗိုင်းရပ်စ်ဖြစ်၊ အစိုးရထောက်ပံ့ပေးသည့် ကိုဗစ်ကုစားရေးငွေကြေးထောက်ပံ့မှု အချက်အလက်များမှားယွင်း နေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ (တိုင်ကွန်းများ) နှင့် ဆေးဝါးကုမ္ပဏီများက အစိုးရကို ငွေကြေးနှင့် ဆေးဝါးများ ထောက်ပံ့ပေးစသည့် အကြောင်းရာများဖြစ်ကြောင်း သိရသည်။
27 Dec 2020
မိုးမြင့် | DMG
ရန်ကုန် - အရက်သောက်လျှင် ကိုရိုနာ (ဝါ) ကိုဗစ်ပျောက်သည်၊ ဂျင်းပြုတ်ရည်သောက်လျှင် ကိုဗစ်ကင်းစေသည်၊ တမာ ရွက်စားလျှင် ကိုဗစ်ပျောက်သည် စသောသတင်းမှားမျိုးစုံကို ကပ်ဘေးကာလတလျှောက် ဖေ့စ်ဘွတ်ခ် သုံးစွဲသူ မပပ တစ်ယောက် လှိုင်လှိုင်ကြီးဖတ်ခဲ့ရသည်။
"ညဘယ်နှစ်ရာရီကျော်ရင် ကြက်ဥက ဘယ်နှစ်လုံးစားရမယ်။ အိမ်မှာ ဖယောင်းတိုင်ထွန်းရမယ်ဆိုတဲ့ဟာမျိုးတွေ ဘယ် ဆရာတော်ကြီးရဲ့ ဂါထှာကတော့ ကပ်ရောဂါပျောက်တယ်တို့ ဘာတို့ ဒီလိုသတင်းတွေ ပျံ့နှံ့တာများတယ်" ဟု အသက် ၃ဝ အရွယ် ကုမ္ပဏီ ဝန်ထမ်း မပပ က သူ့အတွေ့အကြုံကို ပြောပြသည်။
သြဂုတ်လမှ စတင်ပြီး ကပ်ရောဂါအကြီးအကျယ်ဖြစ်ပွားသည့်အချိန် ယခုလေးလထဲရောက်ရှိလာသော်လည်း၊ လူဦးရေ ၅၅ သန်းဝန်းကျင်ရှိသော အရှေ့တောင်အာရှနိုင်ငံ မြန်မာနိုင်ငံတွင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည့် အချက်လက်မှားများ၊ သတင်းတုလှိုင်းသစ်များသည်လည်း အချိန်နှင့်တပြေးညီဖြစ်ပေါ်တိုးတက်နေ၏။
တွေ့ရများသော ယင်းသတင်းတုယောင်များအနက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ တရုတ်-မြန်မာနယ်စပ်တွင် ဝယ်ယူရရှိနိုင်သည်ဆိုသည့် သတင်းလည်းပါဝင်သည်။ သို့သော် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယင်းသတင်းဖော်ပြထားခြင်းမရှိ၍ တရုတ်ကာကွယ်ဆေးသတင်းသည် အတုဖြစ်ကြောင်း မပပ သဘောပေါက်သည်။
မြောက်များစွာသော သတင်းမှားများမှာ မူလသတင်းအစစ်အမှန်ကိုပုံဖျက်ပြီး ပြန်လည်ဖြန့်ဝေသည့်ပုံစံ ဖြစ်ပွားလျှက်ရှိကြောင်း မြန်မာ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) ပရိုဂရမ် မန်နေဂျာ ကိုငြိမ်းချမ်းက ပြောသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် သတင်းအချက်လက်စစ်ဆေးမှုကို အစောပိုင်းကတည်းက ဆောင်ရွက်နေသော
တစ်ခုတည်းသောအဖွဲ့ဖြစ်ပြီး၊ အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံတကာအချက်လက်စစ်ဆေးရေးကွန်ယက် (IFCN) အဖွဲ့ ဝင်လည်းဖြစ်သည်။
ယင်းသတင်းမှားများနှင့် အမှန်အမှားရောထွေးထားသော အကြောင်းအရာများကို ဆတိုးပွားစေသည့်နေရာမှာ လှုမှုကွန် ယက်ပေါ်တွင်ဖွဲ့ထားကြသည့် အုပ်စု (closed group) များပင်ဖြစ်သည်။ ၎င်းတို့မှာ အွန်လိုင်းလူလိမ်များ ပစ်မှတ်ထားသော သတင်းမှားဖြန့်ဖြူးရာ အသိုက်အမြုံဖြစ်လာသည်။ အုပ်စုတစ်ခုအတွင် အနည်းဆုံး လူတစ်ထောင်မှ အများဆုံး ကိုးထောင်အထိရှိတတ်ကြောင်း ကိုငြိမ်းချမ်းက ရှင်းပြသည်။
အချုပ်အားဖြင့်ဆိုလျှင် "သတင်းတုကပ်ဘေး" ဆိုသည့်စကားရပ်မှာ အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားချိန် တစ်နှစ်ဝန်းကျင်ကြာမြင့်လာသည့်တိုင် မြောက်များစွာသောသတင်းမှားများ၊ သို့တည်းမဟုတ် အတည်မပြုနိုင်သော သတင်းအချက်လက်များစွာ ပျံ့နှံ့နေခြင်းကို ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာပေါင်း ၁၁၅,၁၈၇ ဦးရှိပြီး၊ အရှေ့တောင်အာရှတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်သော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ပြီးလျှင် မြန်မာသည် တတိယမြောက် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံတဝှမ်း သေဆုံးသူ ၂၄၂၄ ဦးရှိပြီး၊ အသေအပျောက်ရာခိုင်နှုန်း ၂.၁ အထိ ရှိ
လာသည်။ လူဦးရေတစ်သိန်းဖြင့် အခြေခံတွက်ကြည့်လျှင် ဖိလစ်ပိုင် ၉.၃၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား ၇.၃၄ ရာခိုင်နှုန်း၊ မြန်မာသေဆုံးမှုနှုန်း ၄.၅ ရာခိုင်နှုန်းရှိသောကြောင့် တတိယမြောက်နေရာတွင်ရှိသည်။ (မှတ်ချက် - MoHS Myanmar ၏ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၁၇၂၃၄၃၀ ဦးနှင့် သေဆုံးလူနာ ၂၅၇၉ ဦး ရှိသည်)
ဆင့်ပါးစပ်နှမ်းပက်
ကပ်ရောဂါက တစ်နှစ်ဝန်းကျင်ကြာမြင့်လာချိန် ကိုဗစ်သတင်းတု၊ ပုံဖျက်ထားသောသတင်းမှားကို ခွဲခြမ်းစိတ်ဖြာသော MIDO ကဲ့သို့သောအဖွဲ့ကလည်း ပိုမိုကြေညက်လာသည်။
MIDO အဖွဲ့ ပရိုဂရမ်မန်နေဂျာ ကိုငြိမ်းချမ်း၏ အဆိုအရ ကိုဗစ်နှင့်ဆက်စပ်သည့် ပျံ့နှံ့မှုအများဆုံး သတင်းတု၊ သတင်း မှားငါးခုမှာ တမာရွက်စားလျှင်ကိုဗစ်ပျောက်သည်၊
ငှက်ဖျားဆေးနှင့်တိုင်းရင်းဆေးများဖြင့် ကိုဗစ်ကုသနိုင်၊ ဗိုင်းရပ်စ် သည် လူဖန်တီးသည့်ဗိုင်းရပ်စ်ဖြစ်၊ အစိုးရထောက်ပံ့ပေးသည့် ကိုဗစ်ကုစားရေးငွေကြေးထောက်ပံ့မှု အချက်အလက်များမှားယွင်း နေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ (တိုင်ကွန်းများ) နှင့် ဆေးဝါးကုမ္ပဏီများက အစိုးရကို ငွေကြေးနှင့် ဆေးဝါးများ ထောက်ပံ့ပေးစသည့် အကြောင်းရာများဖြစ်ကြောင်း သိရသည်။
MIDO တဖွဲ့တည်းပင် တစ်နေ့လျှင် အနည်းဆုံး သတင်းတု၊ သတင်းမှား အနည်းဆုံး ၅ဝ ဝန်းကျင် စစ်ဆေးရသည်။ တစ်လလျှင် ပရိတ်သတ်တောင်းဆိုမှုအရ စစ်ဆေးပေးရသည့် အကြိမ်ရေတစ်ထောင် ဝန်းကျင်ရှိပြီး၊ များသောအားဖြင့် ကပ်ဘေးနှင့်ပတ်သတ်သည့် အသေးစိတ်သတင်းအချက်လက်ဖြစ်ကြောင်း MIDO အဖွဲ့ ပရိုဂရမ် ဒါရိုက်တာ မဖြူဖြူသီက ပြောသည်။
သတင်းမီဒီယာနှင့် နည်းပညာရေချိန်နည်းသည့် မြန်မာ့လူ့အဖွဲ့အစည်း ရုတ်တရက်အွန်လိုင်းနှင့်လူမှုကွန်ယက်များစွာ စတင်ထိတွေ့လာချိန် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကို စစ်ဆေးပေးကြသည့် (fact-checking) အဖွဲ့ အရေအတွက်မှာ လွန်ခဲ့သည့်ငါးနှစ်အတွင်း အနည်းငယ်မျှသာတိုးတက်ခဲ့သည်။ မူလကတည်းက တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကွဲအပြဲများနှင့် လက်နက်ကိုင်ပဋိပက္ခပြသနာများပြည့်နှက်နေချိန်၊ ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လူ့ဘောင် အဖြစ်ပြောင်းလဲဖို့ကြိုးစားနေသည့် ဆယ်စုနှစ်တစ်ခုအတွင်း ထပ်ဆင့်ဝင်ရောက်လာသည့်ပြသနာသစ်မှာ ဘူးလေးရာ ဖရုံဆင့်ဆိုသလိုပင်ဖြစ်လာသည်။
နိုင်ငံရေးနှင့်ကပ်ဘေးနွယ်သော သတင်းမှားများ၊ လုပ်ကြံဖန်တီးထားသော အွန်လိုင်းမုသားများ၊ သတင်းအမှန်ကိုပုံဖျက်ကာ လူအများယုံကြည်လက်ခံစေမည့် ဟာသဗွီဒီယိုအဖြစ် ဖန်တီးပြောင်းလဲထုတ်လုပ်လာကြသည်ကို နိုဝင်ဘာ အထွေ ထွေရွေး ကောက်ပွဲတွင်လည်း တွေ့ခဲ့ရသည်။
ပျံ့နှံ့မှုအားကောင်းသည့် လှည့်ဖျားထားသောသတင်းတစ်ခုဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရပြီး၊ ယနေ့မြန်မာပြည်သူများမြင်နေရသောသူမှာ ၎င်း၏ ကိုယ်ပွားဖြစ်သည်ဟုဆိုထားသည်။
"သတင်းမှားတွေ တွေ့ရတဲ့ပုံစံတွေကတော့ နိုင်ငံရေး၊ လူမှုရေးအခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲတာတွေ့ရပါ တယ်။ ဥပမာ သတင်းအချက်လက်အမှားတွေ (misinformation) ဆိုရင် ကိုဗစ်နိုင်တင်းကာလမှာ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းမှား (disinformation) ထက်ပိုများပါတယ်။ ရည်ရွယ်ချက်နဲ့ဖန်တီးထားတဲ့ disinformation တွေကျတော့ လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေမှာ တွေ့ရတာများတယ်။" ဟု မဖြူဖြူသီ ကပြောသည်။
မစ်စ်အင်ဖော်မေးရှင်း (Misinformation) ဆိုသည်မှာ အကြောင်းအရာအချက်အလက်မမှန်ကန်ခြင်း၊ သာမန် မှားယွင်း ခြင်းဖြစ်နိုင်ပြီး၊ ဒစ်စ်အင်ဖော်မေးရှင်း (Disinformation) ဆိုသည်မှာ တစ်စုံတစ်ယောက် ယုံကြည်လက်ခံစေရန် ရည် ရွယ်ချက်ဖြင့်ထုတ်လုပ်သော သတင်းမှားဖြစ်သည်။
MIDO အဖွဲ့ ကိုငြိမ်းချမ်းက ကိုဗစ်နှင့်ပတ်သတ်သည့် သတင်းမှားများသည် လူအများကိုစိုးရိမ်စိတ်မြင့်တက်စေပြီး၊ နိုင်ငံရေးနှင့်ပတ်သတ်သောအကြောင်းအရာများသည် လူမျိုးဘာသာမတူညီကြသည့် အုပ်စုများကြား ယုံကြည်မှုကင်း မဲ့စေရန်လှုံ့ဆော်ကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ အချက်လက်စစ်ဆေးသည့် ဒေသခံအဖွဲ့အစည်း ခြောက်ခုသာရှိသည်။ မြန်မာဘာသာစကားဖြင့် တင်ဆက်ကြသည့် Boom Myanmar၊ နှင့် Fact Crescendo Myanmar အဖွဲ့တို့မှာ အိန္ဒိယသတင်းစာများ နှင့် ချိတ်ဆက်ထားသောအဖွဲ့များဖြစ်သည်။
ကျန်ပြည်တွင်းအဖွဲ့အစည်းတချို့ဖြစ်သည့်၊ လွတ်လပ်ပြီးအမှီအခိုကင်းသည့် Myanmar Now ကဲ့သို့ အဖွဲ့အစည်းများက အချက်လက်များစစ်ဆေးသည့်သတင်းများကို ရံဖန်ရံခါထုတ်လေ့ရှိသည်။ အများစုမှာ ယင်းသို့ဆောင်ရွက်မှုပင်အားနည်းကြပါသည်။ အခြားအဖွဲ့အစည်းများမှာ သတင်းမီဒီယာပတ်ဝန်းကျင်ပြင်ပဖြစ်သည့် အရပ်ဖက်အဖွဲ့အစည်းများကထူထောင်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သတင်းတု၊ သတင်းမှားများ ထိရောက်စွာတိုက်ဖျက်ရန် အချက်လက်စစ်ဆေးသည့် (fact-checker) အဖွဲ့အစည်းအနည်းဆုံး ၅ဝ မှ ၁ဝဝ အထိ လိုအပ်ကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ DVB ဒါရိုက်တာဦးတိုးဇော်လတ်က လက်ခံယုံကြည်ထားသည်။ မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်အသုံးပြုသူအရေအတွက် ၂၇ သန်းရှိသည်။ ယင်းပမာဏမှာ နိုင်ငံ့စုစုပေါင်းလူဦးရေထက် ဝက်နီးပါးရှိသည်။
"တကယ်တမ်းပြောရမယ်ဆို လက်ရှိအရေအတွက်က မလုံလောက်ဘူး။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၂၇ သန်းဆိုတာ နည်းနည်း နောနောမဟုတ်ဘူး၊ အဲဒီတော့ အခုအရေအတွက် (စိစစ်နေတဲ့အဖွဲ့တွေ) ပြောရမယ်ဆိုရင် ဆင့်ပါးစပ်နှမ်းပက်သလိုပဲ" ဟု ဦးတိုးဇော်လတ်က ကြီးမားသော သတင်းမှား၊ ရည်ရွယ်ချက်ဖြင့်ဖန်တီးထားသော သတင်းတုများ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်သည့်အဖွဲ့အစည်းအရေအတွက်က အဆမတန်နည်းလွန်းသည် ကို မြန်မာဆိုရိုးစကားပုံဖြင့် ခိုင်းနှိုင်းပြသည်။
လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်အထိ MIDO အဖွဲ့ ထူထောင်သည့် "ဟုတ်တယ်၊ မဟုတ်ဘူး" ( Real or Not) ဝက်ဆိုက်သည် တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည်။ နောက်ထပ်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Burma Monitor ထူထောင်သည့် "တွေးပြီးမှယုံ" (Think Before You Trust) ဝက်ဆိုက်သည် ၂ဝ၁၇ ဝန်းကျင်တွင် ပေါ်ပေါက် လာခြင်းဖြစ်ပါသည်။
ဒိန်းမတ်သံရုံး၏ "တက်ပလိုမေစီ" ဟုခေါ်ဝေါ်သည့် နည်းပညာသံတမန်ရေးရာအစီအစဉ်၏ ပံ့ပိုးမှုဖြင့် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်အခြေစိုက် အချက်လက်စစ်ဆေးရေး (fact-checking) အဖွဲ့များလည်း ပေါ်ပေါက် လာသည်။ ယင်းအနက် သတင်းမီဒီယာအုပ်စုဖြစ်ကြသော ဒီဗွီဘီသတင်းဌာန DVB Burmese၊ မဇ္ဈိမသတင်းဌာန Mizzima Broadcasting၊ ဖရွန်းတီးယားမြန်မာ Frontier Myanmar ၊ မွန်သတင်းအေဂျင်စီ Mon News Agency တို့ဖြစ်ကြသည်။ ကျန်နှစ်ဖွဲ့မှာ အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Real Or Not "ဟုတ်တယ်၊ မဟုတ်ဘူး"၊ Think Before You Trust "တွေးပြီးမှယုံ" အဖွဲ့များဖြစ်ကြောင်း ဒိန်းမတ်ပံ့ပို့မှုအစီအစဉ်ကို ကိုင်တွယ်ရသည့် နိုင်ငံတကာ မီဒီယာပံ့ပိုးရေးအဖွဲ့ (International Media Support (IMS) Myanmar ၏ ပရိုဂရမ် အရာရှိ ကိုလက်ကျာထွန်းက ပြောသည်။
အချက်လက်စစ်ဆေးသူများအကြား မတူညီသည့်ကျွမ်းကျင်မှု အားသာချက်ကိုယ်စီရှိကြပြီး၊ အချို့မှာ နည်းပညာပိုင်းတွင်အားသာပြီး၊ အချို့မှာ ဂျာနယ်လစ်ဆိုင်ရာ အတတ်ပညာပိုင်းတွင် အားကောင်းသည်။ ယင်းနှစ်ခုကိုပေါင်းစပ်ခြင်းဖြင့် အချက်လက်စစ်ဆေးသူများအဖွဲ့စည်းများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ကိုလက်ကျာထွန်းက ပြောသည်။
ဥပမာ- အတွေ့အကြုံရင့်ကျက်သည့် အချက်လက်စစ်ဆေးသူ (fact-checker) များက အချက်လက်စစ်ဆေးမှုနှင့်ရေးသားမှုအပိုင်းတွင် အားကောင်းပြီး၊ အာဏာပိုင်များ၊ ထင်ပေါ်ကြော်ကြားသူများထံ အတည်ပြုရယူနိုင်မှုအပိုင်းမှာ ၎င်းတို့၏ ပျော့ကွက်ဖြစ်သည်။ မီဒီယာအဖွဲ့စည်းများကမူ အတည်ပြုရယူနိုင်မှုအပိုင်းနှင့် သတင်းရင်း မြစ်များ ဖော်ထုတ်ရာတွင် ပိုင်နိုင်ကြသည်။
"ဂျာနယ်လစ်ဇင်နဲ့ အချက်လက်စစ်ဆေး (fact-check)ု သူတွေ ဆိုတာ အကြွေစေ့တစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပဲ။ သူတို့က ခွဲထားလို့ မရဘူး။" ဟု ကိုလက်ကျာထွန်းက ပြောသည်။
ပရိတ်သတ်ရှိပါ၏လော
အချက်လက်စစ်ဆေးရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် သက်ရောက်မှုမည်မျှရှိသည်ကိုမေးသောအခါ၊ ၎င်းတို့က စစ်တမ်းများကောက်ယူထားခြင်းမရှိသောကြောင့် တိကျရေရာသောအချက်လက်ကိုဖြေဆိုနိုင်ခြင်းမရှိပေ။ သို့သော် မြန်မာပရိတ်သတ်များသည် သတင်းတု၊ သတင်းမှားများ၏ လှည့်ဖျားခြင်းဒဏ်ကို ယခင်ကထက် ပိုမိုရှောင်ရှားလာနိုင်သည်မှာ ယုံမှားစရာမရှိဟု မှတ်ချက်ပြုကြပါသည်။
MIDO အဖွဲ့ ကိုငြိမ်းချမ်းက ဖေ့စ်ဘွတ်ခ်ပေါ် တက်လာသည့် မှတ်ချက်များ၊ ပြန်မျှဝေသူများ၊ စိတ်ခံစားမှုပြုရုပ်ပုံ (emoji) အရေအတွက် များကိုလေ့လာခြင်းအားဖြင့် ၎င်းတို့ထုတ်လုပ်လိုက်သည့် အချက်လက်စစ်ဆေးထားသောသတင်းများကို မည်မျှစိတ်ဝင်စားကြသည်ကိုသိရှိနိုင်ကြောင်း ပြောသည်။ ပရိတ်သတ်များ ပိုမိုရရှိနိုင်ရေးအတွက်လည်း MIDO အနေဖြင့် သမားရိုးကျစာရေးသားတင်ဆက်မှုပုံစံအပြင်၊ အသံဖိုင်နှင့် ရုပ်သံရိုက်ကူးတင်ဆက်သည့်နည်းများကိုပါ အသုံးပြုရန် စီစဉ်ထားကြောင်းဆိုသည်။ ယင်းအတွက် DVB နှင့် Mizzima ကဲ့သို့ တီဗွီရုပ်သံလိုင်းများပါ ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်း သူကပြောသည်။
"ကျနော်တို့လိုချင်နေတာ တစ်ခုက ဘာလဲဆိုတော့ အချက်လက်စစ်ဆေးတဲ့သတင်းတွေကို ပြန်လည် ဝေမျှ (share) တဲ့အရေအတွက်ပိုများလာဖို့ဖြစ်တယ်။ အဲဒါကို (obligation) တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ မဖြစ်မနေရှဲတာ မျိုးဖြစ်စေချင်တာ။" ဟု လက်ကျာထွန်းက ဆိုသည်။မြန်မာ့လူ့အဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာအရအမူအကျင့်ပင်လျှင် သတင်းတုများကိုပြန်ရှင်းသော သတင်းများထက်၊သတင်းတုများကိုသာ ပြန်ဝေမျှသူကများကြောင်း သူကပြောသည်။
DVB ဦးတိုးဇော်လတ်ကလည်း အချက်လက်စစ်ဆေးသောသတင်းများမှာ သမားရိုးကျသတင်းကဲ့သို့ အရည်အသွေး ကောင်းလင့်ကစား၊ ယင်းသတင်းများကို လူစိတ်ဝင်းစားမှုအားနည်းသည်မှာ အမှန်ပင်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ တချိန်တည်းမှာပဲ IMS အဖွဲ့ ပရိုဂရမ် အရာရှိ ကိုလက်ကျာထွန်းကလည်း မီဒီယာအဖွဲ့အစည်းများသည် အရပ်ဖက် အဖွဲ့စည်းများထက်ပိုပြီး ပရိတ်သတ်ထုပိုများကြောင်းပြောသည်။
"သတင်းမီဒီယာတိုက်တွေက fact-check စတိုရီတွေကို အခုထက်ပိုပြီးထုတ်သင့်တယ်။ စုံစမ်းထောက်လှမ်းတဲ့သတင်း တွေလိုမျိုး သေချာလေးလုပ်ပြီး တော့ ဒါက ဘာကြောင့်အရေးကြီးတယ်ဆိုတာမျိုး ရှင်းပြရင် လူတွေပိုစိတ်ဝင်စားလာ မယ်လို့ထင်တယ်" တာမွေမြို့နယ်တွင် နေထိုင်သူ သတင်းထောက်ဟောင်း မကြည်ကြည်လွင်က ဟု ပြောသည်။
သတင်းမှားများ၊ လုပ်ကြံဖန်တီးသည့်သတင်းတုများကို အချက်လက်စစ်ဆေးသူများက ပရိတ်သတ်နှင့်လူမှုကွန်ယက်ပလက်ဖောင်းပေါ်က ဖယ်ရှားခြင်းများကို ပြုလုပ်နိုင်သော်လည်း၊ ယင်းဆောင်ရွက်ချက်က သတင်းအတုယောင်များ၊အချက်လက်မှားများကိုထုတ်ဝေနေခြင်းကို အလုံးစုံရပ်တန့်နိုင်မည်မဟုတ်ကြောင်း MIDO အဖွဲ့ ပရိုဂရမ် ဒါရိုက်တာ မဖြူဖြူသီက ပြောသည်။
ပိုမိုနက်နဲသည့်မေးခွန်းတစ်ခုနှင့်ပတ်သတ်ပြီး သူက သတင်းတု၊ သတင်းမှားများ၏ နောက်ကွယ်တွင်ရှိသည့် စနစ်တကျ ဖြန့်ဖြူးသူများကွန်ယက်ကို နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Facebook (ဖေ့စ်ဘွတ်ခ်)၊ Youtube (ယူကျူ့)၊ Twitter (တွစ်တာ) တို့တွင် ကိုင်တွယ်ရန်တာဝန်ရှိကြောင်း သူကထောက်ပြသည်။
DVB ဦးတိုးဇော်လတ်ကလည်း အချက်လက်စစ်ဆေးသူများနှင့် မီဒီယာအဖွဲ့အစည်းများ TikTok (တစ်တော့) ကဲ့သို့လူမှုကွန်ယက်ကိုလည်း ပိုမိုအာရုံစိုက်သင့်ကြောင်း၊ ယင်းလူမှုကွန်ရက်ကိုအသုံးပြုသူ လူငယ် ၈၀ ရာခိုင်နှုန်းအထိ ရှိကြောင်းပြောသည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အမုန်းစကားများကို ရီမောဖွယ်ရာဟာသ ဗွီဒီယိုအဖြစ် ဖန်တီးထားသောဖိုင်များကို TikTok နှင့် Youtube ပေါ်တွင် ဖြန့်ဝေထားသည်ကို DVB က တွေ့ရှိခဲ့ရကြောင်း သူက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသည် တိုင်းရင်းသား ဘာသာစကားတစ်ရာကျော်ရှိသောကြောင့် အွန်လိုင်းပေါ်ပျံ့နှံ့လာသည့်အကြောင်းရာများကိုဖယ်ရှားရာတွင်လည်း စိန်ခေါ်မှှုတစ်ရပ်ဖြစ်ကြောင်း IMS ကိုလက်ကျာထွန်းက ပြောပြသည်။ ညာဏ်ရည်တုဟု ခေါ်ကြသည့် (AI) ပင်လျှင် မြန်မာဘာသာစကားကို ကောင်းစွာဖတ်နိုင်ခြင်းမရှိပေ။ အကြောင်းမှာ ဘာသာစကား စံသတ်မှတ်မှု အားနည်းချက်ကြောင့်ဖြစ်သည်။
ငယ်စဉ်ကတည်းက သင်ပါ
မြန်မာသည် သတင်းတု၊ သတင်းမှားများဖယ်ရှားရေးအတွက် ရင်းနှီးမြှပ်နှံမှုတွင် အားနည်းရုံတင်မက၊ လူတစ်ဦး တစ် ယောက်ချင်း ကိုယ်ပိုင်ချင့်ချိန်စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိစေဖို့ ကျောင်းသင်ရိုးညွှန်းတမ်းများတွင်လည်း ထည့်သွင်း သင်ကြားခြင်းလည်း အလျဉ်းမရှိပေ။
"မီဒီယာနဲ့ သတင်းအချက်အလက်သိနားလည်မှု ပညာရပ် (MIL) အသိပညာပေးလုပ်ငန်းတွေက လူထုအတွက် မရှိ မဖြစ်လုပ်ဖို့လိုအပ်ပါတယ်။ အဲလိုမှမဟုတ်ရင် ကျမတို့က အမြဲတမ်းသတင်းတုတွေကို နောက်ကနေ လိုက်ဖြေရှင်း နေရတာမျိုးဖြစ်သွားပြီး၊ ရေရှည်မှာပန်းသွားနိုင်ပါတယ်။" ဟု ဖြူဖြူသီက ပြောသည်။
DVB ဦးတိုးဇော်လတ်ကလည်း ယင်းအမြင်ကို ထောက်ခံသည်။ အကောင်းဆုံးဖြေရှင်းနည်းက ကျောင်းသင်ရိုးညွှန်း တမ်းတွင်ထည့်သွင်းသင်ကြားခြင်းဖြစ်ကြောင်း သူက ပြောသည်။ သို့သော်လည်း လက်တွေ့တွင် ယင်းအစီအစဉ်ကို အစိုးရက လက်တွေ့ဆောင်ရွက်နိုင်ခြေနည်းသည်ဟု သူကမြင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ကျပ်ငွေ ၆ ဘီလီယံခန့်သုံးစွဲခဲ့သော်လည်း၊ ယင်းလုပ်ငန်းနှင့် ပတ်သတ်သည့်သတင်းအချက်လက် ပွင့်လင်းမြင်သာမှုအားနည်းပုံကိုထောက်ပြပြီး သူက ထိုသို့ဆိုခြင်းဖြစ်သည်။
လုပ်ကြံဖန်တီးထားသောသတင်းမှားများ ဖြုတ်ချရေးအတွက် ဤအတောအတွင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းတချို့ပါသည်။ ဥပမာ မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အသက်ပြည့်မှီမှသာ ဖေ့စ်ဘွတ်ခ်သုံးစွဲခွင့်ပေးခြင်းတို့ဖြစ်သည်။
လက်ရှိအချိန်တွင် မည်သူမဆို ဖုန်းဆင်းကဒ်တစ်ခုရှိရုံဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု အလွယ်တကူဖွင့်နိုင်ကြသည်။ ပုံမှန်အားဖြင့် လူမှုကွန်ယက်အကောင့်တစ်ခုဖွင့်ရန် အီးမေးလ်တစ်ခုလိုအပ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ယင်းသို့မဟုတ်၊ ခြွင်းချက်ဖြစ်နေ၏။ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ၎င်းတို့လူမှုကွန်ယက်ကို အသုံးပြုသူသည်အနည်းဆုံး အသက် ၁၃ နှစ်ပြည့်၊ သို့မဟုတ် အထက် ဖြစ်ရမည်ဟုကြေညာထားပါသည်။
ဦးတိုးဇော်လတ်က "လေးတန်းတက်နေတဲ့ ကျနော့်တူမနဲ့တွေ့တော့ သူ့မှာကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အကောင့်ရှိနေတာ သိလိုက်ရတယ်။"
(မိုးမြင့်သည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်ဖြစ်ပြီး၊ ရခိုင်လက်နက်ကိုင်ပဋိပက္ခနှင့် မူဆလင်အရေးဆက်စပ်သော သတင်းများကို တစိုက်မတ်မတ် အထူးပြုရေးသားသူဖြစ်သည်။ ယခုဆောင်းပါးသည် Reporting ASEAN အစီအစဉ်၏ သတင်းတု ကပ်ဘေးတိုက်ဖျက်ခြင်း #fighttheinfordemic series စီးရီး၏ တစိတ်တပိုင်းဖြစ်ပါသည်။)