ညီနောင်သုံးဖွဲ့ “နိုင်ငံမှ ခွဲထွက်မည်” ဟု သတင်းအမှားများ ဆက်တိုက်ပျံ့နှံ့နေ 

ထုတ်ပြန်ချက်အတုများသည် အောင်ပွဲရရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်များမှ အထင်အမြင်လွဲမှားစေရန်နှင့် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုကို အနားယူခွင့်ရရှိစေရန် ရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဟု ညီနောင်သုံးဖွဲ့က ရှုမြင်သည်။

By Admin 30 Jul 2024

ညီနောင်သုံးဖွဲ့ “နိုင်ငံမှ ခွဲထွက်မည်” ဟု သတင်းအမှားများ ဆက်တိုက်ပျံ့နှံ့နေ 

DMG ၊ ဇူလိုင် ၃၀

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ (TNLA ၊ MNDAA ၊ AA) သည် မြန်မာနိုင်ငံမှခွဲထွက်ပြီး နိုင်ငံတော်အသစ် ထူထောင်တော့မည်ဟူသော သတင်းအမှားများသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပျံ့နှံ့နေကြောင်း ဇူလိုင် ၂၈ ရက်တွင် ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။ 

အသိဉာဏ်မဲ့သည့် လူပုဂ္ဂိုလ်တစ်ချို့က တရုတ်ဘာသာဖြင့် ညံဖျင်းလှသည့်အရေးအသား၊ တိကျမှန်ကန်မှု မရှိသည့် ရေးပုံရေးနည်း၊ Photoshop တို့ဖြင့် သုံးနောင်သုံးဖွဲ့၏ အမည်၊ တံဆိပ်တုံးများကို အသုံးပြုပြီး ထုတ်ပြန်ချက်အတု ၁၀ ခုထက်မနည်းကို ထုတ်ပြန်ခဲ့ကြောင်း ဆိုသည်။ 

နိုင်ငံအသစ်ထူထောင်မည်ဆိုပြီး တရုတ်ဘာသာစကားဖြင့် ထုတ်ပြန်ချက်အတုများ ပေါ်ထွက်လာခြင်းသည် ညီနောင်သုံးဖွဲ့အပေါ် တရုတ်က အမြင်မကြည်မှုများ ဖြစ်ပေါ်စေရန် စစ်ကောင်စီလော်ဘီများက လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ရခိုင်တော်လှန်ရေးသမားဟောင်းတစ်ဦးက ပြောသည်။ 

“မြန်မာနိုင်ငံက ခွဲထွက်မယ်၊ နိုင်ငံအသစ် ထူထောင်မယ်ဆိုပြီး ရေးနေကြတာက ညီနောင်သုံးဖွဲ့အပေါ် ဩဇာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်တဲ့ လက်ရှိစစ်ဆင်ရေးတွေကို တရုတ်ဘက်က ကန့်ကွက်လာအောင် စစ်ကောင်စီလော်ဘီတွေက လုပ်တာဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ 

ရခိုင်နိုင်ငံရေးသမားတစ်ဦးကလည်း “စစ်ကောင်စီကိုတိုက်နေတဲ့ ညီနောင်သုံးဖော်က နိုင်ငံသစ်တွေ ထူတောင်ဖို့ တိုက်နေကြတာလို့ မမြင်ဘူး။ သူတို့ရဲ့ခေါင်းဆောင်တွေကလည်း နိုင်ငံအသစ်ထူထောင်ဖို့ ထုတ်ပြောတာတွေ မတွေ့မိဘူး။ အဓိကသူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့၊ ကိုယ်ပြည်ကိုယ်အုပ်ချုပ်နိုင်ဖို့နဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက်ပဲ တိုက်ပွဲဝင်နေကြတာဖြစ်တယ်” ဟု ပြောသည်။

ထုတ်ပြန်ချက်အတုများသည် အောင်ပွဲရရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်များမှ အထင်အမြင်လွဲမှားစေရန်နှင့် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုကို အနားယူခွင့်ရရှိစေရန် ရည်ရွယ်ပြီးလုပ်ဆောင်နေခြင်းဟု ညီနောင်သုံးဖွဲ့က ရှုမြင်သည်။ 

ယင်းသို့ အောက်တန်းကျသော နည်းလမ်းဖြင့် ထိုးနှက်တိုက်ခိုက်နေသည့် ပုဂ္ဂိုလ်(သို့မဟုတ်) အဖွဲ့အစည်းများသည် အီလက်ထရွန်နစ်ဥပဒေနှင့် လူ့ဘောင်အဖွဲ့အစည်းစနစ်ကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ဟု ဆိုသည်။ 

ဆက်သွယ်ရေးလှုမှုကွန်ရက်သည် ဥပဒေကင်းလွတ်သည့် နေရာမဟုတ်ကြောင်းနှင့် ဆက်သွယ်ရေးကွန်ရက်တွင် Memory ရှိပြီး သတင်းတုထုတ်ပြန်နေသူများ၏ IP address မှတစ်ဆင့် စုံးစမ်းစစ်ဆေးနိုင်သဖြင့် နောက်နောင်တွင် ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူသွားမည်ဟု ညီနောင်သုံးဖွဲ့က သတိပေးထားသည်။ 

လက်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ AA က ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွဲနေသည်။ အလားတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် MNDAA က ရှမ်းမြောက်တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသလို TNLA ကလည်း ရှမ်းမြောက်နှင့် မန္တလေးတိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။