- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားကြောင်းပြမှ ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ပြော
မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၆ ရက်နေ့တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
07 Nov 2024
DMG ၊ နိုဝင်ဘာ ၇
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း လုပ်ဆောင်ချက်ပြသလျှင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၆ ရက်နေ့တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းနှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
“MNDAA၊ TNLA နဲ့ AA အဖွဲ့သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးဖွင့်ကာ ဆွေးနွေးရန်အသင့်ရှိနေပြီး၊ လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့်လည်း ဖြစ်လိုသည်နှင့် ဖြစ်သင့်သည်ကို ရှေ့တန်းတင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ပြောကြားချက်တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့အား “လက်နက်ကိုင် အကြမ်းဖက်သမားများ” ဟု သုံးစွဲပြောဆိုခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအား အပြစ်တင်ခဲ့သည်ကို သတင်းစာဖော်ပြချက်တွင် တွေ့ရသည်။
“MNDAA အနေနဲ့ သူတို့ရဲ့ အထူးဒေသ (၁) ပြန်အသက်သွင်းနိုင်ဖို့ တပ်မတော်လုံခြုံရေးတပ်စခန်းနဲ့ ချင်းရွှေဟော်မြို့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ အင်အားသုံးတိုက်ခိုက်ခဲ့တဲ့အပြင် တရုတ်အစိုးရ ကြားဝင်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရခဲ့ပေမယ့် အဲဒါကို ဖောက်ဖျက်ပြီး မြို့ရွာတွေကို ဆက်လက်တိုက်ခဲ့တယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
၁၀၂၇ စစ်ဆင်ရေးသည် မြန်မာစစ်တပ်သမိုင်းတွင် အကြီးမားဆုံး အကျအရှုံးများနှင့် ရင်ဆိုင်ရသည့် တိုက်ခိုက်ခံရမှုဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ၃၈ မြို့အထိ သိမ်းပိုက်ထားသည်။
စစ်ခေါင်းဆောင်၏ ပြောကြားချက်များသည် တရုတ်အကူအညီဖြင့် တိုက်ပွဲများရပ်တန့်လိုသည့် ဆန္ဒအပြင် မြောက်ပိုင်းညီနောင်သုံးဖွဲ့အား အပြစ်တင်ပြီး တရုတ်ထံ ငိုပြခြင်းသာဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
“နစက ဉက္ကဌ မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အချိန် သူတို့ စစ်ရှုံးနေတဲ့အကြောင်းကို မျက်ရည်ခံသွားထိုးပြီးတော့ တရုတ်ကို သွားတိုင်တာ။ ဟိုဂင်သဘောတူညီချက်နဲ့ ခဏလေး ရပ်ပြီးတော့ စစ်ပွဲ ပြန်ဖြစ်ချိန်မှာ အဲဒီကြားထဲ တွေ့ဆုံဆွေနွေးပွဲကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က မတက်ရောက်ဘဲ ရှောင်ဖယ်၊ ရှောင်ဖယ် လုပ်နေခဲ့တယ်။ အဲဒါကို ရှင်းလင်းပြတ်သားမှ ဆွေနွေးဖို့ တရုတ်ကို တစ်ဖက်လှည့်နဲ့ တိုင်တာဖြစ်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား ကုန်စည်စီးဆင်းမှု ပိတ်ဆို့ကာ တိုက်ပွဲရပ်တန့်ရန် ဖိအားပေးနေသည့်အပြင် စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ လုပ်ဆောင်နေသည်။