မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ငြိမ်းချမ်းရေး မဖြစ်စေလို

တပ်မတော်အနေနဲ့ ရခိုင်စစ်မြေပြင်မှာ လက်နက်အင်အား လူအင်အားတွေ တိုးမြှင့်ပြီး ဖြည့်တင်းနေတာမရှိဘူး လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်အနေ အထားမှာတော့ တပ်မတော်ရေယာဉ်တွေဟာ တရက်မှာ ၅ စီးလောက်အထိ ကုလားတန်မြစ်ကြောင်း အထက်ပိုင်းကို ရိက္ခာတွေ ပို့ပေးနေတာကို တွေ့မြင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို သတင်းတွေမှာ တွေ့နေရပြန်ပါတယ်။

By ရမ္မာကျော်စော 12 Jan 2021



ရမ္မာကျော်စော ရေးသားသည်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားတော့ လက်ရှိအာဏာရပါတီ NLD ပါတီကပဲ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ၈၃ ရာခိုင်နှုန်းနဲ့ စံချိန်တင် အနိုင်ရ ခဲ့တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် NLD ပါတီအပေါ်မှာ လူထုသဘောထား ဘယ်လိုရှိတယ်ဆိုတာ ရှင်းရှင်း လင်းလင်း သိမြင်နိုင်ပါတယ်။

ရွေးကောက်ပွဲပြီးလို့ နောက်တစ်နေ့ (နိုဝင်ဘာ ၉ ) ရက်နေ့မှာပဲ အစိုးရနဲ့ တပ်မတော်တို့ရဲ့ ဆက်ဆံရေး ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းရှိခဲ့သလဲဆိုတဲ့ သို့လောသို့လော မေးခွန်းတွေအတွက် အဖြေထွက်လာ တယ်လို့ဆိုရမလား တပ်မတော်ရဲ့ ထုတ်ပြန်ချက်က စိတ်ဝင်စားစရာကောင်းလာပါတယ်။

မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၍ ထာဝရငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းများ ပြီးဆုံးအောင်မြင်တဲ့အထိ ဆွေးနွေးနိုင်ရန်အတွက်ဟုဆိုကာ ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိများ ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့မှာ တပ်မတော်ကာကွယ်ဦစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ထာဝရငြိမ်းချမ်းရေးလုပ်ငန်း ပြီးဆုံးအောင်အထိ ဆောင်ရွက်ရာမှာ တပ်မတော်အနေနဲ့ ဆွေးနွေရန်လိုအပ်ပါက လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့တွေအပြင် လက်မှတ်ရေးထိုးရန် ဆွေးနွေးနေဆဲဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့်ပါ ဆက်လက်ဆွေးနွေးနိုင် ဖို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် တပ်မတော်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီဖြစ်တဲ့ NLD ပါတီနဲ့ အစိုးရအဖွဲ့အဆင့်ဆင့်မှာ အပေးအယူညှိနှိုင်းခဲ့ရာမှာ အဆင်မပြေခဲ့ဘူးလို့ နာမည်ထွက်ခဲ့သလိုမျိုး ဒီတစ်ကြိမ်မှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ ဆက်သွားမယ်လို့ အရိပ်အယောင် ပြလိုက်တာနဲ့ တူပါတယ်။

အဲဒီတုန်းက အနိုင်ရပါတီကလည်း ခြေ/ဥ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ချင်သလို တပ်မတော်ကလည်း တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာ သုံးခုကို တောင်းဆိုခဲ့ပြီး အဲဒီသုံးနေရာလုံးကို ရခဲ့ရင် ၅၉(စ)ကို ပြင်ဆင်ပေးမယ်လို့ ညှိနှိုင်းခဲ့တယ်ဆိုပြီး အတော်လေး နာမည်ထွက်ခဲ့တာပါ။ အဲဒီတုန်းက တပ်မတော်က တောင်းဆိုခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာတွေကို NLD က ကိုယ်စားလှယ်တွေကိုပဲ ခန့်အပ်လိုက်တဲ့နောက်မှာတော့ ဒီအပေးအယူဆိုတဲ့ကိစ္စလည်း အသံပျောက်သွားပါ တော့တယ်။

ဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ (နိုဝင်ဘာ ၁၂) မှာပဲ ရက္ခိုင့်တပ်တော် အေအေက ရခိုင်ပြည်အတွင်း ပြုလုပ်နေတဲ့ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီးချင်း မဆိုင်းမတွဆိုသလို တပ်မတော်ဖက်ကလည်း အေအေရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အေအေနဲ့ တပ်မတော်ရဲ့ အသံတိတ်ဆွေးနွေးနေမှုတွေဟာ အတော်လေးခရီးပေါက်နေပြီလို့ ခန့်မှန်းရပါတယ်။ တစ်ဖက်မှာလည်း အွန်လိုင်းကဆင့် ဆွေးနွေးညှိနှိုင်းတာတွေ လုပ်နေတယ်လို့ အေအေက ထုတ်ဖော်ပြောဆိုလာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာလည်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်မတော်ခေါင်းဆောင်တချို့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အေအေက ထုတ်ပြန်ချက်ကို တပ်မတော်ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်တဲ့နေ့မှာပဲ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လက်ရှိအာဏာရပါတီ NLD ကလည်း လာမည့် ၅ နှစ်တာကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအခြေခံတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရန်အတွက်ဆိုပြီး ၎င်းတို့နှင့် ပါဝင်ပူးပေါင်းရန် တိုင်းရင်းသားပါတီ ၄၈ ပါတီထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးဖို့ခဲ့ပါတယ်။

ဆိုတော့ NLD ရဲ့ သဘောထားကလည်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ဆန္ဒကို အလေးထားဆောင်ရွက်ဖို့လို့ ဆိုထားတယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ အပစ်ခတ်ရပ်စဲရေးမှာ ဘာကြောင့် ထဲထဲဝင်ဝင် မပါဝင်လာရသလဲ၊ ဘာကြောင့် အင်တိုက်အားတိုက် နှိုးဆော်တိုက်တွန်းမှု မရှိရသလဲ၊ ဒီအချက် ကိုလည်း ထည့်ပြီးစဉ်းစားရပါမယ်။

ရခိုင်ပြည်နယ်ဖက်ကို ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ လေးနှစ်ကျော်အတွင်းမှာ ပြည်နယ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖက်ကို အာရုံစိုက်တာ မတွေ့ရသလောက်ပါပဲ။ ပြည်ထောင်စုအဆင့် မဟုတ်ရင် တောင် ပြည်နယ်အဆင့်လောက်မှာဖြစ်ဖြစ် ကြားဝင်ဆောင်ရွက်တာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါကို ကြည့်ခြင်းအား ဖြင့် နောင်အသစ်တက်လာမည့် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်မယ့်သူတွေကို လက်တွဲခေါ်ယူနိုင်မှ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးရောင်နီကို မြင်တွေ့ရနိုင်လိမ့် မယ်လို့ သုံးသပ်မိပါတယ်။

လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုမရှိတာ နှစ်လကျော်ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။ ဒီကြားထဲမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်အရဆိုပြီး တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်သုံးဦးကို အေအေဖက်က ပြန်လည်လွှတ်ပေးခဲ့တာလည်း ရှိခဲ့တာပါ။ တိုက်ပွဲတွေ မရှိတော့ ဘူးဆိုပေမဲ့လည်း မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မျိုးတွေကတော့ အနည်းအကျဉ်း ရှိနေဆဲပါပဲ။ နောက်တစ်ခုက စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်ရဲတဲ့ကိစ္စပါ။ တချို့ကတော့ တပ်မတော်စစ်ကြောင်းတွေဟာ ကျေးရွာတွေ အနီးမှာပဲ တပ်စွဲလို့ ရှိနေသေးတာကြောင့် နေရပ်ကို မပြန်ရဲဘူးလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်စစ်မြေပြင်မှာ လက်နက်အင်အား လူအင်အားတွေ တိုးမြှင့်ပြီး ဖြည့်တင်းနေတာမရှိဘူး လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်အနေ အထားမှာတော့ တပ်မတော်ရေယာဉ်တွေဟာ တရက်မှာ ၅ စီးလောက်အထိ ကုလားတန်မြစ်ကြောင်း အထက်ပိုင်းကို ရိက္ခာတွေ ပို့ပေးနေတာကို တွေ့မြင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို သတင်းတွေမှာ တွေ့နေရပြန်ပါတယ်။

တိုက်ပွဲတွေရဲ့သဘာဝအရ လူသူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာအင်အားသာတဲ့သူက ရေရှည်မှာ အသာစီးရလေ့ ရှိတတ်ပါတယ်။ သို့သော် အမှန်တကယ် အပစ်အခတ်ရပ်စဲပြီးတော့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြ မယ်လို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် သံသယဖြစ်စေတဲ့ လူအင်အား၊ လက်နက် အင်အား အဆမတန်ဖြည့်တင်းတာတွေကို ရှောင်ရှားနိုင်ရင်တော့ ယုံကြည်မှုကို ပိုပြီးတည်ဆောက် နိုင်လိမ့်မယ် လို့ ထင်ပါတယ်။

ဒီနေရာမှာ စစ်ပွဲရဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ “တိုက်ရင်းဆွေးနွေး၊ ဆွေးနွေးရင်းတိုက်” ဆိုတာပါပဲ။ ဒီအချက်မှာ တိုက်ရင်းဆွေးနွေးဆိုတဲ့ အချက်ကို အကြွင်းမဲ့ ထောက်ခံပေမဲ့ ဆွေးနွေးရင်းတိုက်ဆိုတဲ့ အချက်ကိုတော့ သိပ်ဘဝင်မကျလှပါဘူး။ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖွဲနဲ့တစ်ဖွဲ့ ပဋိပက္ခဖြစ်ပြီဆိုကတည်းက အကြောင်းအရာ တစ်ခုပေါ်မှာ အမြင်၊ သဘောထားတွေ ကွဲလွဲနေလို့ပဲဖြစ်ပါတယ်။ ဆိုတော့ လက်နက်ကိုင်ထားတဲ့သူချင်း ပဋိပက္ခဖြစ်ရင် ထိခိုက်နစ်နာမှုများမယ်၊ လက်နက်မဲ့သူချင်း ပဋိပက္ခဖြစ်ရင် ထိခိုက်နစ်နာမှု နည်းပါလိမ့်မယ်။

ပဋိပက္ခဖြစ်ကြသူအချင်းချင်း ဆွေးနွေးညှိနှိုင်းကြပြီဆိုရင်တော့ ဒါ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါက တိုက်ရင်းနဲ့ဆွေးနွေးဆိုတဲ့ စကားလိုပဲ နှစ်ဖက်ပဋိပက္ခကို အရှိန်လျော့နည်းအောင်လုပ်တာဖြစ်တယ်။  တချိန် တည်းမှာပဲ ဆွေးနွေးညှိနှိုင်းပြီဆိုတာနဲ့ ရလဒ်တစ်ခုကို ရအောင်လည်း လုပ်ဆောင်နိုင်ဖို့လိုပါလိမ့်မယ်။ အဖြေ တစ်ခုရအောင် မဆွေးနွေးနိုင်ရင်တော့ ဆွေးနွေးရင်းတိုက်ဆိုတဲ့ နောက်ဆက်တွဲက ဖြစ်လာမှာပဲ။ အဲဒီတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု မတည်ဆောက်နိုင်ရင် ကိုယ်အသာရဖို့ စဉ်းစားလာကြမှာ ဓမ္မတာပဲ။ စစ်ပွဲမှာ အသာရဖို့ဆိုရင် လက်နက်အင်အား၊ လူအင်အား၊ ထောက်ပံ့မှုအင်အားကို ဖြည့်တင်းလာကြမယ်၊ တဖက်က အင်အားဖြည့်တင်းတာနဲ့အမျှ နောက်တစ်ဖက်ကလည်း သံသယဖြစ်လာလို့ ဆွေးနွေးမှုလမ်း ကြောင်းတွေကနေ သွယ်ဖီပြီး တဖန် ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းထဲကို ပြန်ရောက်သွားမယ်ဆိုရင်တော့ ပဋိပက္ခဟာ ပိုပြီးရှည်ကြာသွားပါလိမ့်မယ်။ ထိခိုက်နစ်နာမှုတွေကလည်း ပိုပြီးတော့ များသွားပါလိမ့်မယ်။

တကယ်တော့ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို စတင်ပြီဆိုကတည်းက နှစ်ဦးနှစ်ဖက် သံသယကင်းကင်းနဲ့ ယုံကြည် နေကြဖို့လိုပါတယ်။ ဒါမှမဟုတ် တကယ်လို့ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်တဲ့အခါ ကိုယ်အသာစီးရဖို့လို တယ်လို့ ခံယူထားပြီး တစ်ဖက်လှည့်နဲ့ ပြင်ဆင်ထားမယ်ဆိုရင်တော့ ဒါဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေး လို့ပဲ သုံးသပ်ရပါလိမ့်မယ်။

ဒီလိုဖြစ်ရပ်မျိုးတွေက မြန်မာနိုင်ငံရဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေမှာ ဖြစ်ပျက်ဖူးတာတွေ ရှိပါတယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က တောတွင်းက လက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ မြို့ပေါ်ကို ခေါ်ပြီးတော့မှ ဆွေးနွေးမှု အဆင်မပြေတဲ့အခါ တောတွင်းလက်နက်ကိုင် ခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာမျိုး၊ တချိန်တည်းမှာပဲ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မရှက်မရွှံ့ လုပ်ခဲ့ဖူးကြပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲကြောင့် တခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ယုံကြည်မှုကို ဘယ်တော့မှ တည်ဆောက်လို့မရခဲ့သလို ပြည်တွင်းစစ်ဟာလည်း ဒီနေ့အထိ အသက်ရှည်နေတာ ဖြစ်ပါတယ်။

ဒီလိုအဖြစ်မျိုးတွေကြောင့်ပဲ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးတွေမှာ ကတိကဝတ်ကို တည်မြဲစေဖို့ ကြားခံ အဖွဲ့အစည်းတွေ ပါဝင်ပေးလာရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပြည်တွင်း အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်ပေးနေကြတာလည်း ဒီသဘောဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုအစလို့ ပြောလို့ရတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် တွေ့ဆုံဆွေးနွေးရေးတွေမှာ တောက်လျှောက်ပါဝင်လာခဲ့တဲ့ တရုတ်နိုင်ငံကတော့ နောက်ပိုင်းပြုလုပ်လာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ တွေ့ဆုံဆွေးနွေးရေးတွေမှာ ကြားဝင်ဆောင်ရွက်တာတွေ နည်းပါးသွားတာကို တွေ့လာရတယ်။ တစ်ဖက်မှာလည်း ၂၁ ရာစုပင်လုံလို့ အားတက်သရော လုပ်ခဲ့ကြတဲ့ လက်ရှိအစိုးရအနေနဲ့ လည်း ယခင်ပြုလုပ်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့သလောက် ယခု မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ တပ်မတော်တို့ ဆွေးနွေးညှိနှိုင်းမှု (အထူးသဖြင့် တပ်မတော်နဲ့အေအေတို့ရဲ့ တွေ့ဆုံဆွေးနွေးမှု) တွေမှာ အားတက်သရော ပါဝင်လာတာမျိုးကို မတွေ့ရသေးတာကလည်း နားလည်ရခက်ပါတယ်။ အစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံးဆွေးနွေးမှုတိုင်း ပါဝင်တည့်မတ်ပေးနိုင်မှ ငြိမ်းချမ်းရေး အသီးအပွင့်ကို မြန်မြန်ဆန်ဆန် မြင်တွေ့ခံစားခွင့် ရကြမှာပါ။

ဆိုတော့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ဆိုရင် အဓိက နိုင်ငံတော်ရဲ့အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်တဲ့ အစိုးရအဖွဲ့မှာလည်း အများကြီးတာဝန်ရှိသလို လက်ရှိအနေအထားထက် ပါဝင်ပတ်သက်ပြီး ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသူ အချင်းချင်းကြား အပြန်အလှန် ယုံကြည်မှုကို နှလုံးသားနဲ့ တည်ဆောက်နိုင်ဖို့လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ဆွေးနွေးတော့ ဆွေးနွေးမယ်၊ တကယ်လို့ ဆွေးနွေးမှုရလဒ်က ထင်ထားသလိုဖြစ်မလာရင် ကိုယ့်ဖက်က အသာစီးရနေဖို့ လိုတယ်ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကိုင်ထားတဲ့ပုံစံနဲ့ တစ်ဖက်လူ သံသယဖြစ်လောက်အောင် လူသူ၊ လက်နက်၊ ရိက္ခာအင်အားကို အလုံးအရင်းနဲ့ ဖြည့်တင်းထားပြီးမှ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်ဆိုလို့ကတော့ ပဋိပက္ခတစ်ခုရဲ့ အဆုံးသတ်ဟာ ရှည်ကြာသွားပါလိမ့်မယ်။