သံတွဲတိုက်ပွဲကို ခြေရာကောက်ကြည့်ခြင်း 

ယခုဆောင်းပါးတွင် သံတွဲမြို့နယ်အတွင်း တိုက်ပွဲစတင်ချိန်မှစ၍ စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲအခြေအနေများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖြစ်လာနိုင်ခြေ စစ်ရေးနောက်ဆက်တွဲများကို သုံးသပ်တင်ပြထားပါသည်။

By Admin 09 Jun 2024

သံတွဲမြို့ အဝင်/အထွက် တစ်နေရာ(Tay Zein Da)
သံတွဲမြို့ အဝင်/အထွက် တစ်နေရာ(Tay Zein Da)

■ နိဒါန်း 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းမှာ နှစ်လနီးပါး ရှိလာပြီဖြစ်သည်။ သံတွဲ - တောင်ကုတ်ကားလမ်း ကွေ့ချောင်း၊ ရေစင် ကျေးရွာများအနီးတွင် ဧပြီလ ၁၃ ရက်၊ နံနက်ပိုင်းက နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ အကြား ပထမဆုံးတိုက်ပွဲလည်းဖြစ်သည်။ 

ထိုတိုက်ပွဲပြီးနောက် သံတွဲမြို့နယ်တွင် တိုက်ပွဲရပ်တန့်နေခဲ့ပြီး ၁၁ ရက်အကြာ  ဧပြီလ ၂၄ ရက်တွင် ရေကောက်၊ ပုရစ် ကျေးရွာအနီးတို့တွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြသည်။ ဧပြီလ ၂၆ ရက်တွင် ရွှေလှေတံတားအနီး ထိတွေ့တိုက်ပွဲမှာ ပိုပြီးပြင်းထန်လာပြီး စစ်ကောင်စီက လေတပ်၊ ရေတပ်၊ ကြည်းတပ်အပြင် မြေပြင်လက်နက်ကြီး ပစ်ကူများဖြင့် တစ်ရစပ် တိုက်ခိုက်ခဲ့မှုများရှိခဲ့သည်။

■ သံတွဲဒေသ စစ်ရေးအခြေအနေ

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရင်း ခလရ (၅၅) နှင့် ခမရ (၅၆၆) အပြင် မောင်ရွှေလေးရေတပ်စခန်းတို့ တည်ရှိသည်။ ခလရ (၅၅) တပ်ရင်းကို အနောက်ပိုင်းစစ်ဌာနချုပ်၊ ခမရ (၅၆၆) ကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅)က တိုက်ရိုက်ကွပ်ကဲပြီး မောင်ရွှေလေးရေတပ်ကိုမူ ဓညဝတီရေတပ်ဌာနချုပ်က ကွပ်ကဲခြင်းဖြစ်သည်။ 

သံတွဲရှိ စစ်ကောင်စီတပ်ရင်းများကို AA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ စကခ(၅) တည်ရှိသည့် တောင်ကုတ်မြို့နှင့် သံတွဲမြို့ကြား ဆက်သွယ်ထားသည့် သံတွဲ-တောင်ကုတ် ကားလမ်းနှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးကနေ ခေါ်စစ်သဘောဖြင့် စစ်မြူကာ စတင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲစတင်သည်နှင့် သံတွဲမြို့တွင်းတပ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်ရှိ တပ်ရင်းတချို့က တပ်ဖွဲ့ဝင်များကို ဆွဲထုတ်ပြီး AA စစ်ရေးလှုပ်ရှားနေရာများကို စစ်ကြောင်းထိုးစေလွှတ်မှုများ ရှိခဲ့သည်။

ထို့သို့ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး တိုက်ခိုက်မှုများ ပြုလုပ်သော်လည်း စစ်ပွဲစတင်ပြင်းထန်သည့် ဧပြီလ ၂၆ ရက်မှာ ခလရ(၅၅)တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနှင့် ဗိုလ်ကြီး ကိုကိုလင်း အပါအဝင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ရသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက အတည်ပြုကြသည်။ 

တိုက်ပွဲပြင်းထန်သည့်နေမှာပင် ဒုတပ်ရင်းမှူးအဆင့်အပါဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီးနောက် ဧရာဝတီဖက်မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရေတပ်သင်္ဘောများဖြင့် ခလရ (၅၅)တပ်ရင်းကို အင်းအားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့အင်အားဖြည်းတင်းပြီးနောက် စစ်ကောင်စီက သံတွဲ-တောင်ကုတ် ကားလမ်းကိုပိတ်ဆို့ပြီး စစ်ဧရိယာအဖြစ် သတ်မှတ်လိုက်ကာ အရပ်သားသွားလာခွင့်ကို တင်းကြပ်စွာ ပိတ်ဆို့လိုက်သည်။  

စစ်ကောင်စီသည် သံတွဲမြို့နယ်မြောက်ဖက်ရှိ ရွှေလှေတိုက်နယ်အတွင်း ရွှေလှေတံတားအနီးမှာ နေရာယူပြီး စစ်ရေးလှုပ်ရှားကာ AA ဖက်ကလည်း ရွေ့လျားစစ်ကြောင်းများ အသုံးပြုပြီး စစ်ကောင်စီစစ်ကြောင်းများကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။ 

ယင်းနောက် ရွှေလှေတံတားအနီးမှာ စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးနေသည့် ရုပ်သံဖိုင်တစ်ခု မေလ ၂၁ ရက်တွင် လူမှုကွန်ရက်ပေါ်ပျံနှံလာခဲ့သည်။ ထို့အပြင် သူဌေးချောင်းနှင့် စီမံကိန်းအနီး ကားလမ်းဘေးတွင်လည်း စစ်ကောင်စီရုပ်အလောင်းဓာတ်ပုံများ ပျံ့နှံ့လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့်  သံတွဲတွင် စစ်ကောင်စီတပ်က အကျအရှုံးများနေသည်ကို တွေ့မြင်နိုင်သည်။ 

ဓာတ်ပုံ - Citizen Journalist

တစ်လကျော်ကြာတိုက်ပွဲအတွင်း ကွေ့ချောင်းကျေးရွာအနီးတိုက်ပွဲ၊ ရေကောက်ကျေးရွာအနီးတိုက်ပွဲ၊ ဆူးပုတ်ကုန်းကျေးရွာအနီးတိုက်ပွဲ၊ အလယ်ရွာကျေးရွာအနီးတိုက်ပွဲ၊ ၅ မိုင်လမ်းတိုက်ပွဲ၊ ၁၀ မိုင်လမ်းတိုက်ပွဲ၊ စရုတ်နားတိုက်ပွဲနှင့် ရွှေလှေ၊ လင်းသီအနီးတိုက်ပွဲ၊ ခရမ်းမော်တိုက်ပွဲနှင့် ဂေါ့ကျေးရွာနီးတိုက်ပွဲ စသည့်နေရာ ၁၀ ခုတွင် တိုက်ပွဲအကြိမ် ၂၀ ထက်မနည်းရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ယင်းတိုက်ပွဲများတွင် အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် မိခင်တပ်ရင်းများတည်ရှိရာ ငပလီမြို့အနီးထိ ဆုတ်ခွာပေးခဲ့ရသည်။ 

ထို့နောက် ရာသီဥတုအခြေအနေကြောင့် တိုက်ပွဲများ တစ်ပတ်ခန့်ကြာ ရပ်တန့်နေခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးသည့် ခရမ်းမော်၊ တောင်ပေါက် ကျေးရွာများအနီးတွင် နှစ်ဖက်တိုက်ပွဲများ ပြန်ဖြစ်ကြသည်။ ထို့နေ့တွင်ပင် ခမရ (၅၆၆) တပ်ရင်းနှင့် ခလရ (၅၅) အခြေစိုက်ထားသည့် ငပလီမြို့နှင့် တစ်မိုင်ခွဲခန့်အကွာ ဂေါ့ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ 
သံတွဲမြို့ကို AA က တိုက်ခိုက်နေခြင်းမှာ စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေ၍ ဖြစ်သည်။ စကခ(၅) လက်အောက်တွင် တပ်ရင်း ၁၀ ရင်းရှိပြီး ထိုအထဲတွင် သံတွဲမြို့အခြေစိုက် ခမရ (၅၆၆) တပ်ရင်းလည်း ပါဝင်သည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၃)ခုရှိသည့်အနက် စခက(၉)ကျောက်တော်နှင့် စကခ(၁၅)ဘူးသီးတောင်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်သလို စကခ(၅) တောင်ကုတ်ကို သိမ်းပိုက်နိုင်ရန်အတွက် AA က ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။ 

■ ယိုင်နဲ့လာသည့် စစ်ကောင်စီအုပ်ချုပ်ရေး 

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဆင်နွှဲလာသည့် ရခိုင်ပြည်သိမ်းတိုက်ပွဲ အစောပိုင်းကာလတွင် သံတွဲမြို့သို့ ပြည်နယ်စစ်ကောင်စီ ရုံးပြောင်းရွှေ့ရန်အတွက် လျာထားမှုများရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ 

စစ်ကောင်စီရုံးစိုက်ရန်လျာထားသည့် သံတွဲမြို့မှာ လက်ရှိတွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး သံတွဲခရိုင်အဆင့်ရုံးများမှ ဝန်ထမ်းများမှာပင် ပြည်မဖက်ကို ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

လက်ရှိ စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နှင့် ဆက်စပ်နေသည့် ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့မှာလည်း AA လက်ထဲ ကျရောက်သွားပြီဖြစ်၍ စစ်တွေမြို့မှာ အလိုလို ပိတ်ဆို့ခံထားရပြီး ဖြစ်သွားသည်။ 

ဤအချက်များကိုကြည့်ခြင်းဖြင့် သံတွဲမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ယိုင်လဲနေပြီဟု ပြောနိုင်ပြီး စစ်ကောင်စီအနေဖြင့်လည်း စစ်တွေမြို့၌ မည်မျှကာလအထိ ရုံးစိုက်နိုင်မည်နည်းဟု မေးခွန်းများရှိလာသည်။ 

■ သံတွဲဒေသ၏ စီးပွားရေးအခွင့်အလမ်း  

သံတွဲဟု ဆိုလိုက်သည်နှင့် ကမ္ဘာကျော် ငပလီကမ်းခြေကို တန်းမြင်ကြကြမည် ဖြစ်သည်။ ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးကမ်းခြေဖြစ်ပြီး နိုင်ငံခြားခရီးသွားနှင့် ပြည်တွင်းခရီးသွားများ ဝင်ရောက်မှုအများဆုံး ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ဟိုတယ်နှင့်ခရီသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိသည့် ‘မီးခိုးတိတ်’ လုပ်ငန်းကြီးတစ်ခုဖြစ်ကာ သဘာဝက ဖန်းတီပေးထားသည့် ဝင်ငွေရလမ်းကြောင်းလည်း ဖြစ်သည်။ 

ကမ္ဘာကျော် ငပလီကမ်းခြေ

ငပလီကမ်းခြေသို့ တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၃ သိန်းအထိ ဝင်ရောက်မှုရှိပြီး ဒေါ်လာသန်းနှင့်ချီသော ဝင်ငွေများကို စစ်ကောင်စီက ရရှိနေသည်။ အကယ်၍ သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်လျှင် စစ်ကောင်စီအတွက် များစွာအထိနာနိုင်သည့် အခြေအနေဖြစ်သည်။

နောက်တစ်ချက်မှာ အပြီးသတ်ခါနီးဖြစ်သည့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစ၍ ကျပ်သန်းပေါင်း ၃၅၄၆၀၁.၂၅ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောင်ရန် လျာထားခြင်းဖြစ်သည်။

စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးရန် စစ်ကောင်စီက မျှော်မှန်းထားခြင်းသည်။ 

လက်ရှိတွင် ထိုစီမံကိန်းမှာလည်း တိုက်ပွဲကြောင့်ရပ်နားထားရပြီး သံတွဲမြို့နယ်ကို AA က ထိန်းချုပ်နိုင်သွားမည် ဆိုပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှုများမည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။ 

■ အရပ်သားထိခိုက်မှုနှင့် သံတွဲလူထုအခြေအနေ 

တိုက်ပွဲကင်းစင်နယ်မြေဖြစ်၍ စစ်ပွဲအတွေ့အကြုံအားနည်းသည့် သံတွဲဒေသခံများမှာ AA က တောင်ကုတ်မြို့ကို သိမ်းပိုက်ပြီးမှ သံတွဲကိုသိမ်းလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ လက်တွေ့တွင် တိုက်ပွဲများကို နဖူးတွေ့ဒူးတွေ့ ကြုံလာရသောအခါ စစ်ရေးအတွေ့အကြုံမရှိခြင်းက သံတွဲဒေသခံကို သတိပေါ့စေသည်ဟု ပြော၍ရနိုင်သည်။ ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်နေသော်လည်း အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ယူဆခဲ့ကြသည့်အတွက် တိုက်ပွဲကာလ အစောပိုင်းတွင် နေရပ်စွန့်ခွာမှု အားနည်းခဲ့ကြသည်။ 

ဤသို့ ဒေသခံများ နေရပ်စွန့်ခွာမှု အားနည်းသည်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးအနားများနှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 

သံတွဲတိုက်ပွဲကာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ပထမဆုံးသေဆုံးသူမှာ ကုန်ကားမောင်းသည့် ဒရိုင်ဘာတစ်ဦးဖြစ်ပြီး ဧပြီလ ၂၂ ရက်တွင် တောင်ကုတ်မြို့နယ်ကနေ သံတွဲမြို့အလာတွင် ရွှေလှေတံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီသည် သံတွဲမြို့အဝင်တွင်ရှိသည့် ဘားဒေါင်းတောင်၊ သူခိုးစမ်းတောင်ကြောရှိ တပ်စခန်းများအပါဝင် မောင်ရွှေလေးရေတပ်စခန်းနှင့် ဆင်ခေါင်းကျေးရွာအနီးရှိ နေဗီများက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုများကြောင့် သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာတွင် မေလ ၁၃ ရက်က လက်နက်ကြီးကျည် ကျရောက်ပြီး အမျိုးသမီးနှစ်ဦးအပါဝင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူတစ်ဦးမှာ သံတွဲဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သည်။ ထိုအချိန်ထိ သံတွဲဒေသခံအများစုမှာ နေရပ်စွန့်ခွာမှု အားနည်းနေသေးသည်။ 

ဓာတ်ပုံ - CINCDS

မေလ ၁၄ ရက်တွင် လင်းသီကျေးရွာအတွင်း စစ်ကောင်စီလက်နက်ကြီးကျည်များ ထပ်မံကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၀ ဦးထိ သေဆုံးခဲ့ရသည်။ ထို့သို့ အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားလာသည့်အခါမှ တိုက်ပွဲဧရိယာအတွင်းရှိ အရပ်သားများမှာ ဘေးလွတ်ရာကျေးရွာများနှင့် မြို့ပေါ်သို့ ရွှေ့ပြောင်းလာကြသည်။

ထိုနောက် သံတွဲမြို့နှင့် ၈ မိုင်လောက်သာ ကွာဝေးသည့် နတ်တောင်မော်ကျေးရွာအနီးကို စစ်ကောင်စီက မေလ ၁၈ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် အမျိုးသား ၄ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထက်အမျိုးသား ၅ ဦးမှာလည်း ဆေးရုံးပို့ဆောင်စဉ်လမ်းနှင့် ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြသည်။ 

ထို့အပြင် ရွှေလှေကျေးရွာ၊ ဘုရားမော်ကျေးရွာနှင့် ခမောင်းတုန်းကျေးရွာများတွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ချို့လည်း ရှိခဲ့ကြသည်။ 

နေ့ချင်းရက်ချင်း အရပ်သားသေဆုံးမှု မြင့်တက်လာပြီးနောက် သံတွဲဒေသခံများမှာ စိုးရိမ်မှုအမြင့်ဆုံးကို ရောက်ရှိခဲ့ကြပြီး သံတွဲမြို့နှင့် ဘေးလွတ်ရာ နေရာများကို အမြန်ဆုံးရွေးပြောင်းကြပြီး နေရပ်စွန့်ခွာသည့် လူဦးရေမှာလည်း ၂ သောင်း ကျော်အထိမြင့်တက်သွားသည်။

ထို့သို့ နေရပ်စွန့်ခွာမှု မြင့်တက်လာပြီးနောက် စစ်ကောင်စီက စစ်ရှောင်များနှင့် ဒဏ်ရာရလူနာများကို ဆေးရုံကို ပို့ဆောင်ရာတွင် အသုံးပြုသည့် ဆင်ခေါင်း-ကင်းမော် ရေလမ်းကြောင်းကို မေလ ၂၀ ရက်နေ့မှာ သွားလာခွင့် ပိတ်လိုက်သည်။ ထိုရေလမ်းကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည့်အတွက် စစ်ကောင်စီက ဒေသခံများနှင့် စစ်ရှောင်များကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ချင်၍ ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

လက်ရှိတွင် သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်လာသည့်အတွက် နေရပ်စွန့်ခွာနေရသည့် ဒေသခံ ၄ သောင်းနှင့် အထက်ကို ရှိနေပြီး ရန်ကုန်၊ ဂွနှင့် တောင်ကုတ်မြို့နယ်ဖက်ကို တိမ်းရှောင်နေကြရသည်။ 

သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကိုလည်း စစ်ကောင်စီက ဇွန် ၄ ရက်နှင့် ၅ ရက်တွင် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၀ နီးပါးခန့် သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ (လက်ရှိတွင် ဖုန်းလိုင်းဆက်သွယ်မှု ပြတ်တောက်နေ၍ အရပ်သားထိခိုက်မှုကို အတိအကျ ဖော်ပြနိုင်ခြင်း မရှိပါ) 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကုန်စည်စီးဆင်းသည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်း၊ သွားလာခွင့်တင်းကြပ်ခြင်းများ ပြုလုပ်နေသဖြင့် သံတွဲဒေသခံများမှာ စစ်ကောင်စီကို ပိုမိုနာကျည်းလာကြပြီး အာရက္ခတပ်တော်(AA) အပေါ် ယုံကြည်မှု မြင့်တက်လာနေကြသည်။ 

■ နိဂုံး

သံတွဲတိုက်ပွဲမှာ တဖြည်းဖြည်း မြို့နှင့်နီးကပ်မှုရှိလာသလို သံတွဲအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုမှာလည်း AA ၏ အနီးကပ်ဆုံးထိုးစစ်နှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ခမရ (၅၆၆) တပ်ရင်းနှင့် အနီးကပ်ဆုံးအခြေအနေကို ရောက်ရှိလာပြီး အဆိုပါတပ်ရင်း သိမ်းပိုက်မခံရရေးသည် စစ်ကောင်စီအတွက် သေရေးရှင်ရေးဖြစ်နေသည်။ 

ရခိုင်က မြို့နယ် ၉ ခုနှင့် ပလက်ဝမြို့နယ်ကို AA လက်ထဲသို့ ထိုးအပ်လိုက်ရသည့် စစ်ကောင်စီအနေဖြင့် သံတွဲမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရန် ဖိအားများ ရှိနေမည်ဖြစ်သည်။ သံတွဲမြို့နယ်အတွင်း ထိန်းချုပ်နယ်မြေ တစ်ဖြည်းဖြည်း ကျုံ့လာနေသော စစ်ကောင်စီအနေဖြင့် သံတွဲမြို့အား မည်သည့်အချိန်ထိ ထိန်းချုပ်ထားနိုင်မလဲ ဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

■ အောင်သူရ - ရေးသည်။

ဗီဒီယိုများ