“မငြိမ်းချမ်းခြင်း၏ သောကများကို စာနာပေးပါ”

“မငြိမ်းချမ်းတဲ့ဒေသမှာ ပါဝင်ခဲ့ရတဲ့ ကိုယ့်ကံတရားကို ကိုယ်အားမရဘူး”ဟု ကံတရားကို အပြစ်ပုံပြောလာသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ့်ညှင်းဝကျေးရွာမှ စစ်ရှောင်ထွက်ပြေးလာသူ အသက် ၅၈ နှစ်အရွယ် ဒေါ်မစိန်နုပင်ဖြစ်သည်။

18 Jul 2022

DMG ၊ ဇူလိုင် ၁၈
(ဆောင်းပါး)
“မငြိမ်းချမ်းတဲ့ဒေသမှာ ပါဝင်ခဲ့ရတဲ့ ကိုယ့်ကံတရားကို ကိုယ်အားမရဘူး”ဟု ကံတရားကို အပြစ်ပုံပြောလာသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ့်ညှင်းဝကျေးရွာမှ စစ်ရှောင်ထွက်ပြေးလာသူ အသက် ၅၈ နှစ်အရွယ် ဒေါ်မစိန်နုပင်ဖြစ်သည်။

ဒေါ်မစိန်နုက အသက် ၆၀ နီးလာမှ ယခုကဲ့သို့ စစ်ရှောင်ဒုက္ခသည်အဖြစ် ရှင်သန်ရမည်ဟု တခါတလေမျှ မတွေးမိကြောင်း ပြောပြသည်။ ဒေါ်မစိန်နုတို့မိသားစုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဥဿလင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေကြရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ ၂၀၁၅ ခုနှစ် နောက်ပိုင်းကစပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီး ၂၀၁၈၊ ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများ ပိုပြီးပြင်းထန်လာခဲ့သည်။
နှစ်ဖက်တပ်များအကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် များစွာသော ပလက်ဝဒေသခံတို့မှာ စစ်ဘေးဒုက္ခသည်များအဖြစ် ချင်းပြည်နယ် ပလက်ဝမြို့၊ ဆမီးမြို့အပါဝင်၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေစသည့် နေရာအနှံ့အပြား၌ ထွက်ပြေးတိမ်းရှောင်နေရသည်။

နှစ်ဘက်တိုက်ပွဲများ အပြင်းထန်ဆုံးကာလဖြစ်သည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာကြသူများတွင် ဒေါ်မစိန်နုတို့မိသားစုလည်း အပါအဝင်ဖြစ်သည်။ သူတို့မိသားစုသည် ကျောက်တော်မြို့မှတဆင့် စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းသို့ ရောက်လာခြင်းဖြစ်သည်။

သူတို့ရွာလုံးကျွတ်ထွက်ပြေးရသည့် အဓိကအကြောင်းအရင်းမှာ စိမ့်ညှင်းဝကျေးရွာအနီး တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ လေတပ်မှ ဂျတ်တိုက်လေယာဉ်များ၊ ရေတပ်မှ လက်နက်ကြီးများ၊ ကြည်းတပ်ဗျူဟာကုန်းများမှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများအားလုံး စစ်ရှောင်ပြေးရခြင်းဖြစ်သည်။

“တောင် ၇ လုံး ၈ လုံးကိုကျော်ပြီးတော့ ပီချောင်းဘက်ကို ညနေဖြတ်ပြီးတော့ လာရတာ။ လက်နှိပ်ဓာတ်မီးတွေလည်း မထွန်းရဘူး။ မီးမြင်ရင် အပေါ်ကနေ လေယာဉ်နဲ့ပစ်တယ်။ လမ်းမှာ ထမင်းငတ်ခံပြီးတော့ ရေသောက်ပြီးလာရတာ”ဟု ထွက်ပြေးလာရသည့် ခရီးလမ်းကြောင်းကို ဒေါ်မစိန်နုက ရှင်းပြသည်။

ထွက်ပြေးလာရာလမ်းကြောင်းတွင် တချို့မိသားစုများမှာ ရင်ခွင်ပိုက် လသားအရွယ်ကလေးငယ်များ ပါဝင်ကြပြီး သူမကယ်နိုင် ကိုယ်မကယ်နိုင် သေနတ်သံဗုံးသံများအကြား ကလေးငယ်များအား ချော့မော့ခြိမ်းခြောက်ပြော၍ ထွက်ပြေးကြရသည်ကို တွေ့မြင်ရကြောင်း ဒေါ်မစိန်နုကဆက်ပြောသည်။

စစ်ဘေးရှောင်အများစုမှာ အနှစ်နှစ်အလလ စုဆောင်းရှာဖွေခဲ့သော စီးပွားဥစ္စာပိုင်ဆိုင်မှုများ တစ်ခုမှ မရှိတော့အောင် ဆုံးရှုံးခဲ့ကြောင်း ပြောဆိုကြသည်။ အထူးသဖြင့် အမျိုးသမီးများမှာ စစ်ပွဲစစ်ဒဏ်ကို ပိုခံစားရသူများဖြစ်ပြီး သူတို့မှာ စစ်ဘေးစစ်ဒဏ်မီးလျှံကြားမှ မွေးကင်းစကလေးငယ်၊ ကိုယ်ဝန်အရင့်အမာဖြင့် အသက်လု ထွက်ပြေးလာရသူများ ဖြစ်ကြသည်။

စစ်ရှောင်ထွက်ပြေးလာသူ အများစုသည် လက်ရှိပစ္စုပ္ပန်တွင်လည်း အမိုးအကာမလုံခြုံသည့် တာလပတ်ကာ ယာယီတဲအိမ်ခန်းများတွင် မဝရေစာစားသုံးရင်း သောကများစွာဖြင့် ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာနေကြရသည်။

ထိုသို့ ဒုက္ခမျိုးစုံကို အလူးအလဲခံစားနေကြရသည့် စစ်ဘေးရှောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာ “ဘယ်အချိန် ငြိမ်းချမ်းရေးမလဲ၊ ဘယ်တော့ အိမ်ပြန်ခွင့်ရမလဲ”ဆိုသည့် မေးခွန်းများစွာကို ရေရွတ်မေးမြန်းနေဆဲဖြစ်သည်။
စစ်ဘေးဒုက္ခသည် စခန်းများတွင်လည်း အမျိုးသမီးနှင့် ကလေးငယ် ၇၀ ရာခိုင်နှုန်းအထိရှိကြောင်း အရပ်ဘက် အဖွဲ့အစည်းများကလည်း ပြောဆိုသည်။ ထိုသူများထဲတွင် နေထိုင်မှုအခက်အခဲကြုံရဆုံးမှာ အမျိုးသမီးများပင်ဖြစ်သည်။

စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်မသောင်းက “မိန်းကလေး အပျိုလေးတွေက ပိုပြီးကျပ်တည်းတယ်။ ကျမမှာ သမီးအပျို သားလူပျိုရှိတယ်။ ဒီအခန်းငယ်မှာနေလို့ သင့်တော်မလား စဉ်းစားကြည်ပေတော့”ဟု သူတို့နေထိုင်ရသည့်အခန်းကို လက်ညိုးထိုးရင်း ပြောလာသည်။
အသက် ၅၆ အရွယ်ရှိ ဒေါ်မသောင်းမှာ ပလက်ဝမြို့နယ် စိမ့်ညှင်းဝဇာတိဖြစ်ပြီး မိုင်ပေါင်း ၁၀၀ ကျော် ကွာဝေးသည့် စစ်တွေမြို့ ဥသလင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသူများဖြစ်သည်။

ဒေါ်မသောင်းတို့မိသားစု ၄ ယောက် လက်ရှိနေထိုင်ရသည့် အခန်းမှာ ၆ ပေ ပတ်လည်မျှသာရှိပြီး ဘုရားစင်၊ အိပ်ရာခင်း၊ ထမင်းအိုး၊ အဝတ်ထုတ်များနှင့် ပြည့်ကျပ်နေသည်ကို တွေ့မြင်ရသည်။
ဒေါ်မသောင်းရဲ့ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သည့် ၁၀ နှစ်လောက်က ရောဂါဖြင့်သေဆုံးသွားသဖြင့် သား ၁ ယောက်၊ သမီး ၂ ယောက်ကို သူကိုယ်တိုင်ရှာဖွေကျွေးမွေးကာ မွေးရပ်ဇာတိရွာတွင် စီးပွားရေးအသင့်အတင့် ကောင်းမွန်ကြသူများဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် ထမင်းစားလည်း ထိုနေရာ၊ အိပ်စက်တော့လည်း ထိုနေရာ၊ ဧည့်သည်ကို ဧည့်ခံရာတွင်လည်း ထိုနေရာ၊ ကလေးများစာဖတ်လျှင်လည်း ထိုနေရာ ဖြစ်နေရှာသည်ဟု ဒေါ်မသောင်းကဆိုသည်။
“အခုကတော့ လေးတောင်ကွင်းအခန်းမှာ သားအမိ ၄ ယောက်နေရတာ။ အဓိကတော့ သမီးလေးက စာဖတ်ချိန်မှာ စာကျက်လို့မရတာ ပိုဆိုးတယ်”ဟု သူစိတ်ခံစားချက်များကို ဖွင့်ပြောသည်။

လက်ရှိတွင် ၎င်းတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ICRC(အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ)အပါအဝင် လူမှုအဖွဲ့အစည်းများထံမှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီမှုကိုရရှိသော်လည်း လုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်သူများက ပြောသည်။

စစ်ဘေးရှောင်စခန်း၌ တန်းလျားလုပ်ထားသည့် ဒုက္ခသည်အဆောင်များတွင် အကာအရံ အပေါက်အပြဲ များစွာရှိနေသည့်အတွက် အမျိုးသမီးများမှာ ရေချိုးအဝတ်လဲရာတွင် မလုံခြုံခြင်း၊ စုပေါင်းအသုံးပြုရသည့် အိမ်သာများကြောင့် အပျိုပေါက်မိန်းကလေးများနှင့် အမျိုးသမီးအတွက် အခက်အခဲများစွာ ကြုံရကြောင်း ညည်းညူပြောကြသည်။

ထိုအခြေအနေများကြောင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည့် အမျိုးသမီးများမှာ မလုံခြုံမှု၊ မပြည့်စုံမှု စသည့်ဖြင့် အခက်အခဲမျိုးစုံ ကြုံတွေ့ရကာ စိတ်ကျရောဂါများ ခံစားနေကြရသူများလည်းရှိနေသည်ဟု ဒေါ်မသောင်းက ပြောသည်။

စစ်ဘေးရှောင်သူများသည် မိမိနေရပ်တွင်နေထိုင်ခဲ့စဉ်က ရာသီပေါ်စိုက်ခင်းများ၊ ဥယျာဉ်ခြံလုပ်ငန်းနှင့်အတူ ကြက်ဝက်မွေးမြူပြီး မြေပဲ၊ နှမ်းခင်း စသည့်အလုပ်များဖြင့် ဝင်ငွေချောင်လည်ခဲ့ကြသူများဖြစ်သည်။
စစ်ရှောင်များသည် ဒုက္ခသည်စခန်းတွင် အလုပ်အကိုင်မရှိ၊ ဝင်ငွေလည်း မရှိဘဲ မိသားစုရှေ့ရေး၊ စားဝတ်နေရေးအတွက် စိတ်ဓာတ်ကျဆင်းမှုများ ခံစားနေကြရသည်။

“အခု ဒီမှာ အလုပ်ကမရှိဘူး။ နောက်ပြီးတော့ ကျမတို့က အသက်ကြီးပိုင်းတွေဖြစ်လာပြီဆိုတော့ အလုပ်သမား မငှားတော့ဘူးလေ”ဟု ဒေါ်မသောင်းက ငွေကြေးရှာဖွေရခက်ခဲရပုံကို ပြောပြသည်။ ထွက်ပြေးလာစဉ်က ပါလာသည့် ရွှေစငွေစအနည်းငယ်မှာလည်း စစ်ရှောင်စခန်းတွင် အကျပ်အတည်းဖြစ်လာတိုင်း ပေါင်းနှံရောင်းချ စားသောက်ရသဖြင့် ကုန်ဆုံးသွားကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲမဖြစ်ခင်က အိမ်ခြေ ၁၃၀ ခန့်ရှိသည့် စိမ့်ညှင်းဝကျေးရွာတွင် ဒေသခံကျေးရွာသူရွာသားများမှာ နှမ်း၊ ပဲ စသည့် ရာသီပေါ်သီးနှံများစိုက်ပျိုးကာ မိမိတို့ပိုင် ကျွဲ၊နွားများဖြင့် ကိုယ့်လယ်ယာလုပ်ငန်း၊ ကိုယ့်ဥယျာဉ် လုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ကြသည်။

ရခိုင်တို့၏ ရိုးရာ၊ ဘာသာရေးပွဲလမ်းသဘင်များဖြင့် အေးချမ်းသာယာခဲ့သည့် စိမ့်ညှင်းဝကျေးရွာသည် စစ်ပွဲများကြောင့် ရွာရှိနေအိမ်အားလုံးမှာလည်း မီးလောင်ပြာကျသွားခဲ့ပြီး တစ္ဆေခြောက်မည့် ရွာပျက်ကြီးဖြစ်နေကြောင်း ဒေါ်မသောင်းက စိတ်မကောင်းစွာဖြင့်ပြောပြသည်။

တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း ချင်းစစ်ဘေးရှောင်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI)က ၂၀၂၀ ခုနှစ် မေလက ထုတ်ပြန်ခဲ့သည်။

စစ်ပွဲများပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံအမျိုးသမီးများကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဖြစ်သည့် ခြိမ်းခြောက်မှု၊ အလိုမတူ အဓမ္မပြုကျင့်မှုများ ကျုးလွန်ခဲ့ကြောင်း ရခိုင်အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပြောဆိုသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “စစ်ပွဲကာလ တောက်လျှောက်မှာလည်း အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများစွာရှိနေခဲ့တယ်။ အကြမ်းဖက်မှု၊ အဓမ္မခံရမှုတွေကို ရဲဝံ့စွာ ထုတ်ဖော်ပြောလာတာ ဦးဂါ အမျိုးသမီးတစ်ဦးပဲရှိတယ်။ အချက်အလက်တွေ ကျမတို့ရခဲ့တာရှိတယ်။ ဒါပေမယ့် ကာယကံရှင်တွေဘက်က ထုတ်မပြောဖို့ တောင်းပန်ထားတော့ လုံးဝပြောလို့မဖြစ်ခဲ့ဘူး”ဟု ပြောပြသည်။

စစ်ဘေးရှောင်စခန်းထဲတွင်လည်း သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများကို နှုတ်ဖြင့်ဖြစ်စေ စော်ကားမှုများလည်း ရှိနေပြီး အဆိုပါကိစ္စရပ်များအတွက် ထိရောက်သည့်ကာကွယ်မှု၊ စိတ်ဒဏ်ရာကုစားပေးမှု အစီအစဉ်များကို သက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်ပေးမှုများ အားနည်းနေကြောင်း သူကဆက်ပြောသည်။

“စစ်ဘေးရှောင်စခန်းက အမျိုးသမီးထုတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ကုစားဖို့အတွက် အစိုးရအပါအဝင် ဘယ်အဖွဲ့အစည်းကမှ ထိရောက်စွာမလုပ်သေးဘူး။ ဒါတွေမှာ အဓိက သက်ဆိုင်သူကတော့ အစိုးရဖြစ်နေတယ်။ သူက အာဏာကိုဆုပ်ကိုင်နိုင်တယ်။ ဒါတောင် မလုပ်နိုင်ဆိုတော့ အခြားအဖွဲ့အစည်းများကလည်း ထိရောက်မှုမရှိခဲ့ဘူးလေ”ဟု ဒေါ်ညိုအေးကဆိုသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား တရားဝင်လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၃)ပါအရ အရပ်သားများကို အကာအကွယ်ပေးခြင်း အပိုဒ်(၉) (ဍ)တွင် အမျိုးသမီးများအား ဗလက္ကာယပြုလုပ်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ လိင်မှုဆိုင်ရာကျွန်ပြုခြင်း မလုပ်ရဟု ပါရှိသည်။

ယင်းအပြင် NCA စာချုပ် အပိုဒ်(၉) (ဎ)တွင် ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့်၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မပြုလုပ်ရဟု သဘောတူထားသော်လည်း မြန်မာစစ်တပ်ဘက်က ပဋိပက္ခဖြစ်စဉ်ကို အခွင့်ကောင်းယူကာ အဓမ္မပြုကျင့်မှုများ ကျူးလွန်လျက်ရှိသည်။

ပဋိပက္ခဖြစ်ပွားရာနယ်မြေအတွင်း အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ဓားစာခံပြုလုပ်ကာ အတင်းအဓမ္မ ခေါ်ဆောင်သွားမှုများ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှုများလည်း ရှိနေသည်။
ထို့အပြင် စစ်ရေးပဋိပက္ခနှင့်ဆက်စပ်ပြီး လက်နက်ကိုင်တပ်များ သွားလာလှုပ်ရှားမှုရှိနေသဖြင့် ဆယ်ကျော်သက် မိန်းကလေးငယ်များမှာ အကြမ်းဖက်ခံရမည်ကို စိုးရိမ်မှုများစွာ ခံစားနေရသည်။

ယခင်က မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမျှ ကြောက်ရွံ့စရာမလိုဘဲ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရကြပြီး ခြိမ်းခြောက်ခံရမှုများလည်း မရှိခဲ့သည့် အဆိုပါကျေးရွာများတွင် တိုက်ပွဲများဖြစ်ပေါ်လာသည့်အချိန်မှ စတင်ကာ လက်နက်ကိုင်အဖွဲ့များက ယင်းဒေသအတွင်း သွားလာလှုပ်ရှားမှုများနှင့်အတူ မိုင်းနှင့်စစ်ကျန်လက်နက် အန္တရာယ်ကိုပါ ကြောက်လန့်နေရသည်။

NCA စာချုပ် အခန်း(၃) အပိုဒ်(၉) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရေးကိစ္စ နံပါတ်(၁၀) (ခ)တွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs)ကို ၎င်းတို့၏ဆန္ဒအတိုင်း မူလဒေသများသို့ ပြန်လည် နေထိုင်ခြင်းကို ဦးစားပေးဆောင်ရွက်ရန်၊ သို့မဟုတ် သင့်လျော်သောနေရာတွင် ရွာသစ်တည်ထောင် ပေးစေလိုသော်လည်းကောင်း၊ ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီဖြစ်စေရန် ဆောင်ရွက်ပေးရမည်ဟု ပါရှိသည်။

သို့သော် အစိုးရအာဏာပိုင်များက အဆိုပါသဘောတူညီချက်များအတိုင်း စစ်ဘေးရှောင်များအတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ အကောင်အထည်ဖော်ခြင်း လိုက်နာလုပ်ဆောင်ခြင်း မရှိသေးပါ။
လက်ရှိအချိန်၌ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည်ကိုကြားသိရသဖြင့် ပလက်ဝမြို့မှ တိမ်းရှောင်လာသည့် အမျိုးသမီးစစ်ဘေးရှောင်တို့မှာ ငြိမ်းချမ်းရေးရရှိပြီး နေရပ်ပြန်နိုင်တော့မည်ဟု ရိုးရှင်းသည့်အတွေးများဖြင့် ထင်မြင်လျက်ရှိနေသည်။

အထူးသဖြင့် စစ်ဘေးရှောင်အမျိုးသမီးများမှာ စစ်ပွဲကိုမုန်းတီးနေကြသလို စစ်ကြောင့် ရှောင်ပြေးနေရသည့် ကြားခံမြေဇာပင်ဘဝများမှ လွတ်မြောက်ချင်ကြပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းလိုသည့် ဆန္ဒများဖြင့် ငြိမ်းချမ်းသည့်အနာဂတ်ကို

စိတ်ကူးတွင်ပုံဖော်လျက်ရှိကြသည်။
“စစ်ပွဲကြောင့် ကျမတို့အမျိုးသမီးတွေ ဒုက္ခတွေ ပိုပြီးရောက်ရတယ်။ ကျမတို့က ဘာနိုင်ငံရေးမှ နားမလည်ပါဘူး။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဆွေးနွေးစေချင်တာ ကျမဆန္ဒပါပဲ ”ဟု ဒေါ်မစိန်နုက ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးစွာဖြင့် ပြောရှာသည်။

ဂေါင် - ရေးသည်