- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
“ကျနော့်မှာ လက်နှစ်ဖက်ကတော့ မရှိတော့ဘူး။ ဒါပေမယ့် လယ်ထွန်လို့တော့ရတယ်”
ကိုအောင်မြတ်ထွန်းသည် မွေးရာပါမသန်စွမ်းမဟုတ်ဘဲ အလုပ်ခွင်ထဲတွင် လက်နှစ်ဖက်ဆုံးရှုံးလိုက်သည့်အတွက် ကိုယ့်၏ဖြစ်တည်မှုကို လက်မခံနိုင်ဘဲ မိမိကိုယ့်ကိုသတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။
10 Oct 2023
မြတ်ဆွေ - ရေးသည်
“ကျနော့်မှာ လက်နှစ်ဖက်ကတော့ မရှိတော့ဘူး။ ဒါပေမယ့် လယ်ထွန်လို့တော့ရတယ်” ဟု နေအိမ်မှ ဇနီးဖြစ်သူ ယာပေးလိုက်သည့် ကွမ်းကိုဝါးကာ ကိုအောင်မြတ်ထွန်းက ပြောပြနေခြင်းဖြစ်သည်။
အလုပ်လုပ်ကိုင်ရန် ခြေထောက်သာရှိပြီး လက်နှစ်ဖက်မရှိသည့် အသက် (၄၀) ကျော်အရွယ် ကိုအောင်မြတ်ထွန်းသည် ကိုယ့်ခန္ဓာတစ်ခုလုံးကို ရုန်းကန်လှုပ်ရှားကာ ဘီးနှစ်ခုပါသည့် လယ်ထွန်စက်ကြီးကို အားသွန်ခွန်စိုက် မောင်းနှင်း၍ လယ်ထွန်လျက်ရှိသည်။
ရွှေ့လျားနေသည့် ဘီးနှစ်ခုကိုလည်း ဦးတည်ထားသည့်နေရာကို ရောက်ရှိဖို့အတွက် သူ့မှာ ကျန်ရှိခဲ့သည့် လက်အပိုင်းစလေးဖြင့် ကိုယ့်ခံအားကို အသုံးပြုကာ စက်၏ဘရိတ်ကိုလည်း နိုင်အောင်ထိန်းထားရသည်။
“လယ်ထွန်စက်ကြီးကို ထိန်းနိုင်တယ်” ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ကိုအောင်မြတ်ထွန်းသည် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ ဇာတိဖြစ်သည်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးသားဖြစ်သည်။
ငယ်စဉ်အရွယ်က ကိုအောင်မြတ်ထွန်းသည် သာမာန်လူတစ်ဦးဖြစ်ပြီး ကျေးရွာတွင် အလုပ်အကိုင် ရှားပါးသောကြောင့် သူငယ်ချင်းများ၏ အချိတ်အဆက်နှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေတစ်ခုမှာ အလုပ်လုပ်ကိုင်ရန် သွားရောက်ခဲ့ပါသည်။
သူထိုင်းနိုင်ငံသို့ အလုပ်သွားချိန်သည် အသက်(၂၀)ကျော်အရွယ်သာ ရှိသေးသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး တစ်လကျော်အကြာမှာ ကိုအောင်မြတ်ထွန်းအတွက် မဖိတ်ခေါ်ဘဲ ကံဆိုးမှုကြီးတစ်ခု ကျရောက်လာတော့သည်။
အကြောင်းမှာ ငါးဖမ်းထွက်သည်တစ်နေ့တွင် လှေမှကြိုးချသည့်တာဝန်ကို ယူထားသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး အနားယူသွားသောကြောင့် အဆိုပါနေရာကို ကိုအောင်မြတ်ထွန်းတစ်ယောက် ဝင်ရောက်လုပ်ကိုင်ပေးရသည်။
ယင်းအချိန်အတွင်းမှာပဲ ကံမကောင်းစွာဖြင့် စက်ချို့ယွင်းချက်ကြောင့် မွေးရာပါသန်စွမ်းတဲ့ ကိုအောင်မြတ်ထွန်းသည် လက်နှစ်ဖက်စလုံးကို အချိန်တိုတိုလေးအတွင်းမှာ ပေးဆပ်လိုက်ရတော့သည်။
“ငါးဖမ်းစက်လှေပေါ်မှာ အလုပ်လုပ်ဖို့သွားတာ။ ရောက်လို့ ၁ လ ကျော်ပဲလုပ်လိုက်ရသေးတယ်။ လက်ကကြိုး ချတဲ့ခြွင်းစက်ထဲကိုဝင်သွားတယ်။ ညာဖက်လက်က ပထမဆုံးဝင်သွားတာ ၊ ဝင်သွားတော့ ဘယ်ဖက်လက်နဲ့ ခြွင်းစက်ကိုသတ်တာပေါ့ ။ အဲဒီအချိန်မှာပဲ နှစ်ဖက်စလုံးကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်” ဟု လက်နှစ်ဖက် ဆုံးရှုံးသွားခဲ့ရသည့် ဖြစ်စဉ်အကြောင်းကို ကိုအောင်မြတ်ထွန်းက ပြောပြသည်။
ကိုအောင်မြတ်ထွန်း လက်နှစ်ဖက်ဆုံးရှုံးသွားသည့် ခြွင်းစက်၏ကြိုးကို လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အကိုတစ်ဦးက လာရောက်ကူညီဖြတ်ပေးမှုကြောင့် အသက်အန္တရာယ်ဘေးက လွတ်မြောက်ခဲ့သည်ဟုဆိုသည်။
ချက်ချင်းဆိုသလို လက်နှစ်ဖက်ဆုံးရှုံးသွားသည့် အချိန်အတွင်းမှာပဲ စက်လှေပေါ်က လုပ်ဖော်ကိုင်ဖက်များ၏ ကူညီမှုကြောင့် ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုတွင် အချိန်မီဆေးကုသခွင့် ရရှိခဲ့သည်။
ကိုအောင်မြတ်ထွန်းသည် မွေးရာပါမသန်စွမ်းမဟုတ်ဘဲ အလုပ်ခွင်ထဲတွင် လက်နှစ်ဖက်ဆုံးရှုံးလိုက်သည့်အတွက် ယင်းအချိန်အတွင်းတွင် ကိုယ့်၏ဖြစ်တည်မှုကို လက်မခံနိုင်ဘဲ ရောက်သည့်နေရာ၊ အရပ်ဒေသများတွင် မိမိကိုယ့်ကို သတ်သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့သည်ဟု ဆိုသည်။
လက်နှစ်ဖက်စလုံးဆုံးရှုံးသွားတဲ့အချိန်မှာ အဆိပ်စားပြီး သတ်သေချင်စိတ်ပေါက်တယ်။ အဲဒီအချိန်တုန်းကဆိုရင် အရမ်းကိုဝမ်းနည်းခဲ့ရတယ်။ ဆရာဝန်၊ ဆရာမတွေက အကြိမ်ကြိမ်တားလို့ မအောင်မြင်ခဲ့ဘူး
ဆေးရုံတွင် တစ်လခွဲလောက် ဆေးကုသမှုခံယူပြီးနောက်တွင် ဆေးရုံအတွင်းရှိ ဘဝတူ လူပုဂ္ဂိုလ်တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်လာကာ စကားစမြည်းပြောကြရာကနေပြီး ဘဝအတွက် အသိအမြင်များပြောင်းလဲသွား၍ အရင်က သေကြောင်းကြံခဲ့ခြင်းများကိုလည်း မေ့လျော့ပစ်လိုက်သည်ဟု ကိုအောင်မြတ်ထွန်းကဆိုသည်။
“ဆေးရုံမှာကျနော်ထက် ဒုက္ခဖြစ်နေတဲ့ သူတစ်ယောက်ကိုတွေ့ခဲ့တယ်။ သူက ခြေလက်အင်္ဂါစုံစုံလင်လင်ရှိပေမယ့် ဓားထိုးမှုတစ်ခုကြောင့် အာရုံကြော အားလုံးသေသွားတယ်။ သူကထိုင်လို့လည်း မရဘူး၊ ထလို့လည်း မရဘူး။ ပြောရမယ်ဆိုရင် သူနဲ့ကျနော်နဲ့ နှစ်ယောက်ပေါင်းမှ တစ်ယောက်ဖြစ်တယ်။ သူနဲ့စကားပြောတဲ့အခါမှ ဘဝကို ရှေ့ဆက်ဖို့ဖြစ်လာခဲ့တာဖြစ်တယ်” ဟု သေကြောင်းကြံရာမှနေ လွတ်မြောက်ဖြစ်လာသည့်အကြောင်းကို ကိုအောင်မြတ်ထွန်းက ပြောပြသည်။
ထိုင်းနိုင်ငံရှိ ဆေးရုံတွင်ဆေးကုသမှုခံပြီးနောက် တစ်လအကြာတွင် ကိုအောင်မြတ်ထွန်းသည် ရခိုင်ရှိ မိမိဇာတိ ကျေးရွာသို့ ပြန်လာခဲ့သည်။ လက်နှစ်ဖက်မရှိဘဲ ကျေးရွာကိုရောက်သည့်အခါ တစ်ချို့က စိတ်ဓာတ်မကျဖို့ အားပေးခဲ့ကြသလို့ လူတစ်ချို့၏ ကဲ့ရဲ့ခြင်းများကိုလည်း ခံခဲ့ရသည်။
ကိုအောင်မြတ်ထွန်းသည် ပတ်ဝန်းကျင်၏ကဲ့ရဲ့အပြောအဆိုများကြောင့် နောက်ထပ်တဖန် စိတ်ဓာတ်ကျရဆင်းခဲ့ရသည်။ သို့သော်လည်း မိမိကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် တရားနှင့်သာ ရင်ဆိုင်ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။
“လူတွေကတော့ ပြောကြတာတွေရှိတာပေါ့။ ဒါပေမယ့် ကျနော်နားလည်လာတာကတော့ ကျနော်တို့ဗုဒ္ဓဘာသာ မှာကိုယ့်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတယ်ဆိုတာကို နားလည်လာတယ်။ ကျနော်ဒီလို့ဖြစ်သွားတာဟာ ကျနော်ဘဝ ဟောင်းကဝဋ်ကြွေးကို ပေးဆပ်ရတာလို့ထင်တယ်။ ဒီဝဋ်ကြွေးကိုမခံနိုင်ဘဲ ကိုယ့်ကိုသတ်သေသွားရင် နောက်ဘဝ ဒီလို့အချိန်မှာဆိုရင် ပြန်ပြီးတော့ဒီလို့ပေးဆပ်ရမယ်။ ဒါကြောင့်လက်ရှိမှာ ကျန်ရှိနေတဲ့ဘဝကို ပျော်ရွှင်စွာဖြတ် သန်းသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ကိုအောင်မြတ်ထွန်းက မိမိကိုယ့်ကို စိတ်ဓာတ်ခွန်အားမြင့်တက်ခဲ့ခြင်းကို ပြောပြသည်။
လက်ရှိတွင် ကိုအောင်မြတ်ထွန်းမှာ မိမိကျေးရွာက မိန်းမပျိုလေးတစ်ဦးနှင့် အိမ်ထောင်ရက်သားကျကာ သားလေး (၃) ယောက်ကို ဖွားမြင်ထားသည်။ သားများ၏ရှေ့ရေးအတွက် ကိုအောင်မြတ်ထွန်းသည် မသန်စွမ်းသော်လည်း သာမာန်လူတွေတောင် ပြုလုပ်ရန်ခက်ခဲ့သည့် အလုပ်များကို ကြိုးစားပြီးလာကိုင်လာတော့သည်။
ယင်းမှာလက်ရှိလုပ်ကိုင်နေသည့် လယ်ကွင်းပြင်ကြီးထဲတွင် လယ်ထွန်စက်ဖြင့် လယ်ထွန်ယက်စိုက်ပျိုးခြင်းဖြစ်သည်။ လက်နှစ်ဖက်မပါဘဲ လယ်ထွန်ယက်ခြင်းဟာ ခက်ခဲသော်လည်း အမြဲသတိထားမောင်းနှင်းရသည်ဟု ဆိုသည်။
ကိုအောင်မြတ်ထွန်းသည် မိမိလယ်တွင် မိမိကိုယ်တိုင် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ကျေးရွာထဲက ရွာသားများပိုင်သည့် လယ်များကိုလည်း အငှားထွန်းယက်စိုက်ပျိုးကာ လက်ရှိတွင် လယ်ဧက (၁၀)ခန့်ကို လယ်ထွန်စက်ကြီးဖြင့် ထွန်ယက်စိုက်ပျိုးပြီးပြီဟု သိရသည်။
စက်များမပေါ်သေးမီကဆိုလျှင် နွားများဖြင့်လည်း လက်နှစ်ဖက်မပါဘဲ လယ်ထွန်ဖူးခဲ့သည်ဟု ကိုအောင်မြတ်ထွန်းက ဆိုသည်။
“လယ်ထွန်တဲ့အခါ ကျနော်ကိုစက်နှိုးပေးခဲ့ရင်ရပြီး။ ဂီယာပိုင်းတွေ၊ ဘရိတ်တွေကိုလည်း နိုင်အောင်ထိန်းနိုင် တယ်။ ခြေထောက်နဲ့လက်ပေါင်းပြီးတော့ ထိန်းရတယ်။ စက်နှိုးပေးဖို့လူတစ်ယောက်ရှိရင် တစ်နေကုန် ကျနော် လယ်ထွန်နိုင်တယ်” ဟု တပြိုက်ပြိုက်ကျနေသည့် ချွေးများကိုသုတ်ကာ ကိုအောင်မြတ်ထွန်းက ဆိုသည်။
လယ်ထွန်ပြီး၍ ကောက်စိုက်သည့်အခါတွင်လည်း ကိုအောင်မြတ်ထွန်းသည် လက်နှစ်ဖက်အစား ခြေထောက်ကိုအသုံးပြုကာ ကောက်စိုက်ရသည်။
ခြေထောက်ဖြင့် ကောက်စိုက်ခြင်းသည် အားစိုက်ရ၍ မောပန်းလွန်းသောကြောင့် ဇနီးဖြစ်သူက ကူညီပြီး စိုက်ပျိုးပေးရသည့်အခါမျိုးလည်း ရှိသည်။
လယ်ယာလုပ်ငန်းသည် ကိုအောင်မြတ်ထွန်းတို့ မိသားစု၏အဓိကဝင်ငွေတစ်ခုရရှိနေသည့် စီပွားရေးလုပ်ငန်းဆိုလျင်လည်း မမှားနိုင်ပေ။ သို့သော်လည်း လယ်ယာလုပ်ငန်းသည် တစ်နှစ်မှာတစ်ကြိမ်သာ လုပ်ကိုင်လို့ရသောကြောင့် ကိုအောင်မြတ်ထွန်းသည် အဆိုပါစီးပွားရေး တစ်ခုတည်းဖြင့် မရောင့်ရဲနိုင်ဘဲ ရှိလေသည်။
ထို့ကြောင့် နေအိမ်အတွက်နောက်ထပ် ဝင်ငွေတစ်ခုရရှိအောင် ရွာထဲရှိလူများဆီက ငွေကြေးအမြောက်အများ ချေးငှားကာ ကြက်များကိုမွေးမြူရာကနေပြီး လက်ရှိမှာကြက်အကောင်ရေ (၅၀၀) ဝင်ဆံ့သည့် ကြက်ခြံတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။
အဆိုပါကြက်မွေးမြူရေးလုပ်ငန်းကိုလည်း ကိုအောင်မြတ်ထွန်းတို့ ဇနီးမောင်နှံနှစ်ဦးကပဲ ကိုယ်တိုင်မွေးမြူလုပ် ကိုင်ခြင်းဖြစ်ပြီး ကိုအောင်မြတ်ထွန်း မလုပ်ပေးနိုင်သည့်အပိုင်းများကို ဇနီးဖြစ်သူ မဌေးဌေးစိုးက ဘေးမှနေ၍ ကူညီလုပ်ကိုင်ပေးရသည်ဟု သိရသည်။
“ကြက်တွေမွေးမြူတဲ့အခါမှာတော့ အလေးထမ်းတာ တစ်ခုတည်းကိုပဲ ကျွန်မက ကူညီပေးရတယ်။ ကျန်တာတွေ ကိုအကုန်လုံးသူလုပ်တယ်။ လယ်လုပ်တဲ့အခါဆိုရင်လည်း ပျိုးကိုတော့ကူပြီး စိုက်ပေးရတယ်။ သူခြေထောက် နဲ့တာရှည်မစိုက်နိုင်တဲ့အတွက်ပေါ့” ဟု ဇနီးဖြစ်သူ မဌေးဌေးစိုးက ဆိုသည်။
ကိုအောင်မြတ်ထွန်းမှာ တစ်ခါတစ်ရံ ကြက်များအတွက်အစာသွားဝယ်ရသည့်အချိန်ဆိုလျှင် လက်နှစ်ဖက် မရှိသော်လည်း ချောင်းထဲတွင်ဟွန် ဒါစက်လှေကို မိမိကိုယ်တိုင်မောင်းနှင်းကာ တိမ်ညိုဈေးကို့ သွားရောက်ပြီး ဝယ်ယူလေ့ရှိသည်ဟု ဇနီးဖြစ်သူကပြောပြသည်။
ထိုသို့ ကိုအောင်မြတ်ထွန်း၏ မအိပ်မနေအလုပ်ကြိုးစားမှုကြောင့် ရရှိလာသည့်အကျိုးအမြတ်များကို စုဆောင်းကာ ကြက်ခြံတစ်ခုကနေပြီး သုံးခုအထိ တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကိုအောင်မြတ်ထွန်း နဖူးကချွေး ခြေဖဝါးကျအောင် ကြိုးစားတည်ဆောက်ခဲ့သည့် ကြက်ခြံများမှာ နေ့ချင်းဆိုသလိုပျက်စီး ပျောက်ကွယ်သွားခဲ့ရသည်။
“မိုခါ မုန်တိုင်းမှာကြက်ခြံတွေအကုန်လုံးပျက်စီးသွားတယ်။ အရင်ကရှိတဲ့ကြက်ခြံလည်း ပျက်စီးသွားတယ်။ အသစ်တည်ဆောက်ထားတဲ့ ကြက်ခြံနှစ်ခုလည်း ပျက်စီးသွားတယ်။ ကြက်တွေလည်း ရာနဲ့ချီပြီးတော့ သေဆုံး သွားတယ်” ဟု ကိုအောင်မြတ်ထွန်းက ပြောသည်။
အသစ်တည်ဆောက်ထားသည့် ကြက်ခြံနှစ်ခုတွင် ကြက်များမွေးမြူဖို့ ချေးယူထားသည့်ငွေအားလုံးသည်လည်း ပျက်စီးသွားသည့် ကြက်ခြံများကို ပြန်လည်ပြုပြင်လိုက်ရသောကြောင့် လက်ရှိအချိန်တွင် ကြက်များကိုမွေးမြူ ရန်အတွက် အခက်အခဲရှိနေသည်ဟု ကိုအောင်မြတ်ထွန်းကဆိုသည်။
“ကြက်ခြံသုံးခြံမှာတော့ တစ်ခြံကလုံးဝကိုပျက်စီးသွားပြီ။ ကျန်နှစ်ခြံမှာတော့ တစ်ခြံမှာပဲကြက်တွေရှိတယ်။ ကြက်ခြံတွေကို ပြန်လည်တည်ဆောက်လိုက်တဲ့အတွက် နောက်တစ်ခြံမှာတော့ ကြက်တွေကိုမွေးမြူဖို့ ပိုက် ဆံက မလိုက်နိုင်တော့ဘူး ဖြစ်သွားတယ်” ဟု ကိုအောင်မြတ်ထွန်းက ပြောသည်။
ကိုအောင်မြတ်ထွန်း၏ အစ်မဖြစ်သူ ဒေါ်အေးကျော့ယဉ်ကလည်း မောင်အငယ်ဆုံးအခုလိုမသန်စွမ်းဖြစ်သွား သည်ကိုစိတ်မကောင်းဖြစ်မိပြီး သူသည်သာမန်လူတွေထက်တောင် အလုပ်ကိုကြိုးစားလုပ်ကိုင်သူတစ်ဦး ဖြစ်သည်ဟု မှတ်ချက်ပေးသည်။
“မောင်လေးကတော့ မသန်စွမ်းဖြစ်ပေမဲ့ စိတ်ဓာတ်ကျတာမျိုးကို လုံးဝမတွေ့ရဘူး။ အလုပ်လုပ်ကိုင်ဖို့ပဲ စဉ်းစား နေတယ်။ လုပ်လည်းတော်တော်လေးကို ကြိုးစားပြီးလုပ်တယ်။ မိုးရာသီကျရင်လည်း ကိုယ့်လက်အင်္ဂါ မပြည့်စုံ ပေမယ့်လယ်ထွန်တယ်။ အဲတာတွေကိုမြင်ရရင် အစ်မအတွက်တော်တော်လေး ရင်နာရတယ်” ဟု ကိုအောင်မြတ်ထွန်း၏ အစ်မဖြစ်သူ ဒေါ်အေးကျော့ယဉ်က ပြောပြသည်။
ကိုအောင်မြတ်ထွန်းသည် ငယ်စဉ်အရွယ်က မိဘများ၏အခက်အခဲများကြောင့် ကျောင်းပညာကိုဆုံးခန်းတိုင် မသင်ကြားခဲ့ရသော်လည်း သူ့သား၊သမီးများကို သူလိုမဖြစ်စေချင်ဟုလည်း ဆိုသည်။ ဒါကြောင့် လက်ရှိသူအလုပ် လုပ်ကိုင်နေခြင်းမှာ သား၊သမီးများ၏ ရှေ့ရေးအတွက်ဖြစ်ပြီး အလုပ်အကိုင်ပြန်လည်အဆင်ပြေစေချင်သည်ဟု ဆိုသည်။
“ကြက်ခြံနောက်တစ်ခုမှာလည်း ကြက်တွေကိုမွေးမြူချင်တယ်။ မွေးမြူရေးနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုက အာမခံချက်နဲ့ အတိုးနှုန်းသက်သက်သာသာ နဲ့ ပိုက်ဆံထုတ်ပေးမယ်ဆိုရင် လိုချင်တယ်။ ပြန်ပြီးတော့လည်း ဆပ်နိုင်ပါတယ်။ အမြတ်အစွန်းကိုလည်းကျနော်က နားလည်ပါတယ်” ဟု နှစ်လက်ဖက်မရှိသော်လည်း မိမိအစွမ်းအစကိုယုံကြည့်ကာ ကိုအောင်မြတ်ထွန်းက သူဖြစ်ချင်သည့် ဆန္ဒကိုပြောပြနေလေသည်။