ရခိုင်က စစ်ဘေးရှောင်အမျိုးသမီးတွေမှာ လစဉ်သုံးပစ္စည်းလိုအပ်မှုနဲ့ ကျန်းမာရေးအခက်အခဲ

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ အရင်ကထက် ဈေးမြင့်တက်လာတာကြောင့် ဝယ်သုံးရတဲ့အခါမှာလည်း စစ်ဘေးရှောင်စခန်းကအမျိုးသမီးတွေအတွက် အခက်အခဲရှိနေကြပါတယ်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄
(သတင်းဆောင်းပါး)

ရခိုင်မှာ တိုက်ပွဲရပ်တန့်နေတာ ၁၀ လခန့်ရှိနေပြီဖြစ်ပေမဲ့ မိမိနေရပ်ကိုမပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ကိုးသောင်းငါးထောင်ကျော်အထိ ရှိနေပါသေးတယ်။ အဲဒီထဲမှာ အမျိုးသမီးဦးရေဟာ ငါးသောင်းတစ်ထောင်ကျော်အထိ ပါဝင်နေပါတယ်။

အဲဒီထဲမှာ အရွယ်မရောက်သေးနဲ့အမျိုးသမီးငယ်တွေ၊ အရွယ်ရောက်ပြီးသားအမျိုးသမီးငယ်တွေ၊ အသက် ၄၀ နှစ်အောက် လူလတ်ပိုင်းအမျိုးသမီးတွေ စုစုပေါင်းလေးသောင်းခန့်အထိပါဝင်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်အရုံး (REC)ရဲ့စာရင်းအရ သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးဦးရေများပြားတာကြောင့် လစဉ်သုံး(pad)ထုတ်တွေဟာ လစဉ်လတိုင်းလိုအပ်ချက်ရှိနေတယ်လို့ ဆိုကြပါတယ်။

လက်ရှိထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကလည်း pad ထုတ်တွေကို ထောက်ပံ့မှုအားနည်းနေတယ်လို့ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေကပြောကြပါတယ်။
ပလက်ဝမြို့နယ်၊ ကြက်ဥဝကျေးရွာကနေ မြောက်ဦးမြို့နယ်၊ အုန်းရည်ဖော်စစ်ဘေးရှောင်စခန်းမှာ လာရောက်ခိုလှုံနေတဲ့ အသက် ၁၇ နှစ်အရွယ် မဝေဝေလှိုင်ကတော့ ထောက်ပံ့ပေးတဲ့ pad အထုတ်တွေမရတာကြောင့် အပြင်ကဝယ်သုံးနေရတယ်လို့ပြောပါတယ်။

“အဲဒါတွေ(pad)က မရတာကြာပါပြီ၊ လက်ရှိမှာတော့ ချွေတာပြီးတော့သုံးနေရတယ်။ ဈေးကလည်း အငယ်တစ်ထုတ်ကို ၂၀၀ ပေးရတယ်ဆိုတော့ လုံလောက်အောင်မဝယ်နိုင်ဘူး၊ သုံးရတာက အခက်အခဲဖြစ်ပါတယ်”

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ အရင်ကထက် ဈေးမြင့်တက်လာတာကြောင့် ဝယ်သုံးရတဲ့အခါမှာလည်း စစ်ဘေးရှောင်စခန်းကအမျိုးသမီးတွေအတွက် အခက်အခဲရှိနေကြပါတယ်။

အမျိုးသမီးလစဉ်သုံး Pad ထုတ် အထုတ်ကြီးတစ်ခုမှာ အထုတ်ငယ် ၁၀ ထုတ်ခန့်ပါဝင်ပြီးတော့ အထုတ်ငယ်တစ်ထုတ်ကို ငွေကျပ် ၂၀၀ အထိ ဈေးနှုန်းရှိနေပါတယ်။

စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေဟာ အထုတ်ကြီးဝယ်ယူဖို့ ငွေကြေးအခက်အခဲရှိတာကြောင့် အထုတ်ငယ်တစ်ထုတ်ချင်းစီပဲ ဝယ်ယူသုံးစွဲနေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေကို အဖွဲ့အစည်းတွေက အကူအညီပေးတဲ့အခါမှာ အမျိုးသမီးတွေရဲ့လစဉ်သုံးပစ္စည်းလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပြီး ကူညီပေးဖို့အတွက် တိုက်တွန်းတာတွေ လုပ်သွားမယ်လို့ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။

တဖက်မှာလည်း စစ်ဘေးရှောင်စခန်းကအမျိုးသမီးတွေဟာ pad ထုတ်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင်မသုံးစွဲနိုင်တဲ့အတွက် စိုးရိမ်မှုရှိတယ်လို့ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောပါတယ်။

“အခုလိုအမျိုးသမီးတွေ လစဉ်သုံးပစ္စည်းတွေအခက်အခဲရှိနေတဲ့အပေါ်မှာ အမျိုးသမီးတွေအတွက် ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်ချက်တွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအခြေအနေက ကူညီပံ့ပိုးတာတွေကလည်း တဖြည်းဖြည်းလျော့နည်းလာတဲ့ အခြေအနေဖြစ်နေတော့ သူတို့အတွက်အခက်အခဲတွေ ပိုဖြစ်လာတာကို ကျွန်မတို့စိုးရိမ်ချက်တွေရှိပါတယ်’’

အရင်က WFP ၊ ICRC တို့လိုအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အချို့ကထောက်ပံ့တဲ့အခါ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါပေမယ့် လက်ရှိ ထောက်ပံ့မှုမရောက်နိုင်တဲ့အခြေအနေတွေကြောင့် ပြတ်တောက်တာတွေကိုကြုံရတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“လက်ရှိမှာ အဖွဲ့အစည်းတွေက ဘတ်ဂျက်အရသော်လည်းကောင်း မသွားဖြစ်တော့ အဲဒီပစ္စည်းတွေက ပြတ်တောက်သွားတယ်။ ပုံမှန်မရောက်ဘူးဖြစ်သွားတာပေါ့၊ အဲဒါကို တခြားအလှူရှင်အဖွဲ့တွေက ပံ့ပိုးဖို့ကြိုးစားနေကြတာတွေ့ရပါတယ်။ လိုအပ်ချက်တိုင်းတော့ မရောက်ဘူးပေါ့၊ အနည်းအကျဉ်းတော့ပေးနေကြပါတယ်”

လက်ရှိမှာတော့ ရခိုင်က စစ်ဘေးရှောင်စခန်းအများအပြားမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ မလုံမလောက်ဖြစ်နေကြတယ်လို့ သိရပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်း မဝယ်နိုင်တဲ့လတွေမှာဆိုရင် အိမ်မှာထိုင်နေရတယ်လို့ မဝေဝေလှိုင်ကပြောပါတယ်။

“ဝယ်မသုံးနိုင်တဲ့လတွေဆိုရင် အိမ်မှာပဲထိုင်နေရတာပေ့ါ၊ ဘယ်မှမသွားတော့ဘူးလေ၊ ဗိုက်ကအောင့်တာမျိုးလည်းဖြစ်တော့ ဆေးတောင်ဝယ်မသောက်နိုင်ပါဘူး”
အမျိုးသမီးတွေဓမ္မတာလာချိန်မှာ သန့်သန့်ရှင်းရှင်းဖြစ်နေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ ဒါဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ဆီးလမ်းကြောင်းပိုးမဝင်အောင်နဲ့ မိန်းမကိုယ် မှိုစွဲတာမဖြစ်အောင်လည်း ကာကွယ်ရာရောက်တယ်လို့ ကျန်းမာရေးအသိပညာပေးထားတာတွေ တွေ့ရပါတယ်။

အထူးသဖြင့် ရာသီလာချိန်မှာအသုံးပြုတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို မကြာခဏလဲပေးသင့်ပါတယ်။ တစ်ခုသုံးထားပြီး တစ်နေကုန်နေတာမျိုးကို ရှောင်သင့်တယ်လို့ အမျိုးသမီးကျန်းမာရေးဗဟုသုတတွေက ဖော်ပြပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ လေးနာရီကြာတိုင်းမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်ကြိမ်လဲလှယ်သင့်တယ်လို့ အကြံပေးထားပါတယ်။ ဒါက ပညာရှင်တွေရဲ့အကြံပေးချက်ပါ။
သို့ပေမဲ့ စစ်ဘေးရှောင်စခန်းကအမျိုးသမီးတွေကတော့ pad တစ်ထုတ်ကို ပုံမှန်အားဖြင့် တစ်ရက်လုံးအသုံးပြုနေကြရတာပါ။

တိန်ညိုစစ်ဘေးရှောင်စခန်းမှာ ခိုလုံနေတဲ့ ပေါက်ပြင်ကွင်းကျေးရွာက မစောမိုးသိန်းကတော့ “အခုက အထောက်အပံ့လည်းမရတော့ဘူး၊ အထောက်အပံ့မရတာ နှစ်လလောက်ရှိပါပြီ။ အိမ်မှာလည်း လူများတော့ ချွေတာသုံးရတာပေါ့။ တစ်ရက်တစ်ထုတ်လောက်တော့ သုံးနိုင်ပါတယ်” လို့ ဆိုပါတယ်။

Pad အထုတ်တွေကိုသုံးတဲ့အခါမှာ အချိန်အကြာကြီးမလဲလှယ်ဘဲ ထားတာမျိုးတော့ မလုပ်သင့်ပါဘူး၊ ရာသီသွေးဆင်းတာနည်းတယ်ဆိုပေမယ့် အချိန်ကြာကြာ မလဲလှယ်ဘဲထားတဲ့အခါ ပိုးမွှားတွေပေါက်ပွားနိုင်ပါတယ်။
ရာသီသွေးမများဘူးဆိုပေမယ့် လစဉ်သုံးပစ္စည်းမှာ စိုစွတ်ပြီး ပူနွေးနေတဲ့အခါ ပိုးမွှားတွေပေါက်ပွားမှုကို အားပေးတဲ့အခြေအနေဖြစ်ပါတယ်။ ဒါဟာမိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲ ရောဂါပိုးတွေဝင်ရောက်နိုင်ပြီး အရေပြားယားယံမှုတွေကိုလည်း ဖြစ်စေပါတယ်။

အရွယ်ရောက်ပြီးသား သမီးသုံးယောက်ရှိတဲ့ ဒေါ်သာနုဖြူကတော့ လစဉ်ငွေကြေးလိုအပ်ချက်အရ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ကျန်းမာရေးနဲ့အညီသုံးစွဲဖို့ ခက်ခဲ့တယ်လို့ပြောပါတယ်။

“တစ်ရက်တစ်ထုတ်သုံးနိုင်တာက ကံကောင်းပေါ့၊ စစ်ဘေးရှောင်နေရတော့ ငွေကအတော်ရှားတယ်။ အကုန်လုံးက အဲဒီလိုအရွယ်ဆိုတော့ လတိုင်းလိုအပ်တယ်။ ငွေကလည်းရှားသေး၊ အသုံးအဆောင်ကတော့ အတွင်းခံကအစ လိုအပ်တာပါပဲ”လို့ ဆိုပါတယ်။

အမျိုးသမီးတချို့ကတော့ ဓမ္မတာစလာတဲ့ရက်တွေမှာ သွေးဆင်းချိန်နည်းပြီး နောက်ရက်တွေမှ သွေးဆင်းများတတ်ပါတယ်။ တချို့ကျပြန်တော့လည်း ရာသီလာတဲ့ရက်မှာ သွေးဆင်းများပြီး နောက်ရက်တွေမှာ သွေးဆင်းနည်းသွားတတ်ပါတယ်။

သတိထားဖို့လိုတာကတော့ သွေးဆင်းတာနည်းတဲ့ရက်တွေမှာ လစဉ်သုံးပစ္စည်းကို လဲစရာမလိုဘူးဆိုပြီး ဒီတိုင်းဝတ်ထားတာမျိုး မလုပ်ဘဲ၊ သူ့အချိန်နဲ့သူ လဲလှယ်ပေးဖို့ကို ဆရာဝန်တွေက ညွန်ကြားထားပါတယ်။

ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း လိုက်လံဆောင်ရွက်ဖို့ကို ရခိုင်ကစစ်ဘေးရှောင်အမျိုးသမီးအတွက် များစွာအခက်အခဲရှိနေတာလည်း ဖြစ်ပါတယ်။
ခင်သရဖီဦးရေးသားသည်။

ဗီဒီယိုများ