ခြင်ထောင်ထဲက ထမင်းဝိုင်း

ခြင်ထောင်ဆိုတာ ပုံမှန်အားဖြင့် လူတွေအိပ်စက်တဲ့အခါ ပိုးမွားမကျအောင် ကာကွယ်ပေးတဲ့ အသုံးဆောင်တစ်ခုဖြစ်ပေမယ့် စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုအတွက်တော့ ခြင်ထောင်ရဲ့ဖြစ်တည်မှုဟာ သူရဲ့ဖွင့်ဆိုမှုထက် ပိုနေပါတယ်။

30 Aug 2020

By မင်းထွန်း | DMG

ခြင်ထောင်ဆိုတာ ပုံမှန်အားဖြင့် လူတွေအိပ်စက်တဲ့အခါ ပိုးမွားမကျအောင် ကာကွယ်ပေးတဲ့ အသုံးဆောင်တစ်ခုဖြစ်ပေမယ့် စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုအတွက်တော့ ခြင်ထောင်ရဲ့ဖြစ်တည်မှုဟာ သူရဲ့ဖွင့်ဆိုမှုထက် ပိုနေပါတယ်။

အဲဒီစခန်းထဲမှာ စစ်ဘေးရှောင်တွေဟာ မွန်းတည်ချိန်မှာလည်းပဲ ခြင်ထောင်တွေ အသီးသီးထောင်ထားကြပြီး၊ ခြင်ထောင်တစ်ခုချင်းစီမှာ စစ်ဘေးဒုက္ခသည် လေးငါးဦးကို အသီးသီးမြင်တွေ့ကြရမှာပါ။ သူတို့တွေဟာ အိပ်စက်နေကြတာ မဟုတ်ပါဘူး။

ခြင်ထောင်ထဲမှာ တည်ခင်းစရာ ငါး၊ဟင်းမပါဘဲ ဖြစ်သလို ထမင်းစားနေရတဲ့ စစ်ဘေးရှောင်တွေရဲ့ ထမင်းစားတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုသာ ခြင်ထောင်မထောင်ဘဲ ထမင်းစားမယ်ဆိုရင် ယင်ကောင်တွေဝင်လာပြီး သူတို့တွေ နေ့လယ်စာစားသောက်လို့ ရကြတော့မှာ မဟုတ်ပါဘူး။

ခြင်ထောင်တွေ ထောင်ပြီး ခြင်ထောင်ထဲမှာ ထမင်းစားနေကြရတဲ့ ဒီစစ်ဘေးရှောင်စခန်းဟာ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ ရုံးထိုင်ကြတဲ့ စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ ကားနဲ့သွားရင် ဆယ်မိနစ်ကြာတဲ့ ခရီးအကွာဝေးမှာ တည်ရှိတဲ့ မဟာဇေယျသိဒ္ဓိပဋ္ဌာန်းဘုန်းတော်ကြီးကျောင်းမှာ ဖြစ်ပါတယ်။

ခြင်ထောင်ချပြီး စားသောက်နေကြရတဲ့ အထဲမှာ သားသမီးသုံးယောက်ဖခင် အသက် (၃၈) နှစ်အရွယ် စစ်ဘေးရှောင် ဦးကျော်ဝင်းလှိုင် တို့ မိသားစုလည်း ပါဝင်နေပါတယ်။

စစ်ဘေးရှောင်ဦးကျော်ဝင်းလှိုင်ဟာ ဇနီးဖြစ်သူအပါအဝင် အသက် ၃ အောက်အရွယ် သားသမီးသုံးယောက်နဲ့အတူ ခြင်ထောင်ထဲမှာ ထမင်းစားကြရတာဟာ ယင်ကောင်တွေ ကျရောက်တာတွေကို ကာကွယ်ဖို့နဲ့ သူတို့မိသားစုရဲ့ ကျန်းမာရေးအတွက်လို့ သူကရှင်းပြပါတယ်။

“အမှိုက်ပုံကနေ ယင်ကောင်တွေပေါက်တယ်။ အမှိုက်ပုံနဲ့နီးတယ်ဆိုတော့ ယင်ကောင်တွေက အချိန်မရွေး ရောက်လာတယ်။ ထမင်းစားရင်လည်း ယင်ကောင်တွေက တအားကျတယ်။ ဒါကြောင့် ထမင်းစားရင် ခြင်ထောင်တွေချပြီး စားကြရတယ်။”

ဘုန်းတော်ကြီးကျောင်းမှာ ဦးကျော်ဝင်းလှိုင် တို့မိသားစု(၅) ဦးအပါအဝင် ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေက စစ်ဘေးဒုက္ခသည် ၅၀ ကျော် လာရောက်ခိုလှုံနေကြတာပါ။

သူတို့မိသားစုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာကနေ စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိပဋ္ဌာန်းဘုန်းတော်ကြီးကို စစ်ဘေးရှောင်အဖြစ်နဲ့ ခိုလှုံလာကြတာ ဖြစ်ပါတယ်။
စစ်တွေမြို့ကို စစ်ဘေးရှောင်ဖို့ရောက်ရှိလာတာဟာ ခုနှစ်လနီးပါးရှိခဲ့ပြီး ရောက်ပြီးခြောက်လခန့်အကြာမှာပဲ သူရဲ့အကြီးဆုံး သမီးလေး အသက် ၃ နှစ် ကျော်အရွယ် မမိုးမြင့်စံမှာ ဝမ်းပျက်ဝမ်းလျှောတာတွေ၊ ဝမ်းရောင်တာတွေ ဖြစ်လာခဲ့ပါတယ်။

အခုလို နေမကောင်းဖြစ်တာဟာ သူတို့နေထိုင်တဲ့ ဘုန်းကြီးကျောင်းအနီးအနားက အနံ့အသက်ဆိုးတွေနဲ့ အမှိုက်ပုံကနေလာတဲ့ ယင်ကောင်တွေကြောင့် ဖြစ်တယ်လို့ ဦးကျော်ဝင်းလှိုင်က ယူဆပါတယ်။
လက်ရှိမှာ ဦးကျော်ဝင်းလှိုင်ရဲ့သမီးကြီး မမိုးမြင့်စံမှာ ကျန်းမာရေးကောင်းမွန်လာပေမယ့် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တစ်ပတ်တစ်ကြိမ် ဆေးခန်းပြနေရပါတယ်။

သူ့ကလေးအပါအဝင် အဲဒီဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို လူကြီးအစ၊ ကလေးအဆုံးဆိုသလို ကျန်းမာရေးချို့တဲ့မှုတွေကို မကြာခဏ ရင်ဆိုင်ခံစားနေကြရပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တွေ နေမကောင်းဖြစ်ရင် ဆေးခန်းတွေပြနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုတွေ လိုအပ်နေဆဲလို့ သူတို့ရဲ့အခက်အခဲကို ပြောပြပါတယ်။

“ကျနော်တို့က ဒုက္ခသည်တွေဆိုတော့ ပိုက်ဆံမရှိတာက အမှန်ဖြစ်ပါတယ်။ အလုပ်လည်း မရှိဘူးဆိုတော့ ပိုက်ဆံလည်းမရှိဘူး။ ငွေကြေးက အကျပ်အတည်းဖြစ်တယ်။ တကယ်လို့ ဆေးခန်းတွေ အပြင်မှာ သွားပြမယ်ဆိုရင်လည်း စရိတ်တွေလိုတယ်။ အကူညီအနေနဲ့ လုံလုံလောက်လောက် မဟုတ်ပေမယ့် တတ်နိုင်သလောက် ထောက်ပံ့ပေးစေချင်တယ်”

ထမင်းဝိုင်းကို ရောက်လာတဲ့ လူသေမီးသဂြိုလ်တဲ့ အနံ့

ပြည်နယ်အစိုးရရုံးစိုက်ရာမြို့မှာ တည်ရှိတဲ့ ဦးကျော်ဝင်းလှိုင်တို့ စစ်ဘေးရှောင်စခန်းအနေနဲ့ ရင်ဆိုင်နေရာတာ ယင်ကောင်တစ်ခုတည်း မဟုတ်ပါဘူး။ သူတို့ ဘယ်လိုမှ မတိုက်ထုတ်နိုင်တဲ့ အနံ့ဆိုးပြသနာတွေလည်း ရှိပါသေးတယ်။

စခန်းအနီးမှာရှိတဲ့ စွန့်ပစ်အမှိုက်တွေ ထားရှိရာနေရာကနေ ထွက်လာတဲ့ အနံ့ဆိုးပါ။

စစ်တွေမြို့ကနေ ထွက်ရှိတဲ့ စွန့်ပစ်အမှိုက်တွေထားရှိတဲ့နေရာနဲ့ နီးကပ်စွာ ရှိနေတာကြောင်း သူအနေနဲ့ အဲဒီအနံ့အသက်တွေကို ကြုံတွေ့နေရသလို စစ်တွေမြို့ရဲ့ သုဿန်ဖြစ်တဲ့ အာဂျစ်တော်ကုန်းအနီးမှာလည်း ရှိနေတာကြောင်း အလောင်းတွေကို မီးသဂြိုလ်တဲ့အချိန်မှာ ထွက်လာတဲ့ အနံ့အသက်ဆိုးတွေကလည်း ဦးကျော်ဝင်းလှိုင်တို့ မိသားစုအတွက် အဆင်မပြေမှုတွေကို ဖြစ်ပေါ်စေပါတယ်။

စစ်ဘေးရှောင်စခန်းကို ဦးစီးနေတဲ့ အရှင်ကောဝိဓက အနံ့အသက်ဆိုးနဲ့ ယင်ကောင်တွေ ကျရောက်မှုဒဏ်ကို မခံနိုင်တဲ့အတွက် တခြားတစ်နေရာကို ပြောင်းရွှေ့သွားသူတွေ ရှိနေသလို အဲဒီအခက်အခဲတွေကို အောင့်အီးသည်းခံပြီး ဘုန်းတော်ကြီးကျောင်းမှာ ဆက်လက်နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေဆဲလို့ စိတ်မသက်သာစွာ မိန့်ပါတယ်။

“အမှိုက်ပုံက အနံ့တွေနံတယ်။ ခြင်တွေ၊ ယင်တွေကျတယ်။ ဒါတွေကို တချို့က မခံနိုင်တဲ့တွက် ကျောင်း(နေရာ) ပြောင်းသွားကြတယ်”
အောင့်အီးသည်းခံပြီး နေထိုင်သူတွေအထဲမှာ ငွေကြေးအခက်အခဲရှိသူတွေနဲ့ ပြောင်းရွှေ့သွားရင် နေထိုင်ရေး အဆင်မပြေမှာစိုးလို့ စိုးရိမ်နေကြတဲ့သူတွေသာ စခန်းမှာ ဆက်ပြီး နေထိုင်ကြတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

စစ်ဘေးရှောင် ဦးကျော်ဝင်းလှိုင်တို့ မိသားစုကတော့ သူများတွေလို မပြောင်းရွေ့နိုင်ပါဘူး။ သူတို့မိသားစုမှာ အသက် ၃ နှစ်ကျော်အရွယ် သမီးတစ်ဦး၊ ၂ နှစ်ကျော်အရွယ် သမီးတစ်ဦးနှင့် ၈ လအရွယ် သားတစ်ဦးရှိတဲ့အတွက် ဦးကျော်ဝင်းလှိုင်ဟာ ဇနီးသည်နဲ့အတူ အောင့်အီးသည်းခံပြီး နေထိုင်နေတာဖြစ်တယ်လို့ သူ့အခက်အခဲကို ဖွင့်ဟပါတယ်။

“ဒီမှာ ကြိတ်ခံပြီးနေတာက ကျနော်မှာ ကလေးသုံးယောက်နဲ့ဖြစ်နေတယ်။ သူများတွေ ပြောင်းတဲ့အချိန် လိုက်ပြောင်းမယ်ဆိုရင် ရိက္ခာတွေ၊ အဝတ်အစားတွေ၊ ကလေးတွေနဲ့ဆိုတော့ အခက်အခဲအများကြီးရှိပါတယ်”

ဦးကျော်ဝင်းလှိုင်နဲ့ အတူနေထိုင်ကြတဲ့ စခန်းက စစ်ဘေးဒုက္ခသည်တွေဟာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှု၊ နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ ရွာလုံးကျွတ် နေအိမ်များ မီးလောင်ပျက်စီးမှုစတဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

စစ်ပွဲတွေရပ်ရင် အိမ်ပြန်နိုင်ပြီ

ဒီလို တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးသင့်ဒုက္ခသည်ဦးရေ ၂ သိန်းခန့်အထိရှိလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တေ်ာ(AA) တို့ တိုက်ပွဲတွေဟာ လျော့ကျသွားတာမရှိဘဲ အရှိန်အဟုန်ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ များပြားလာနေတာ ဖြစ်ပါတယ်။

အခုလိုများပြားလာတဲ့ စစ်ဘေးဒုက္ခသည်တွေမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လိုအပ်ချက်များစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လိုအပ်ချက်များစွာရှိတဲ့အထဲမှာ စစ်တွေမြို့ မဟာဇေယျသိဒ္ဓိ ပဋ္ဌာန်းဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေသူတွေအတွက်တော့ စားဝတ်နေရေးမှာ သင့်တင့်လျောက်ပတ်စွာ အဆင်ပြေနေကြပါတယ်။

သူတို့စစ်ဘေးရှောင်စခန်းမှာ အရင်က သက်ဆိုင်ရာကျန်းမာရေးဌာနတွေက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့ပမေယ့် လက်ရှိမှာတော့ ကျန်းမာရေးဌာနကနေ အခုသြဂုတ်လမှစပြီး တစ်ပတ်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုတွေ လာပေးမယ်လို့ ပြောဆိုထားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိနေပေမယ့်လည်း အဲဒီဘုန်းတော်ကြီးကျောင်းအနီးမှာ စွန့်ပစ်အမှိုက်တွေ ဆက်ရှိနေမှာဖြစ်တဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့ ယင်ကောင်တွေကတော့ စစ်ဘေးရှောင်တွေကို ဒုက္ခပေးနေဆဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တွေဟာ ထမင်းစားတဲ့အချိန်မှာ ခြင်ထောင်ထဲဝင်ပြီး ခူူးခပ်စားသောက်နေရဦးမှာပါ။

ဘုန်းတော်ကြီးကျောင်းဟာ စစ်ဘေးရှောင်တွေအတွက် ခေတ္တခိုလှုံရာနေရာဖြစ်ပြီး သူတို့ရဲ့ ထာဝရနေရမယ့် နေရာတစ်ခုလည်း မဟုတ်ပေ။ ဒါပေမယ့် မငြိမ်းချမ်းသေးတဲ့ စစ်ပွဲမီးတွေကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးမှာလည်း သူတို့တွေအတွက် ခန့်မှန်းလို့မရနိုင်တဲ့ အနာဂတ်တစ်ခုဖြစ်နေပါတယ်။

ဒီလိုမျိုးအခက်ခဲတွေကနေ ရုန်းထွက်လိုတဲ့ စစ်ဘေးရှောင် ဦးကျော်ဝင်းလှိုင်ကတော့ စစ်ပွဲတွေကို ရပ်တန့်စေချင်တဲ့ ဆန္ဒရှိကြောင်း သူရဲ့ မျှော်လင့်ချက်ကို ဆိုပါတယ်။

“ စစ်ပွဲတွေကို ရပ်စဲချင်တဲ့ ဆန္ဒတော့ရှိပါတယ်။ ဒါပေမယ့် တောင်းဆိုလို့ ရနိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုက အင်အားကြီးမားနေတဲ့ အတိုင်းအတာဖြစ်နေတယ်ဆိုတော့ ကျနော်တစ်ဦးတစ်ယောက်နဲ့လည်း ပြီးနိုင်မယ်မထင်ဘူး”

ဗီဒီယိုများ