“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်တောင် မထင်ထားဘူး”

စစ်ကောင်စီတပ်သားများသည် အဖမ်းခံရသည့် မွတ်ဆလင်များ၏ အဝတ်များကို ဆုတ်ဖြဲပြီး လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်၍ မှောက်ခိုင်ထားသည်။ ခန္ဓာကိုယ်အနှံ့ကို တုတ်၊ သေနတ်ဘောင်များဖြင့် ရိုက်နှက်သည့် အပြင် ဦးခေါင်းကိုလည်း ခြေထောက်ဖြင့် ကန်သည်ဟု ကာယကံရှင် မွတ်ဆလင်များက ဖွင့်ဟကြသည်။ 

By Admin 14 Aug 2024

ခမရ-၃၅၃ တပ်ရင်းကို AA သိမ်းပိုက်ပြီးနောက် ကယ်ထုတ်နိုင်ခဲ့သော ခရုချောင်းကျေးရွာမှ မွတ်ဆလင်များ။ 
ခမရ-၃၅၃ တပ်ရင်းကို AA သိမ်းပိုက်ပြီးနောက် ကယ်ထုတ်နိုင်ခဲ့သော ခရုချောင်းကျေးရွာမှ မွတ်ဆလင်များ။ 

“တဂျိန်းဂျိန်း...”  ပစ်ခတ်နေသည့် သေနတ်သံ၊ အမြောက်သံများကို အဆက်မပြတ် ကြားနေရသည်။ ပစ်ခတ် သံများမှာ နီးသထက် နီးကပ်လာ၍ အသက် ၃၅ နှစ် အရွယ် ကိုဆော်လိမ်မိုလာ တစ်ယောက် တုန်လှုပ် ချောက်ချားလာသည်။ 

သေနတ်သံ၊ အမြောက်သံများနှင့် ဝေးရာသို့ ထွက်ပြေးရန်လည်း အခွင့်မသာပေ။ သူ၏ လက်နှစ်ဖက်မှာ နောက်ပြန် ကြိုးတုပ်ခံထားရသည်။  

ဘေးပတ်ပတ်လည် အုတ်နံရံများနှင့်  သွပ်မိုး မိုးထားသည့် နေရာတစ်ခုတွင်  ပိတ်လှောင်ခံထားရ၍ ကိုယ်လွတ် ရုန်းထွက်ပြေး၍မရဘဲ  ပိတ်မိနေခြင်းဖြစ်သည်။ 

၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်တွင် စစ်ကောင်စီ၏ ဘူသီးတောင်အခြေစိုက် ခမရ-၃၅၃ တပ်ရင်းနှင့် အာရက္ခတပ်တော် (AA)တို့ကြား တိုက်ပွဲပြင်းထန်နေချိန် ခမရ-၃၅၃ တပ်ရင်းမှာ အဖမ်းခံထားရရင်းကြုံခဲ့ရသည့် တိုက်ပွဲအခြေ အနေကို  ကိုဆော်လိမ်မိုလာ ပြန်ပြောပြနေခြင်းဖြစ်သည်။ 

တိုက်ပွဲအမြောက်သံများကြားတွင် ကိုဆော်လိမ်မိုလာ တစ်ဦးတည်း ပိတ်မိနေခြင်း  မဟုတ်ပေ။ ၎င်းအပါအဝင် လူကြီး/ကလေးမကျန် အစုံလိုက်အပြုံလိုက် ပိတ်လှောင်ခံထားရသူ ဦးရေ ၃၀ ကျော်ရှိသည်။ 

သူတို့အားလုံးမှာ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မွတ်ဆလင်) ကျေးရွာမှ ဒေသခံများဖြစ်သည်။ 

ရခိုင်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တတိယံပိ တကျော့ပြန် တိုက်ပွဲ ပြန်စလာသည့်အခါ ကိုဆော်လိမ်မိုလာ ဘူးသီးတောင် မြို့နယ်လည်း စစ်မြေပြင်ဖြစ်လာခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲအရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာချိန်တွင် စစ်ကောင်စီသည် ၎င်းတို့ တပ်စခန်းများအနီးက ကျေးရွာများဆီ မြှားဦးလှည့်ပြီး မွတ်ဆလင်များကို စစ်မှုထမ်းရန် ခေါ်လာသည်။ 

စစ်ကောင်စီတပ်သားများ၏ ချော့တလှည့်၊ ကြမ်းတလှည့် ဖြင့် စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းကို ကြုံတွေ့ခဲ့ရသည့် မွတ်ဆလင်များထဲတွင် ခရုချောင်းကျေးရွာသားများလည်း အပါအဝင်။ 

အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ ခန့်ရှိသည့် ခရုချောင်း(မွတ်ဆလင်)ကျေးရွာသည် စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ - ၃၅၃) နှင့် သုံးဖာလုံခန့်သာ ကွာဝေးသည်။ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်နေသည့်  ကျေးရွာလည်းဖြစ်သည်။  

ခမရ - ၃၅၃ တပ်ရင်းမှ စစ်ကောင်စီတပ်သားသည် ခရုချောင်းကျေးရွာသို့ ဝင်ရောက်လာပြီး မွတ်ဆလင်များကို စစ်မှုထမ်းအောင် မက်လုံးပေးစည်းရုံးခြင်းကို ကနဦးလုပ်ဆောင်ခဲ့ကြောင်း ကိုဆော်လိမ်မိုလာက ပြောသည်။ 

“နိုင်ငံသားကဒ် ထုတ်ပေးမယ်။ သွားချင်တဲ့ နေရာကို သွားလို့ ရမယ်လို့ စည်းရုံးခဲ့တယ်” ဟု သူက ပြောပြသည်။ 

ယင်းသို့ မက်လုံးပေးစည်းရုံးခြင်းများကို ခရုချောင်းကျေးရွာသားများက လက်မခံခဲ့ကြပေ။ ယင်းနောက်တွင် စစ်ကောင်စီ တပ်သားများသည် ခရုချောင်းကျေးရွာသားများကို စစ်မှုထမ်းရန် အကြမ်းနည်းဖြင့် အသုံးပြုလာသည်။ 

“စစ်ကောင်စီက ရွာထဲကိုလာပြီးတော့ ပြည်သူ့စစ်သားတွေ ပေးရမယ်။ မပေးရင် သတ်ပစ်မယ်၊ သွားလာခွင့်တွေ ပိတ်မယ်။ အိမ်တွေရော၊ ရွာရော အကုန် မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်” ဟု ခြိမ်းခြောက်ခံခဲ့ရပုံကို ကိုဆော်လိမ်မိုလာက ပြောပြသည်။ 

ထို့ကြောင့်  စစ်မှုမထမ်းလိုသည့် ကိုဆော်လိမ်မိုလာ အပါအဝင် ခရုချောင်း ကျေးရွာမှ လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားများမှာ ထွက်ပြေးတိမ်း‌ရှောင်ကာ တောတောင်များ၌ ၄ ရက်ကြာ ပုန်းခိုနေထိုင်ခဲ့ရသည်။ 

ကျေးရွာထဲတွင် သက်ကြီးပိုင်းအမျိုသားများနှင့် အမျိုးသမီးများသာ ကျန်သည်။ ယင်းအချိန်တွင် စစ်ကောင်စီ တပ်သားများသည် ခရုချောင်းရွာသို့ ထပ်မံရောက်ရှိလာပြန်သည်။ နေအိမ်များကို ဝင်ရောက်ကာ စစ်မှုထမ်းမည့် မွတ်ဆလင်များကို ခေါ်ပေးရန် အမိန့်ပေးသည်။ 

စစ်မှုထမ်းမည့် မွတ်ဆလင်များ မရသည့်အချိန်တွင် စစ်ကောင်စီတပ်သားများသည် ကျန်ရစ်ခဲ့သည့် သက်ကြီးပိုင်း မွတ်ဆလင်များကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ခရုချောင်းကျေးရွာသားများက ပြောသည်။

ယင်းနောက် တိမ်းရှောင်နေသည့် ကိုဆော်လိမ်မိုလာ အပါအဝင် ခရုချောင်းရွာက လူငယ်/လူလတ်ပိုင်းတို့မှာလည်း ကျေးရွာသို့ ပြန်လည်ဝင်ရောက်နေထိုင်လာသည်။ 

သို့သော် ကိုဆော်လိမ်မိုလာမှာ စစ်ကောင်စီ တပ်သားများနှင့် ထိပ်တိုက် မတိုးအောင် အချိန်ကြာကြီး မရှောင်ရှား နိုင်ခဲ့ပေ။ 

သေနတ်ကိုယ်စီ ကိုင်ထားသည့် စစ်ကောင်စီတပ်သားများအပါအဝင် စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် လက်နက်ကိုင် မွတ်ဆလင် အချို့  ညနေ ၄ နာရီခန့်တွင် ခရုချောင်းရွာသို့ ဗြုန်းစားကြီး ဝင်ရောက်လာသည်။

ကျေးရွာ ဗလီအနားတွင် ရှိနေသည့် ကိုဆော်လိမ်မိုလာအပါအဝင် ခရုချောင်းကျေးရွာမှ အမျိုးသား/သမီး/၁၈ နှစ်အောက်ကလေးငယ်အပါ စုစုပေါင်း မွတ်ဆလင် (၃၅) ဦးကို အစုလိုက်အပြုံလိုက် ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၃၅၃) သို့ စစ်ကောင်စီတပ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားသည်။ 

တပ်ရင်းထဲတွင် စစ်ကောင်စီတပ်သားများသည် အဖမ်းခံရသည့် မွတ်ဆလင်များ၏ အဝတ်များကို ဆုတ်ဖြဲပြီး လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်၍ မှောက်ခိုင်ထားသည်။ ခန္ဓာကိုယ်အနှံ့ကို တုတ်၊ သေနတ်ဘောင်များဖြင့် ရိုက်နှက်သည့် အပြင် ဦးခေါင်းကိုလည်း ခြေထောက်ဖြင့် ကန်သည်ဟု ကာယကံရှင် မွတ်ဆလင်များက ဖွင့်ဟကြသည်။ 

စစ်ကောင်စီတပ်သားများသည်  ဖမ်းဆီးနှိပ်စက်မှုအပြင် ၎င်းတို့ကို အစာရေစာမစားရဘဲ သုံးရက်ကြာထိ  တပ်ရင်းထဲတွင် ပိတ်လှောင်ထားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံကို ကိုဆော်လိမ်မိုလာက ရှင်းပြသည်။ 

“ထမင်းလည်း မကျွေးဘူး၊ ရေလည်းမတိုက်ဘူး။ ခေါင်းကို ခြေထောက်နဲ့ကန်တယ်။ အဲဒီလိုနဲ့ ကျနော်တို့ ၃ ရက် နေခဲ့ရတယ်” ဟု သူက ပြောသည်။ 

ခမရ - ၃၅၃ တပ်ရင်းထဲတွင် ကိုဆော်လိမ်မိုလာ အပါအဝင် ခရုချောင်းရွာသား ၃၅ ဦး ဖမ်းဆီးချုပ်နှောင် ခံထား ရချိန်သည် အဆိုပါတပ်ရင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်လာသည့်အချိန် ဖြစ်သည်။ 

ကိုဆော်လိမ်မိုလာတို့မှာလည်း ချုပ်နှောင်ထားခံရ၍ တိုက်ပွဲကြားတွင် ပိတ်မိသွားခဲ့ရသည်။ ယင်းအချိန်တွင် ၎င်းတို့ အဆောင်အနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စမှာ ပိတ်လှောင်ခံထားသည့် ကိုဆော်လိမ်မိုလာတို့ထံ ဆိုက်ရောက်လာခဲ့သည်။ 

“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်တော့မယ်တောင် မထင်ထားဘူး” ဟု အစာရေစာ မစားရဘဲ တိုက်ပွဲကြားတွင် ပိတ်မိနေ၍ မုချ သေရတော့မည်ဟု ယူဆခဲ့ကြောင်းကို  အသက် ၃၅ နှစ် အရွယ် ကိုဆော်လိမ်မိုလာက ဖွင့်ဟခြင်းဖြစ်သည်။ 

ကျည်စထိမှန်မှုကြောင့် ကိုဆော်လိမ်မိုလာ၏ ညာဘက်ပေါင်တွင် အသေးစားဒဏ်ရာရရှိခဲ့သည့်အပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ ဘယ်ဖက်လက်မောင်းတွင် ကျည်ထိမှန်သွားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ဒဏ်ရာများမှာ မပြင်းထန်ပေ။ 

၎င်းတို့ ဖမ်းဆီးခံထားသည့် တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီးနောက်တွင် ဖမ်းဆီးခံထားရသူ အားလုံး အသက် ရှင်လျက် ပြန်လည်လွတ်မြောက်လာကြောင်း ကိုဆော်လိမ်မိုလာက ပြောသည်။ 

စစ်ကောင်စီ၏ ခမရ-၃၅၃ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတပ်ရင်းကို သိမ်းပိုက်ချိန်တွင် စစ်ကောင်စီက သုံးရက်ကြာ  အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင် ထားသော ခရုချောင်းကျေးရွာမှ မွတ်ဆလင် (၃၅) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မေ ၁၈ ရက်တွင် AA က ရုပ်သံဖိုင်နှင့်တတွ ထုတ်ပြန်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။ ယင်းအပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ခရုချောင်းကျေးရွာသားများကိုလည်း AA တပ်သားများက အဝတ်အစားများပေးပြီး ထမင်းကျွေးသည့်အပြင် ကိုဆော်လိမ်မိုလာ အပါအဝင် ဒဏ်ရာရရှိသူနှစ်ဦးကိုလည်း ဆေးဝါးကုသပေးကြောင်း လွတ်မြောက်လာသူများက ဆိုကြသည်။ 

၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်တွင် ဘူးသီးတောင်မြို့နယ်တစ်ခုလုံး  AA က အပြီးသတ်သိမ်းပိုက်လိုက်သည်။ 

AA ၏ ကယ်ထုတ်မှုကြောင့် လွတ်မြောက်လာကြသည့် ခရုချောင်းကျေးရွာသားများမှာ လက်ရှိတွင် နေရပ်မပြန် ကြသေးဘဲ  AA ထိန်းချုပ်ရာ ဘူးသီးတောင်ဒေသက နေရာတစ်ခုတွင် ခိုလှုံနေကြသည်။

မင်းထွန်း - ရေးသည်။