မဝင်းဆွေ မဲရုံထဲ နောက်တစ်ကြိမ် လဲမကျလိုပါ

“ကျမကတော့ အခုနှစ်မှာ မနှစ်ကလိုမျိုး မဖြစ်စေချင်ဘူး။ လူတစ်ယောက်နဲ့တစ်ယောက် တိုးကြတော့ ကျမတို့လို မသန်စွမ်းတယောက်အနေနဲ့ စိုးရိမ်ပါတယ်။ ကျမလဲကျသွားတော့ လူတွေက လာမထူရင်လည်း ကျမအနေနဲ့ ဘယ်လို့လုပ် ထလို့ရမှာလဲပေါ့။ အားလုံးသော မသန်စွမ်းတွေ အဆင်ပြေစေ...

22 Aug 2020

ခင်သရဖီဦး | DMG

“တခြားသန်စွမ်းတဲ့လူတွေကတောင် တွန်းနေကြတာဆိုတော့ အဲဒီနှစ်က ကျမလဲကျသွားတယ်။ ကျမကိုယ်တိုင်ကလည်း တစ်ယောက်တည်း မတ်တပ်မရပ်နိုင်တော့ အရမ်းကို ကြောက်သွားတာပေါ့” လို့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မဝင်းဆွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သူကြုံခဲ့ရပုံကို ပြန်ပြောပြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ သူအဖို့ ပထမဆုံးမဲထည့်ခွင့်ရတဲ့ ရွေးကောက်ပွဲဖြစ်သလို နိုင်ငံသား အခွင့်အရေးတစ်ခုကို မဲမထည့်ဖြစ်ရင် လက်လွှတ်သွားမှာဆိုတဲ့ စိုးရိမ်တဲ့ဆန္ဒ သူ့မှာရှိနေခဲ့ပါတယ်။

ဒါကြောင့် မဲထည့်ဖို့အတွက် ရပ်ကွက်မှာရှိတဲ့ မဲရုံကို သူသွားရောက်ခဲ့ပေမယ့် ပထမဆုံးအကြိမ်မှာပဲ မဲရုံထဲမှာ မဝင်းဆွေတစ်ယောက် လူကြားထဲမှာ လဲကျသွားခဲ့ပါတယ်။ မဝင်းဆွေဟာ မဲသွားထည့်တဲ့အခါ အဆင်မပြေမှုတွေဖြစ်မှာ စိုးရိမ်ပြီး အိမ်က မောင်ဖြစ်သူကို အကူအညီတောင်းပြီး မဲရုံကိုသွားရောက်ခဲ့ပေမယ့် မတ်တပ်ရပ်တန်းစီပြီး စောင့်နေကြတဲ့လူတွေက များပြားလာပြီး တွန်းတိုးလာတာကြောင့် မောင်နှမ နှစ်ယောက် လူကွဲသွားပြီး သူ့အနေနဲ့ အချိန်အကြာကြီး တစ်ယောက်တည်း မတ်တပ်မရနိုင်တော့ဘဲ မဲရုံထဲမှာ လဲကျသွားခဲ့ရတာပါ။

အဲဒီလို အဖြစ်အပျက်တွေကြောင့် ဒီနှစ်မှာတော့ ခြေလက်အင်္ဂါမသန်စွမ်းတဲ့ သူ့အနေနဲ့ မဲရုံကိုသွားဖို့အတွက် စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။ ကိုယ်တိုင်က မဲသွားပေးဖို့ဆန္ဒရှိပေမဲ့လည်း အိမ်ကလူတွေ မအားရင် အဆင်မပြေတာက ရှိသေးတယ်လို့လည်း သူမကပြောပါတယ်။

“နောက်တစ်ခု အခက်အခဲက မဲရုံကိုရောက်ဖို့ပါပဲ” လို့ မဝင်းဆွေတစ်ယောက် သူရဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုကိုလည်း ညည်းတွားနေပြန်ပါတယ်။

မဝင်းဆွေအဖို့ ၂၀၁၅ ခုနှစ်က ပထမဆုံးမဲပေးခဲ့ခြင်းဖြစ်သလို သူရဲ့ပထမဆုံးအတွေ့အကြုံမှာပဲ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူ့အနေနဲ့ အဲဒီလိုမျိုးဖြစ်လာမှာကို စိုးရိမ်နေပါတယ်။

မသန်စွမ်းသူတွေဟာ သန်စွမ်းသူများနည်းတူ မဲပေးကြရတဲ့အတွက် သွားလာရေးအဆင်မပြေမှုတွေ အပြင် မဲရုံကိုရောက်ပေမဲ့ မဲပေးဖို့ အခက်အခဲတွေရှိနေကြတာပါ။

မသန်စွမ်းတွေ မဲထည့်နိုင်ဖို့ ဘာတွေစီစဉ်ထားသလဲ

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မသန်စွမ်းတွေက တစ်နေရာတည်းမှာ စုပြီးနေတာ မဟုတ်တဲ့အတွက်ကြောင့် မဲသွားပေးရာမှာ အဆင်ပြေနိုင်အောင်အတွက် သီးသန့်စီစဉ် ထားတာမရှိဘူးလို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

“အဲဒါတွေက မဲရုံတစ်ခုတည်းမှာရှိမှရမှာ။ အခုက တစ်ပြည်နယ်လုံးပျံ့နေတာ၊ ပြီးရင်တောရွာတွေမှာ ဆိုတော့ အဲဒီအတွက် သီးသန့်စီစဉ်ပေးထားတာ မရှိဘူး” လို့ ဆိုပါတယ်။

သို့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အနေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာတော့ သွားပေးလို့ရအောင် မှာထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လာမယ့် ၂၀၂ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေ သုံးသောင်းခြောက်ရာရှိတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)က သိရပါတယ်။ အဲဒီအထဲမှာ အမြင်အာရုံမသန်စွမ်းသူ ၅၈၀ ဦး၊ အကြားအာရုံမသန်စွမ်းသူ ၆၅ဝ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၄ဝဝ ကျော်၊ ညဏ်ရည်မသန်စွမ်းသူ ၂၆ဝ ကျော်အပါအဝင် တခြားမသန်စွမ်းတဲ့လူတွေလည်း ပါဝင်ပါတယ်။

မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များ၊ ရေရှည်ခံစားနေရသူများကို မသန်စွမ်း ခေါ်သည့်ဟုဆိုပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံပါဝင်သည့် အရှေ့တောင်အာရှမှာ မသန်စွမ်းသူဦးရေ သန်း ၉၀ ရှိပြီး အဲဒီအရေအတွက်  ဒေသတစ်ခုလုံးရဲ့ လူဦးရေ ၁၅ ရာခိုင်နှုန်းရှိပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ နှစ်သန်းသုံးသိန်းကျော်နေပြီး မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိနေကြောင်း ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ သိရှိရပါတယ်။
မသန်စွမ်းသူများကို ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ညဏ်ရည်အားနည်းသူ ဆိုပြီး လေးမျိုးသတ်မှတ်ထားပါတယ်။

မသန်စွမ်းသူတွေအနေနဲ့ မိမိတို့ယုံကြည်ရသူကို ခေါ်ယူပြီး မဲပေးမည်ဆိုလျှင်လည်း ရွေးကောက်ပွဲနည်းဥပဒေများက ခွင့်ပြုပေးထားပါတယ်။ ဆန္ဒမဲပေးသူတွေဟာ မသန်စွမ်းသူဖြစ်ခဲ့ရင် သက်ဆိုင်ရာ မဲစာရင်း၌ပါရှိသော မဲဆန္ဒရှင်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမ အရင်း တစ်ဦးဦး၊ သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သော သူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းကိုလည်း ခွင့်ပြုရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေများမှာ ဖော်ပြထားပါတယ်။

ယင်းအပြင် မဲရုံသို့ လာရောက်ဆန္ဒမဲပေးသူသည် ကျန်းမာသန်စွမ်းခြင်း မရှိသောကြောင့် မိမိဆန္ဒပြုပြီးသော ဆန္ဒမဲထည့်နိုင်စေရန် ကူညီရမည်ဟုလည်း ပါရှိပါတယ်။

ရခိုင်ပြည်နယ်က မသန်စွမ်းသူတွေကို အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မသန်စွမ်းတွေကို သန်စွမ်းသူများထက် ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးလှမြင့်က အကြံပြုပါတယ်။

“တချို့နေရာတွေက ယာယီစစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့သူတွေ မဲပေးလို့ပြီးရင် ပြန်လည်သွားလာနိုင်အောင် စီစဉ်ပေးသင့်တယ်လို့ ယူဆတယ်” လို့ သူက အကြံပေးပါတယ်။

ဒါ့အပြင် မသန်စွမ်းသူများ မဲစာရင်းကြည့်ရှုနိုင်ဖို့နဲ့ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ မဲပေးနိုင်ရေးအတွက် အသိပညာပေးသင်တန်းတွေကို ရွှေမင်းသားဖောင်းဒေးရှင်း(မြန်မာ)မှ ရခိုင်ပြည်နယ်ရုံး (စစ်တွေမြို့)မှာ လုပ်ဆောင်ပေးသွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ရခိုင်ပြည်နယ်ရုံး တာဝန်ခံ ဒေါ်ထွီးမေက ပြောပါတယ်။

“မသန်စွမ်းမဲဆန္ဒရှင်တွေကို မဲစာရင်းမှာ သူတို့တွေရဲ့အမည်ပါ/မပါ အသိပညာပေးသင်တန်းတွေ လုပ်ပေးဖို့ရှိပါတယ်” လို့ ပြောပါတယ်။

မသန်စွမ်းတွေအနေနဲ့ မဲပေးနိုင်ဖို့အတွက်ကို မဲရုံတွေကို အဆင်ပြေအောင် လုပ်ပေးစေချင်တယ်လို့ မဝင်းဆွေက ပြောပါတယ်။

“ကျမကတော့ အခုနှစ်မှာ မနှစ်ကလိုမျိုး မဖြစ်စေချင်ဘူး။ လူတစ်ယောက်နဲ့တစ်ယောက် တိုးကြတော့ ကျမတို့လို မသန်စွမ်းတယောက်အနေနဲ့ စိုးရိမ်ပါတယ်။ ကျမလဲကျသွားတော့ လူတွေက လာမထူရင်လည်း ကျမအနေနဲ့ ဘယ်လို့လုပ် ထလို့ရမှာလဲပေါ့။ အားလုံးသော မသန်စွမ်းတွေ အဆင်ပြေစေဖို့အတွက် အတတ်နိုင်ဆုံး လုပ်ပေးစေချင်ပါတယ်”

ဗီဒီယိုများ