အင်တာနက်ကင်းမဲ့ဇုန်က နာကျင်မှုများကို ဖွင့်ဟခြင်း

အင်တာနက်ဖြတ်တောက်မခံရချိန်ကဆိုလျှင် မိမိဒေသက သတင်းအချက်အလက်များကို မိမိတို့ကိုယ်တိုင် တင်ပြကြသည်။ဥပမာ-တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ဘယ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ၊ဘယ်ရွာမှာ လက်နက်ကြီးကျည်ကျ၍ ဘယ်နှစ်အိမ်မီးလောင်စသဖြင့် ရေးသားကြသည်။သတင်းမှားကို ဖြန့်နေသည် ကို တွေ့လျှင်လည်း မိမိတို့ဒေသမှာ ဤကဲ့သို့ဖြစ်စဉ်ဖြစ်ပွားမှုမရှိကြောင့် စောစောစီးစီး တုန့်ပြန်ကြသဖြင့် တခြား ဒေသက ပြည်သူများ အမှန်တရားကို သိရှိခွင့်ရရှိကြသည်။လက်ရှိတွင်မူ ထိုအခွင့်အရေးများ ပျောက်ဆုံးသွား ပြီး သတင်းတု၊သတင်းမှားများ ပလူပျံလာနေသည်။

By နေမျိုးလင်း 13 Mar 2020

နေမျိုးလင်း ရေးသားသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တ ဖြည်းဖြည်းစစ်ရေးဧရိယာကျယ်ပြန့်လာသည်။ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် အများအပြားတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသည်။

ထိုတိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ကြိုတင် အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်လိုက်သည်။ထို့ကြောင့် လက်ရှိတွင် မြို့နယ် (၉)မြို့နယ်ရှိ ပြည်သူများမှာ အင်တာနက် ပိတ်ပင်ခံထားရသဖြင့် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။

အင်တာနက်ဖြတ်တောက်မှုကြောင့် အမုန်းစကားများလာ

ရခိုင်ပြည်နယ်သည် စစ်ရေးပဋိပက္ခ၊မွတ်ဆလင်အရေးကိစ္စတို့ဖြင့် ရှုပ်ထွေးလှသည့်ပြည်နယ်ဖြစ်သည်။ထိုရှုပ် ထွေးမှုများကို အကြောင်းပြုပြီး တစ်ချို့က သတင်းမှားများ၊သတင်းတုများ ဖြန့်ဝေလျက်ရှိခဲ့ကြသည်။ပြည်နယ် တွင်း အင်တာနက်ဖြတ်တောက်ထားမှုသည် ကောင်းမွန်သည့် လက္ခဏာမဟုတ်ဘဲ ရှုပ်ထွေးမှုများကိုသာ ပိုမို ဖြစ်စေမည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် သတင်းမှားများ၊သတင်းတုများ ပိုမိုဖြစ်ပေါ်လာစေ သည်ကိုတွေ့ရသည်။အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များမှ အကြောင်းအရာများကို အင်တာ နက်သုံးစွဲခွင့်ရရှိကြသည့် ဒေသများမှ ပုဂ္ဂိုလ်များက လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားကြသည်။

တစ်ချို့အကြောင်းအရာများမှာ ဝါဒဖြန့်သတင်းများ၊သတင်းမှားများဖြစ်နေသည်ကိုတွေ့ရသည်။ဤသည်ကို တစ်ချို့က ယုံကြည်ကြပြီး ထပ်ဆင့်ဖြန့်ဝေကြသည်။ထို့ကြောင့် ဒေါသများဖြစ်ပေါ်ကာ သံသယစိတ်များပို မိုကြွီးထွားစေခဲ့သည်။

အင်တာနက်ဖြတ်တောက်မခံရချိန်ကဆိုလျှင် မိမိဒေသက သတင်းအချက်အလက်များကို မိမိတို့ကိုယ်တိုင် တင်ပြကြသည်။ဥပမာ-တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ဘယ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ၊ဘယ်ရွာမှာ လက်နက်ကြီးကျည်ကျ၍ ဘယ်နှစ်အိမ်မီးလောင်စသဖြင့် ရေးသားကြသည်။သတင်းမှားကို ဖြန့်နေသည် ကို တွေ့လျှင်လည်း မိမိတို့ဒေသမှာ ဤကဲ့သို့ဖြစ်စဉ်ဖြစ်ပွားမှုမရှိကြောင့် စောစောစီးစီး တုန့်ပြန်ကြသဖြင့် တခြား ဒေသက ပြည်သူများ အမှန်တရားကို သိရှိခွင့်ရရှိကြသည်။လက်ရှိတွင်မူ ထိုအခွင့်အရေးများ ပျောက်ဆုံးသွား ပြီး သတင်းတု၊သတင်းမှားများ ပလူပျံလာနေသည်။

သတင်းအချက်အလက်သိရှိပိုင်ခွင့်ဆုံးရှုံး

ယနေ့ခေတ်ပြည်သူလူထုများသည် သတင်းအချက်အလက်များကို အင်တာနက်ပေါ်က ဖတ်ရှုကြရာ အင် တာနက်မရှိလျှင် သတင်းဖတ်ရှုနိုင်ခြင်းမရှိပေ။အစိုးရအနေဖြင့် မိမိပေးချင်သည့် သတင်းအချက်အလက်များ ကို အင်တာနက်၊ရေဒီယို၊တီဗွီ၊သတင်းစာများက ပေးသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ရှောင်ရန်၊ဆောင်ရန် အချက်အလက်များကို အစိုးရက အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေသည်။ လူစုလူဝေးများပြားရာနေရာများ နှင့် ပွဲလမ်းသဘင်ရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊ရောဂါဖြစ်ပွားနေသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိလာသော အမှုန်အမွှားများမှတစ်ဆင့် ရောဂါကူးစက်နိုင်သဖြင့် လက်ကိုမကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပေးရန်အတွက် ပွဲလမ်းသဘင်များတွင် ဆပ်ပြာနှင့်ရေ (သို့မဟုတ်)လက်သန့်စင်ဆေး ရည် များစီစဉ်ထားရှိရန် စသည်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး ရှောင်ရန်၊ဆောင်ရန်သတင်းများကိုလည်း အင်တာနက်၊ ရေဒီယို၊တီဗွီ၊ သတင်းစာများက ဖြန့်ဝေခြင်းဖြစ်သည်။သို့သော် ယခုအင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များသည် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မြို့နယ် ဖြစ်ပြီး ပြည်သူလူထုများလည်း ကျေးလက်တွင်နေထိုင်သူ များသည်။ ယင်းအထဲတွင် ဆင်းရဲဒုက္ခခံစား နေကြရသည့် စစ်ဘေးရှောင်များလည်းပါဝင်သည်။

၎င်းတို့ထဲကအများစုတွင် တီဗွီ၊ရေဒီယိုမရှိကြပေ။သတင်းစာများလည်း ကျေးလက်ဒေသများသို့ မရောက်ရှိကြ ပေ။ထို့ကြောင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများက ပြည်သူများ သတင်းအချက်အလက်ရရှိ ပိုင်ခွင့်ဆုံးရှုံးနေကြရသည်။

စစ်ဘေးရှောင်များ ဒုက္ခရောက်ရသည်

အင်တာနက်ဖြတ်တောက်ထားမှုကြောင့် သတင်းအချက်အလက်သိရှိပိုင်ခွင့်သာဆုံးရှုံးနေခြင်းမဟုတ်ဘဲ စစ် ဘေးရှောင်များ စားဝတ်နေရေးအပေါ်လည်းကြီးစွာသက်ရောက်မှုရှိနေသည်။ လက်ရှိတွင် စစ်ဘေးရှောင် တစ် သိန်းနှစ်သောင်းကျော်အထိရှိနေပြီး အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များတွင် စစ်ဘေးရှောင် ဦးရေများပြားသည်။

အင်တာနက်ဖွင့်ထားသည့်အချိန်က စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျှင် လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွချက်ချင်းတင်ပြီး အလှူခံခဲ့ကြသည်။ အလှူရှင်များလည်း သတင်းစကားများ သိလျှင်သိချင်း ထောက်ပံ့ကူညီမှုများပြုလုပ်သဖြင့်စစ်ဘေးရှောင်များ စားဝတ်နေရေးအဆင်ပြေစေသည်။

အစိုးရသည် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် မြို့နယ်များသို့ WFPနှင့် ICRC အဖွဲ့ကလွဲပြီး တခြားနိုင်ငံတကာ INGO/NGO အဖွဲ့အစည်းများလုံခြုံရေးအကြောင်းပြချက်ဖြင့် သွားရောက်ခွင့်မပြုသဖြင့် ကူညီထောက်ပံ့နိုင် ခြင်းများမပြုလုပ်နိုင်ပေ။ထို့ပြင် ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများလည်း လွတ်လပ်စွာ သွားလာကူညီခွင့် ကန့် သတ်ခံထားရသဖြင့် စားနပ်ရိက္ခာများထောက်ပံ့ရာတွင်အခက်အခဲရှိနေကြသည်။ထို့ကြောင့် စစ်ဘေး ရှောင်များ စားဝတ်နေရေးအခက်အခဲရှိနေကြသည်။

ထိုအခြေအနေကြားထဲတွင် အစိုးရက အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် ယခင်ကကဲ့သို့ လူမှုကွန် ရက်စာမျက်နှာများပေါ်တွင် အလှူခံ၍မရကြတော့ပေ။စစ်ဘေးရှောင်များ သတင်းအချက်အလက်ကို မရရှိကြ သဖြင့် အလှူရှင်များလည်း ကူညီထောက်ပံ့မှုနည်းပါးသွားရာ လက်ရှိတွင် စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်တွေ့နေကြ၏။

ဘက်စုံအခက်အခဲဖြစ်ပေါ်ကြခြင်

ထို့ပြင် အင်တာနက်ဖြတ်တောက်မှုကြောင့် ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများကိုပါ သက်ရောက်မှုများရှိနေ သည်။ဥပမာပြရလျှင် မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့နေသူများအခက်တွေ့နေကြ ခြင်းဖြစ်သည်။နှစ်နိုင်ငံကုန်သည်ချင်း ဆက်သွယ်လျှင် အင်တာနက်ကို အဓိကအသုံးပြုဆက်သွယ်နေရခြင်းဖြစ် သော်လည်း အင်တာနက်ပိတ်ထားသဖြင့် ပစ္စည်းအော်ဒါမှာခြင်း၊ပစ္စည်းပြသခြင်းများမလုပ်ဆောင်နိုင်သဖြင့် စိန် ခေါ်မှုရှိနေသည်။

ရုံးကိစ္စတစ်ခုဖြင့် မြို့ပေါ်သို့ လာရောက်သည့် လူပုဂ္ဂိုလ်တစ်ချို့သည် အရေးကြီးစာရွက်စာတမ်းများ မေ့ကျန်ခဲ့ သဖြင့် လူကိုင်တိုင်သွားယူနေရသည့်ဖြစ်စဉ်များရှိနေသည်။အင်တာနက်ဖွင့်ထားလျှင် မက်ဆင်ဂျာ၊ Viber က ပို့လို့ရသည့်ကိစ္စများဖြစ်သည်။သို့သော် အင်တာနက်ပိတ်ထားသဖြင့် အချိန်ကုန်ခမ်း၊လူပင်ပန်းနေကြရ သည်။

လက်ရှိတွင် မြန်မာအစိုးရသည် ၂၀၁၇ ခုနှစ်က မောင်တောဒေသမှ မွတ်ဆလင်များကို လူမျိုးတုန်း သတ်ဖြတ် သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲ ဆိုထား မှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသည်။

နိုင်ငံတကာကလည်း ပြည်နယ်တွင်းရှိနေသည့် မွတ်ဆလင် အရေးကိစ္စ၊ တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA) တို့၏ စစ်ရေးတင်းမာမှုအခြေအနေများကို စောင့်ကြည့်နေကြသည်။သို့သော် အင်တာနက်ဖြတ်တောက် ထား သဖြင့် ပြည်နယ်တွင်း ဖြစ်ပျက်နေသည့် သတင်းအချက်အလက် များကို လွတ်လွပ်စွာ စောင့်ကြည့်နိုင်ခြင်း မရှိပေ။အင်တာနက်ဖြတ်တောက်ထားသည့် ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနိုင်သဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းနှင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက စိုးရိမ်မှုရှိကြသည်။ထို့ကြောင့် အင်တာနက် အမြန်ဆုံး ဖွင့်ပေးရန် တောင်းဆိုနေကြသည်။
အင်တာနက်ဖြတ်တောက်ထားမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ဝေဖန်မှုများကို အစိုးရကသိနေသည်။သို့သော် တပ်မတော်က အင်တာနက်ဖြတ်တောက်ရန် တင်ပြလာသောကြောင့် နိုင်ငံတော်ကာကွယ်ရေးအတွက်လုပ် သင့် လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဟုအစိုးရဘက်ကဆိုထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဒေသ တွင်းရှိ ပြည်သူများက အင်တာနက်အမြန်ဆုံး ပြန်ဖွင့်ပေးရန် လိုလားနေကြ သော်လည်း အစိုးရက ရခိုင်ပြည် နယ်အတွင်း အင်တာနက်ဖြတ်တောက်ထားမှုသည် တိုင်းပြည်အတွက် အကျိုး ရှိသည်ဟုဆိုသည်။သို့သော် အင်တာနက်အမြဲတမ်းပိတ်ထားမည်မဟုတ်ဘဲ ဖွင့်သင့်သည့်အချိန်တွင် ပြန်လည် ဖွင့်ပေးမည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြောထားသည်။

သို့သော် မည်သည့်အချိန်တွင် အင်တာနက်ပြန်ဖွင့်မည်ကို ပြည်သူများမသိရှိရသေးပေ။အင်တာနက်ပြန်ဖွင့်ပေး ရန် ပြည်သူများလိုလားနေကြသည်။သတင်းအချက်အလက်ရရှိပိုင်မရှုံးဆုံးချင်ကြတော့ပေ။အင်တာနက် ပိတ် ထားမှုကြောင့် စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး အခက်အခဲများဖြစ်ပေါ်နေမှုကို အဆုံးသတ်ချင်နေကြပြီဖြစ် သည်။

ဗီဒီယိုများ