လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ၍ ဖုန်း/အင်တာနက်များကို သတိထားသုံးစွဲကြရန် AA သတိပေး

ရခိုင်ပြည်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေ၍ ပြည်သူများအနေဖြင့် ဖုန်း/ အင်တာနက် သုံးစွဲမှုများကို သတိထားသုံးစွဲကြရန် အာရက္ခတပ်တော် (AA)က သတိပေးတိုက်တွန်း ထားသည်။ 

By Admin 20 Jan 2025

လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာ၍ ဖုန်း/အင်တာနက်များကို သတိထားသုံးစွဲကြရန် AA သတိပေး

DMG ၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေ၍ ပြည်သူများအနေဖြင့် ဖုန်း/ အင်တာနက် သုံးစွဲမှုများကို သတိထားသုံးစွဲကြရန် အာရက္ခတပ်တော် (AA)က သတိပေးတိုက်တွန်း ထားသည်။ 

စစ်ကောင်စီသည် ယခုနှစ်အစောပိုင်းမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသဖြင့် လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြရန် AAက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

“ပြည်သူလူထုတွေကို ကျနော်တို့ ပြောလိုတာကတော့ စစ်ကောင်စီက ပြည်သူတွေရှိတဲ့နေရာတွေကို ပစ်မှတ် ထားပြီးတော့ တရားလက်လွတ် လူမဆန်တိုက်ခိုက်မှုတွေကို တောက်လျှောက် ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက်ပိုပြီးတော့ သတိထားကြဖို့ ၊ အင်တာနက်သုံးစွဲတာ တွေ၊ ဖုန်းသုံးစွဲတာတွေကို သတိထားပြီးတော့မှ ပြောဆိုသုံးစွဲကြဖို့အတွက် ကျနော်တို့ဖက်ကနေ တိုက်တွန်း လိုတာရှိပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာများသို့ ပြောကြာားသည်။

လေကြောင်းအန္တရာယ်ကြောင့် အာရက္ခတပ်တော်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းသုံးစွဲခွင့် ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ 

ဖုန်းလိုင်းဆက်သွယ်ရေးမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိနေပြီး ပြည်သူများမှာ တစ်ဦးနှင့်တစ်ဦး တစ်နေရာနှင့်တစ်နေရာတွင် ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများရရှိရေး နည်းမျိုးစုံဖြင့်ကြိုးပမ်းနေကြသည်။ 

“ဖုန်းလိုင်းမရတော့ နိုင်ငံခြားမှာရောက်နေတဲ့ မိသားစုဝင်တွေဆီကရတဲ့ငွေနဲ့ စားနေရတဲ့သူတွေဆိုရင် အရမ်းအခက်အခဲဖြစ်တယ်။ ပိုက်ဆံပြတ်သွားရင် ထပ်မှာဖို့မလွယ်တော့ဘူး။ အဲတော့မရရင် ရတဲ့နည်းနဲ့ ဆက်သွယ်ဖို့ကြိုးစားနေရတယ်” ဟု ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဆက်သွယ်ပြောဆိုမှုများရှိလာနှင့်အမျှ စစ်ကောင်စီက လေကြောင်းပစ် ခတ်မှုပြုလုပ်လာပြီး အရပ်သားထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိသည်။

ဇန်နဝါရီ ၅ ရက် ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာအနီး ဒေသခံများ ဖုန်းပြောဆိုနေသည့်နေရာကို လေကြေင်းတိုက်ခိုက်ခဲ့သဖြင့်  ၄ ဦးသေဆုံးခဲ့သည်။ 

ယင်းအပြင် ဇန်နဝါရီ ၁၁ ရက်ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီ လေကြောင်းမှတစ်ဆင့် သုံးကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

“အခု လေကြောင်းတိုက်ခိုက်တာတွေက ပိုပြီးပြင်းထန်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ မဖြစ်မနေ နည်းလမ်း အမျိုးမျိုးနဲ့ ဖုန်းသုံးစွဲကြတဲ့အခါမှာ စစ်ကောင်စီကို သတင်းပေးမဖြစ်ရအောင် အများပြည်သူလုံခြုံရေးအတွက် မလိုအပ်တဲ့ စစ်ရေးအကြောင်းတွေ၊ တည်နေရာတွေကို အတိအကျမပြောမိကြဖို့ လိုအပ်တယ်။ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားကြဖို့လိုအပ်တယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း ဆက်သွယ်ရေးလိုင်းရရှိရေးအတွက် စစ်ကောင်စီချုပ်ကိုင်ထားသည့် MEC ဆင်းကဒ်များကို သုံးစွဲမှုများရှိနေပြီး ထိုဆင်းကဒ်မှာ ဆိုရှယ်မီဒီယာနှင့် ဖုန်းပြောဆိုမှုမှတစ်ဆင့် တည်နေရာများကိုခြေရာခံနိုင်၍ သတိထားသုံးစွဲရန် လိုအပ်သည်။

ယခုနောက်ပိုင်း စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက်ခွဲခြားမှုမရှိတော့ဘဲ အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်လာနေ၍ ပြည်သူများကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။

DMG မှ ကောက်ယူထားသော စာရင်းအရ ဇန်နဝါရီ ၁ ရက်မှ ၂၀ ရက်အထိ ရခိုင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၁၄၀ ကျော်ထိရှိနေသည်။