- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဂွနှင့် ဧရာဝတီ နယ်ချင်းစပ် ကျေးရွာများတွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်
ဂွနှင့် ဧရာဝတီနယ်ချင်းစပ်၊ သာပေါင်းမြို့နယ်နှင့် ကမ်းရိုးတန်းတလျောက်ရှိ ကျေးရွာများတွင် MPT၊ Mytel၊ Atom စသည့် ဆက်သွယ် ရေးလိုင်းအားလုံးပြတ်တောက်သွားခြင်းဖြစ်ပြီး ဒေသခံများ အခက်အခဲဖြစ်နေကြသည်။
03 Jan 2025
DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း နယ်ချင်းစပ် ကျေးရွာများတွင် ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဂွနှင့် ဧရာဝတီနယ်ချင်းစပ်၊ သာပေါင်းမြို့နယ်နှင့် ကမ်းရိုးတန်းတလျောက်ရှိ ကျေးရွာများတွင် MPT၊ Mytel၊ Atom စသည့် ဆက်သွယ် ရေးလိုင်းအားလုံးပြတ်တောက်သွားခြင်းဖြစ်ပြီး ဒေသခံများ အခက်အခဲဖြစ်နေကြသည်။
“ဂွမြို့နယ်၊ မကျည်းငူ၊ ဧရာဝတီဘက်အခြမ်း မကျီးဇင် အဲဒီနယ်ချင်းစပ် ကမ်းရိုးတန်းဖုန်းလိုင်းတွေ အားလုံး ပြတ်သွားပြီ။ မနေ့က မနက်ပိုင်းက စပြတ်တာ။ အခု အဲဒီဘက်က ဒေသခံတွေ ဖုန်းဆက်မရတော့ အခက်အခဲ ဖြစ် နေကြပြီ” ဟု ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဂွမြို့နယ်၊ ဒဲ့ချောင်းကျေးရွာမှ ဆက်သွယ်ရေးတာဝါတိုင်များကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ ဆက်သွယ်ရေး တပ်သားများ ထွက်ပြေးသွားပြီးနောက် ဖုန်းလိုင်းများလုံးဝ ပြတ်တောက်သွား ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
လက်ရှိ ဖုန်းလိုင်းပြတ်တောက်နေသော ဒေသများမှာ ဂွမြို့နယ်ရှိ ကျောက်ချွန်၊ မကျည်းငူ၊ ဒဲ့ချောင်း၊ ရွှေယချိုင် စသည့်ကျေးရွာများနှင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ဘောမိ၊ မကျီးဇင် စသည့် ကျေးရွာများ ဖြစ်သည်။
“မနေ့က ဂွကနေ ဘောမိအထိ ဖုန်းလိုင်းပြတ်သွားတယ်။ ချောင်းသာဖက်(တာဝါ) တိုင်က နည်းနည်းတော့ ဖုန်း လိုင်းမိတယ်။ အဲဒီဘက်ကို သွားပြီး ဆက်သွယ်နေကြတဲ့လူတွေလည်းရှိတယ်” ဟု ဧရာဝတီတိုင်းရောက် နောက် ထပ် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့မှ စတင်ကာ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းအစပ် ဂွ - ငသိုင်းချောင်း ရိုးမတောင် ကျော် လမ်းရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ စစ်ရေးရေးဂိတ်၊ စခန်းများအား AA က ဆက်လက်ထိုး စစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဧရာဝတီတိုင်းဘက်ကနေ စစ်အင်အား တိုးချဲ့ ဖြည့်တင်းလျက်ရှိသည်။
ရခိုင်တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ ရခိုင်ဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက် လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ခဲ့သည်။
ထိုသို့ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများအား ဖြတ်တောက်ထား၍ ပြည်သူများမှာ တိုက်ပွဲ သတင်းအချက် အလက်များကို သိရှိရန် ခက်ခဲနေကြသည်။