ဂွတွင် စစ်ကောင်စီ ဗုံးကြဲမှုအတွင်း မိသားစု သုံးဦး သေဆုံးဒဏ်ရာရ

ဂွမြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ပြီးချိန်မှ စ၍ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု မကြာခဏလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ လစဉ်တိုးလျက်ရှိသည်။

By Admin 10 Mar 2025

ဓာတ်ပုံ - Myanmar Defence Weapons
ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ မတ် ၁၀

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း မိသားစုသုံးဦးမှာ ဖခင်ဖြစ်သူ သေဆုံးပြီး သား၊သမီးနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ (မတ်လ ၉ ရက်)၊ နံနက်ပိုင်းတွင် ဂွမြို့နယ်၊ အထက်ဘဝင်ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲချသွားသဖြင့် နေအိမ်အနီးကျရောက်ပေါက်ကွဲကာ ဖခင်ဖြစ်သူ အသက် (၆၀) အရွယ် ဦးထွန်းအောင်သိန်းမှာ ပွဲချင်းပြီး သေဆုံးကာ သားဖြစ်သူ အသက် (၁၂) အရွယ် မောင်ဖြိုးဝေစိုးနှင့် သမီးဖြစ်သူ မမေသဇင်တို့ နှစ်ဦးမှာ ဒဏ်ရရှိသွားခြင်း ဖြစ်သည်။

" အိပ်မော ကျနေချိန်မှာ ကြဲသွားတာ။ "ဂျိန်း" ဆိုမှပဲ သိရတာ။ ပြေးဖို့လဲမရ၊ ရှောင်ဖို့လည်း မရဘူး။ ဗုံးကြဲပြီးတော့ ထွက်ကြည့်လိုက်ချိန်မှာ သူတို့မိသားစု တစ်ခုလုံးက အခုလို ဖြစ်သွားကြတာ သိရတယ်'' ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ နီးစပ်ရာဆေးခန်းတစ်ခုတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။ ဂွမြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ပြီးချိန်မှ စ၍ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု မကြာခဏလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ လစဉ်တိုးလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားခဲ့ကာ ဖေဖော်ဝါရီလ ၈ ရက်ကလည်း ကျိန္တလီမြို့ကို ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားခဲ့သည်။

" စစ်ကောင်စီကတော့ တစ်ခုတည်း လုပ်နိုင်တဲ့အရာနဲ့ လူတွေကို သတ်ဖြတ်၊ အကြောက်တရား ပေးနေတယ်။ သူတို့ရဲ့ ဒီလုပ်ရပ်က ပြည်သူတွေ အကြောက်တရားဖြစ်တာ၊ နစ်နာဆုံးရှုံးရတာမှန် ပေမယ့် ပြန်ရတာက အမုန်းတရားပဲ။ ပြည်သူတွေကို သတ်ဖြတ် အကြောက်တရားပေးလည်း အမုန်းတရားပဲ ပြန်ရလေပဲ" ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက အာရက္ခတပ်တော်ထိန်းချုပ်ဒေသများကို မကြာခဏ လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု လစဉ်တိုးလျက်ရှိသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၁၅၈ ဦး အထိရှိသည်။