ငြိမ်းချမ်းရေးစိတ်ဓာတ် ငြိမ်းချမ်းရေးစိတ်ထား

လူ့အသက်များသည် ရုပ်ရှင်ထဲတွင် နှမြောစရာကောင်းသလောက် တကယ့်ဘဝထဲတွင် အလေအလွင့်များလွန်းလှသည်။ မင်းမဲ့စရိုက်များသည် ရုပ်ရှင်ထဲတွင် စက်ဆုက်ဖွယ်ကောင်းသလောက် တကယ့်ဘဝထဲတွင် တာဝန်ရှိသူတို့ကိုယ်တိုင်က နေစိမ့်နိုင်သော မြင်ကွင်းများကို တွေ့နေရသည်။

By ခိုင်ကျော်ဆန်း 30 Apr 2020

ခိုင်ကျော်ဆန်း

အင်အားတစ်ခုကိုပြပြီး ငြိမ်းချမ်းရေးယူသော အစဉ်အလာကို နပိုလီယံ ဘုန်းမီးနေလတောက်ပစဉ်က ပြုခဲ့ဖူးသည်။ သို့သော် သံသရာတပတ် ပြန်လည်သည့်အခါတွင်တော့ သူအထင်သေးခဲ့သော ရုရှားဘုရင်က သူ့ကို ပြန်ပြီးတော်လှန်နိုင်သူ ဖြစ်လာသည်။

လုပ်နိုင်ကိုင်နိုင်ဆဲမှာ တရားလက်လွှတ် ပြုမူခဲ့သော်ငြားလည်း တကယ်တမ်း ကာလတစ်ခုကို လွန်မြောက်သည့်အခါတွင် သက်ဆိုင်ရာမျိုးနွယ်စုများသည် ၎င်းတို့မပြုလုပ်သော ဒဏ်ကို ရှက်ဖွယ်လိလိ ခံစားကြရသည်။ ဟစ်တလာနဲ့ သူ့အပါင်းအပါတို့၏ မိုက်ဇာတ်ကြောင့် ဂျာမန်လူမျိုးတို့သည် ယခုအချိန်ထိ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ကြရသည်။ ၁၉၃၃ မှ ၁၉၄၅ ခုနှစ်ထိ ဟစ်တလာအာဏာမင်းမူနေသည့် ၁၂ နှစ်တာကာလအတွင်း ကမ္ဘာ့အဆိုးရွားဆုံး ရက်စက်မှုသမိုင်းကို ပြုမှုခဲ့သည်။

အဖဂျာမန်ပြည်ကြီးအတွက် နိုင်ငံရေးလမ်းစဉ်သည်လည်း ဂျာမန်မဟုတ်သောသူများ(ဂျူး)ကို ကရုဏာတရားကင်းမဲ့စွာဖြင့် နည်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့သည်။ သူ့ခေတ်၏နိဂုံးသည်လည်း အဆုံးသတ်မလှခဲ့သလို သူနှင့်သက်ဆိုင်သော ဂျာမန်လူမျိုးတို့သည်လည်း ယခုအချိန်ထိ ကမ္ဘာပေါ်တွင် သူ့အတွက် အရှက်ရနေခဲ့ကြသည်။ သူခိုင်းစေတုန်းက လုပ်ကိုင်ခဲ့သော မျိုးဆက်များသည်လည်း သူ့နည်းတူပင် တာဝန်ရှိကြသည်သာ ဖြစ်သည်။ အမိန့်အာဏာသည် မှန်ကန်မှုမှ မုန်းတီးမှုကြောင့် ညွှန်ကြားချက်များဖြစ်လာလျှင် သမိုင်းစာမျက်နှာတွင် ခေါင်းမဖော်နိုင်အောင် အရှက်ရကြမည်သာ ဖြစ်သည်။

ဂျပန်တို့၏ဖက်ဆစ်စနစ်ကြောင့် ခေတ်သစ်ဂျပန်လူမျိုးတို့သည် မည်သို့ပင် ခေတ်မီနေသော်လည်း သူတို့၏ မျိုးဆက်ဟောင်းများအတွက် ရှက်ဖွယ်လိလိ ခံစားကြရသည်။ မြန်မာတို့၏ ရုပ်သံဇာတ်လမ်းများတွင်လည်း ဂျပန်တို့၏ ဆိုးရွားစွာရက်စက်မှုများ၊ အင်္ဂလိပ်တို့၏ ဆိုးရွားယုတ်မာမှုများကို ရုပ်ရှင်ရိုက်ပြကြသည်။ ကြည့်ကြရသည်။ ဝတ္ထုဇာတ်လမ်းများ၊ သမိုင်းဖြတ်သန်းမှုများကို လေ့လာကြည့်သည့်အခါလည်း လက်နက်အားကိုးဖြင့် မတရားရက်စက်မှု၊ လက်နက်မဲ့၊ ပစ္စည်းမဲ့ သာမန်ပြည်သူများအား လက်နက်အားကိုးဖြင့် နှိပ်စက်ခြင်းတို့ကို ရွံရှာစက်ဆုပ်ဖွယ် ဖြစ်ကြရသည်။

သို့သော် လူအတော်များများသည် သမိုင်းအမြင်များကို သံဝေဂယူနိုင်သော်လည်း တကယ်တမ်း လက်တွေ့မြင်နေကြရသည့် မတရားမှုကိုကျတော့ ဥပေက္ခာပြုနိုင်ကြသည်။ ဗီဒီယိုကားထဲက လူဆိုးများကို မျက်မုနု်းကျိုးသော်လည်း ကိုယ်တိုင်အားဖြင့် အဆိုပါသရုပ်ဆောင်ချက်ထက် မလျော့သော အပြုအမူများကို ပြုမိလျှက်ရှိကြသည်။ ကိုယ်တိုင်က လက်နက်အားကိုးဖြင့် ရွာသူရွာသားများကို နှိပ်စက်သည့်မြင်ကွင်းကို တောက်ခေါက်မိပြီး ဗီဒီယိုထဲက နှိပ်စက်ခံပြည်သူများအသွင် သရုပ်ဆောင်သူများကို သနားသော်ငြားလည်း လက်တွေ့တွင် ဖြစ်ချင်ရာဖြစ်နေသည့် အနိုင်အထက်ပြုမူများကိုမြင်သော်လည်း နေစိမ့်နိုင်ကြသည်။ လူ့အသက်များသည် ရုပ်ရှင်ထဲတွင် နှမြောစရာကောင်းသလောက် တကယ့်ဘဝထဲတွင် အလေအလွင့်များလွန်းလှသည်။ မင်းမဲ့စရိုက်များသည် ရုပ်ရှင်ထဲတွင် စက်ဆုက်ဖွယ်ကောင်းသလောက် တကယ့်ဘဝထဲတွင် တာဝန်ရှိသူတို့ကိုယ်တိုင်က နေစိမ့်နိုင်သော မြင်ကွင်းများကို တွေ့နေရသည်။

ကမ္ဘာပေါ်တွင် ကွယ်ပျောက်သွားသော နိုင်ငံများထဲတွင် မာယာနိုင်ငံ၏သမိုင်းက ကျနော်တို့အတွက် သင်ခန်းစာယူစရာဖြစ်နေသည်။ မာယာနိုင်ငံနှင့်ပတ်သက်သော သုတေသီများက မာယာနိုင်ငံပျက်စီးခြင်းကို အပိုင်းနှစ်ပိုင်းသတ်မှတ်ပြီး သုံးသပ်ပြကြသည်။ ခရစ်နှစ် ၇၆၁ ခုနှစ်မတိုင်မီက မာယာ နိုင်ငံသားများသည် စစ်ပွဲများကို စနစ်တကျတိုက်ခဲ့ကြသည်။ ရရှိသောသုံံ့ပန်းများကိုတော့ လူအများရှေ့မှာ ခေါင်းဖြတ်သတ်ကြသည်။ ခရစ်နှစ် ၇၆၁ နှောင်းပိုင်းတွင်မူ စစ်အင်္ဂါအခင်းအကျင်းနှင့် စနစ်တကျတိုက်သော စစ်ပွဲများမဟုတ်တော့ဘဲ ပစ္စည်းများကို လုယက်ခြင်း၊ လူသတ်ခြင်း စသည့် လုပ်ဆောင်ချက်များရှိလာပြီး မာယာတို့၏ လူမှုအဆောက်အအုံ ပျက်စီးသွားသည်ဟု ဖော်ပြထားသည်။ သို့ဆိုလျှင် ကျနော်တို့၏တိုင်းပြည်ရှိ စစ်ပွဲများတွင် ဖြစ်ပွားလာသော လုပ်ငန်းစဉ်ပွဲများမှာလည်း စနစ်တကျစစ်တိုက်ခြင်းမှ ဗရုတ်သုတ်ခရမ်းကားမှုများဆီသို့ ဦးတည်လာနေပြီလားဆိုသည်ကို တာဝန်ရှိသူများက သတိထားပြီး ကြပ်မတ်ပေးကြရန် လိုအပ်လာပြီဖြစ်သည်။

စစ်တိုက်ခြင်းသည် စနစ်တကျတိုက်ပွဲဖော်ဆောင်မှုထက် ဝရုန်းသုန်းကားအဆင့်သို့ ကျရောက်ခဲ့ပြီဆိုလျှင် စစ်ဒဏ်ကိုခံစားနေကြရသော ပြည်သူတို့၏နာလန်ထမှုမှာ တာရှည်ကြာပေလိမ့်မည်။ တိုင်းပြည်နိုင်ငံကို အဆိုပါနိုင်ငံထဲတွင် မှီတင်းနေထိုင်သော လူများဖြင့် ဖန်တီးတည်ဆောက်ထားကြသည့်အတွက် တိုင်းပြည်နိုင်ငံသားများ ဒုက္ခကြီးမားစွာရောက်ရှိနေလျှင် ယင်းတိုင်းပြည်၏ အဖက်ဖက်သောကဏ္ဍများမှာ နောက်ကောက်ကျနေမည်သာ ဖြစ်သည်။

မိမိသိမ်းပိုက်လိုသောတိုင်းပြည်မှ ခုခံသူများကို ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းလင်းသုတ်သင်ပြီးသည့်နောက်တွင် စစ်ပွဲ၏ဒဏ်ကြောင့် တောင်လိုပုံနေသော လူသေအလောင်းများ၊ အကျိုးအပဲ့များ၊ ဒဏ်ရာရပြီးမချိမဆံ့အော်နေသူများကို ကြည့်ပြီး အသောကမင်းကြီး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ဖူးသည်။ အောင်ပွဲ၏အရသာကို မခံစားနိုင်လောက်အောင် သာယာမှုကင်းမဲ့ခဲ့သည်။ အနိဌာရုံများကို ကြည့်မြင်င်္ပြီး ဇာတ်တူလူသားချင်း၏မျက်ရည်ကို အောင်ပွဲအဖြစ်သတ်မှတ်သူတို့ထံတွင် ကိုယ်ချင်းစာတရားမရှိတတ်ပေ။ ကိုယ်ချင်းစာတရားမရှိသည့်နည်းတူ ငြိမ်းချမ်းလိုသောစိတ်လည်းမရှိပေ။

တချို့စစ်ပွဲများသည် ပြင်းထန်သည်။ တချို့စစ်ပွဲများသည် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် တာရှည်သည်။ သို့သော် လူသားဆန်သော၊ ငြိမ်းချမ်းလိုသော စိတ်နှလုံးရှိသူတို့ ဦးဆောင်သည့်အခါတွင် သွေးမြေကျမှုနည်းပြီး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးနိုင်ကြသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးဖြစ်သော နှစ်ပေါင်း ၁၁၈၉ ခုနှစ်မှ ၁၁၉၂ ခုနှစ်ထိရှည်လျားသော တတိယခရူးဆိတ်စစ်ပွဲသည် ငြိမ်းချမ်းလိုသော မင်းနှစ်ပါးတို့လက်ထက်တွင် နိဂုံးကမ္ပတ်အဆုံးသတ်နိုင်ခဲ့သည်။ အီဂျစ်ဘုရင် ဆာလာဒင် နှင့် အင်္ဂလန်ပြည့်ရှင် ရစ်ချတ်ဘုရင်တို့သည် သူတို့၏ ဘိုးဘေးဘီဘင်များ တိုက်ခဲ့ကြသော စစ်ပွဲထဲမှ ရလာသောအကျိုးအမြတ်မှာ ဆင်းရဲဒုက္ခ၊ အာဃတများသာ ဖြစ်သည်ကို သဘောပေါက်လာကြသည်။ ရာဇဘုရင်တို့၏ မာန်မာနရှိသော်ငြားလည်း လက်အောက်ငယ်သားတို့၏ သေကြေပျက်စီးမှု၊ မိမိတို့စစ်ဧရိယာမှ ပြည်သူတို့၏ ဆင်းရဲဒုက္ခအ၀၀ကို နှလုံးသားဖြင့် ခံစားပြီးသည်၏နောက်တွင် ငြိမ်းချမ်းရေးဖြင့် စစ်ပွဲကို အဆုံးသတ်လိုစိတ်များ ရှိလာခဲ့ကြသည်။ သံတမန်များစေလွှတ်ကြသည်။ စေ့စပ်ညှိနှိုင်းကြသည်။ စစ်ကိုအဆုံးသတ်ခဲ့ကြသည်။

စစ်ပွဲကိုအဆုံးသတ်လိုစိတ် အမှန်တကယ်ရှိလျှင် ပိုနေသောအတ္တများကို ဖယ်ထုတ်ကြရစမြဲ။ လိုနေသော မေတ္တာဓာတ်ကို ဖြည့်စွက်ကြရစမြဲ။ မာနများအတ္တများဖြင့် ငြိမ်းချမ်းရေးလိုလားသော စိတ်ဓာတ်များမှာ မုသားသာဖြစ်သည်။ ရဲဝံ့သောစိတ်၊ တည်ကြည်သောစိတ်ဖြင့် ငြိမ်းချမ်းရေးလိုလားသူများဖြစ်လျှင် လက်အောက်ငယ်သားများ၏ ဒုက္ခကို ထည့်တွက်ကြသည်။ ပြည်သူများကို စာနာကြသည်။ ခရူးဆိတ်စစ်ပွဲရပ်စဲရန်အတွက် အင်္ဂလန်ဘုရင် ရစ်ချတ်က ပြောခဲ့သောစကားမှာ လေးနက်လှသည်။

ရစ်ဘုရင်က ဘုရင်ဆာလင်ဒင်အား “သင်၏စစ်သည်များရော ငါ၏စစ်သည်များပါ သေခဲ့ကြရပြီ။ တိုင်းပြည်သည်လည်း ဖွတ်ဖွတ်ကြေခဲ့ရပြီ။ အဖြစ်အပျက်များသည်လည်း မည်သူမျှ ထိန်းချုပ်၍ မရတော့ပြီ။ ယခုလောက်ဆိုလျှင် တော်သင့်လောက်ပြီဟု သင်မယူဆတော့ပြီလော။ ဤအခြင်းအရာတို့ကို ရပ်ရန်အချိန်သင့်ပြီ’’ ဆိုပြီး ငြိမ်းချမ်းရေးစကားကို ကမ်းလှမ်းခဲ့သည်။ ရင်ထဲတွင်ပါသော ကိုယ်ချင်းစာတရားအပြည့်ပါသော ငြိမ်းချမ်းရေးစကား ဖြစ်သည့်အတွက်လည်း နှစ်ပေါင်းများစွာဖြစ်ပွားလာခဲ့သော စစ်မီးကို ငြိမ်းသတ်နိုင်ခဲ့ကြသည်။ မီးစတစ်ဖက်၊ ရေတစ်ဖက်ဖြင့် အကောက်ကြံသော ငြိမ်းချမ်းရေးမျိုး၊ အမြတ်ထုတ်လိုသော ငြိမ်းချမ်းရေးမျိုး မဟုတ်သည့်အတွက်လည်း သူတို့၏ငြိမ်းချမ်းရေး ပြေလည်သွားခဲ့သည်။

လက်ရှိရခိုင်ပြည်တွင်လည်း တိုက်ပွဲများကြောင့် ပြည်သူတစ်သိန်းခွဲကျော်က အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည်။ ဒုက္ခရောက်နေကြသည်။ သို့သော် ငြိမ်းချမ်းလိုသော စိတ်ထားများကို တာဝန်ရှိသူတို့ထံတွင် ရှိလာမည်လားဟု မျှော်လင့်မိသည်။ စစ်ပွဲကိုဖန်တီးနိုင်သူများသည် ငြိမ်းချမ်းရေးကိုလည်း ယူဆောင်နိုင်သူများသာ ဖြစ်သည်။ နှလုံးသားနှင့်သာ ဆိုင်ပါသည်။

ဗီဒီယိုများ