ပိတ်နေသော တံခါးကို ပြန်ဖွင့်ခြင်း

ကံဖေတိုက်နယ်အတွင်းတွင် ရခိုင်ကျေးရွာ ၁၄ ရွာနှင့် မွတ်ဆလင်ကျေးရွာ ၄ ရွာရှိသည်။ ထိုဘုရားပွဲကို ယခင်ကလည်း အဆိုပါကျေးရွာများမှ ဒေသခံအားလုံး ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူမျိုးနှစ်ခုကြား တင်းမာမှုများဖြစ်ပွားခဲ့ကာ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။ ထိုဘုရားပွဲကိုလည်း ၂၀၁၃ ခုနှစ် တစ်နှစ်တည်းသာ ရခိုင်ကျေးရွာသားများက ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မကျင်းပနိုင်ခဲ့ကြတော့ပေ။

By နှင်းအိချို+ချိုမာဝင်း 26 May 2022

DMG ၊ မေ ၂၆
(ဆောင်းပါး)

မိုးသားများကင်းစင်နေသည့် သာယာသောနေ့လည်ခင်းတစ်ခုတွင် အပူရှိန်ကိုအန်တုကာ ရခိုင်နှင့် မွတ်ဆလင်တို့ စုရုံးရောက်ရှိလာကြသည်။ ၎င်းတို့သည် ကံဖေတိုက်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပသည့် ကျင်ကိုင်ပွဲသို့ ပါဝင်ဆင်နွှဲရန်နှင့်အားပေးရန် လာရောက်ကြခြင်းဖြစ်ပြီး စိတ်အားငယ်ခြင်း၊ ဝမ်းနည်းခြင်းများ မရှိဘဲ အားလုံးကအပြုံးရိပ်များသမ်းနေသည်။

မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်း ဘုရားအနေကဇာတင်ပွဲကို မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့သည်။ ထိုပွဲတွင် မွတ်ဆလင်နှင့် ရခိုင်တို့၏ ရန်ငြိုး၊ရန်စများကို နိဂုံးချုပ်အဆုံးသတ်ရန်အတွက် အစီအစဉ်တစ်ခုကိုလည်း ချမှတ်ခဲ့ကြသည်။ ထိုအစီအစဉ်ကား အခြားမဟုတ်ပေ။ မွတ်ဆလင်များနှင့် ရခိုင်တို့ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန်အတွက် ရခိုင်ရိုးရာကျင်ပွဲနှင့် မွတ်ဆလင်ကျင်ပွဲကို ထည့်သွင်းကျင်းပကြခြင်းဖြစ်သည်။

ကံဖေတိုက်နယ်အတွင်းတွင် ရခိုင်ကျေးရွာ ၁၄ ရွာနှင့် မွတ်ဆလင်ကျေးရွာ ၄ ရွာရှိသည်။ ထိုဘုရားပွဲကို ယခင်ကလည်း အဆိုပါကျေးရွာများမှ ဒေသခံအားလုံး ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူမျိုးနှစ်ခုကြား တင်းမာမှုများဖြစ်ပွားခဲ့ကာ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။ ထိုဘုရားပွဲကိုလည်း ၂၀၁၃ ခုနှစ် တစ်နှစ်တည်းသာ ရခိုင်ကျေးရွာသားများက ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မကျင်းပနိုင်ခဲ့ကြတော့ပေ။

လက်ရှိတွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားမှာ ယုံကြည်မှု၊ရင်းနှီးမှုများ ပြန်လည်အသက်ဝင်လာပြီး တစ်ရွာနှင့်တစ်ရွာ ဝင်ထွက်သွားလာမှု၊ ပြောဆိုဆက်ဆံမှုများရှိလာသည်။ ထိုသို့အကြောင်းခံ အရှိတရားများကို ပိုမိုခိုင်မာလာစေခဲ့သည့်အချက်က ပေါ်တော်မူဘုရားပေါင်း ဗုဒ္ဓဘာသာဘုရားပွဲတော်က သက်သေခံလျက်ရှိသည်။ ထိုဘုရားပွဲကို ပဋိပက္ခဖြစ်ပွားပြီးနောက် တစ်ကြိမ်သာကျင်းပနိုင်ခဲ့ရာမှ ယခုနှစ်တွင် ဒေသခံအားလုံးနှင့် အတူတကွပြန်လည်ကျင်းပကြခြင်းဖြစ်သည်။

“အရေးအခင်းဖြစ်ပြီးကတည်းကဆိုရင် ကျနော်တို့သွားလာစရာ ပွဲလမ်းသဘင်လည်း မရှိဘူး၊ ပျော်လည်း မပျော်ခဲ့ရဘူး”ဟု နိုနာမွတ်ဆလင်ကျေးရွာမှ ကိုကျော်မောင်ချေက ဆယ်စုနှစ်တစ်ခုကြာ ခံစားခဲ့ရသည့်ဝေဒနာကို မျက်နှာညှိုးငယ်စွာဖြင့် ဖွင့်ဟသည်။
ယခင်ကဆိုလျှင် မွတ်ဆလင်နှင့် ရခိုင်တို့သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင်လည်း ပူးပေါင်းလုပ်ကိုင်ကြသည်။ ရခိုင်လုပ်ငန်းရှင်များလည်း မွတ်ဆလင်အလုပ်သမားများကို ခေါ်ယူလုပ်ကိုင်စေခဲ့သည်။

ပဋိပက္ခဖြစ်ပွားပြီးနောက်တွင် ကောင်းမွန်သည့် ဆက်ဆံရေးမရှိသောကြောင့် လုပ်ငန်းများလည်း ထိခိုက်သွားခဲ့သည်ဟု နှစ်ဘက်အသိုင်းအဝိုင်းက ဆိုကြသည်။

“ဝင်ထွက်သွားလာခွင့်မရှိတော့ စပါးတွေကို သွားရောင်းလို့မရဘူး။ ရခိုင်တွေ လာဝယ်လို့ရှိရင်လည်း ကျနော်တို့မှာ စပါးဈေးကို မတန်မရာနှိမ့်ရောင်းပြီး စားသောက်နေထိုင်ခဲ့ရတယ်။ တစ်ချို့ဆိုရင် ရှိတာတွေစားလို့ကုန်ရင် ငတ်တဲ့နေ့ငတ်တယ်။ အလုပ်သွားလုပ်လို့မှ မရတာ”ဟု တန်းဆိပ်ကျေးရွာမှ မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးတင်ရွှေက ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကိုပြောသည်။

ယခုလူမျိုးနှစ်ခုကြား ဆက်ဆံရေးကောင်းမွန်လာစေရန်အတွက် ရက္ခိုင့်တပ်တော်(AA)သည်လည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။ တင်းမာမှုများဖြစ်ပေါ်နေသည့် လူမျိုးနှစ်ခုကြားကို ယခင်ကကဲ့သို့ ဆက်ဆံရေး ကောင်းမွန်လာအောင် ရက္ခိုင့်တပ်တော်(AA)က ကူညီပေးခဲ့သည်ဟုဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA)မှ ရောက်ရှိလာပြီး ရွာတစ်ရွာတွင် မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနှင့် ရပ်မိ၊ရပ်ဖများကိုခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရန် ပြောဆိုခဲ့ရာမှအစပြုပြီး တစ်ရွာနှင့်တစ်ရွာ သွားလာလှုပ်ရှားကြသည်။

ယင်းနောက်ပိုင်းတွင်လည်း ရက္ခိုင့်တပ်တော်(AA)က လာရောက်ပြီး ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြရန် စည်းရုံးပြောဆိုသည်ဟု ဒေသခံများကဆိုကြသည်။

“အခုနောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်ပေါ်လာတဲ့အခါမှာ ရခိုင်ရွာကိုရောက်ရင် ရခိုင်လူမျိုးတို့ကို သူတို့က ပြောထားတယ်။ မွတ်ဆလင်လူမျိုးတွေဝင်လာရင် ဘာမှမလုပ်နဲ့ဆိုပြီးတော့လေ။ အခုကျနော်တို့ မြို့ကိုလည်း ဝင်လို့ရတယ်”ဟု ဆပ်ကျာ(မွတ်ဆလင်)ကျေးရွာ တာဝန်ခံ ဦးဘသောင်းကပြောသည်။

အရေးအခင်းဖြစ်ပွားပြီးနောက်တွင် မွတ်ဆလင်များသည် မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာရှိ တိုက်နယ်ဆေးရုံတစ်ခုတည်းကိုသာ သွားရောက်ဆေးကုသခွင့်ရရှိပြီး တခြားမြို့နယ်များသို့ သွားရောက်ခွင့် မရရှိခဲ့ပေ။ ၎င်းတို့မှာ သံသယမျက်လုံးများဖြင့် အကြည့်ခံရခြင်း၊ အချင်းချင်း ယုံကြည်မှု ပျောက်ဆုံးနေကြသောကြောင့် တခြားဒေသများသို့ သွားရောက်နိုင်ခြင်းမရှိခဲ့ကြပေ။

“မင်းပြားမြို့နယ်ဆေးရုံမှာလည်း ကျနော်တို့လူနာတွေ ဆေးခန်းပြလို့ရပါတယ်။ အရင်ကဆိုရင် ကျနော်တို့ မြောင်းဘွေမှာပဲ ဆေးခန်းပြရတယ်။ အခု ကျနော်တို့ မင်းပြားမြို့နယ်တင်မကဘူး။ မင်းပြားမြို့ဆေးရုံအထိပါ ဆေးခန်းပြလို့ရပါတယ်”ဟု ဦးဘသောင်းကဆိုသည်။

ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့နှင့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတို့၏ ဆယ်စုနှစ်ကြာပိတ်ထားသော တံခါးများကို ယခုနှစ်ပိုင်းများတွင် ပြန်လည်ဖွင့်လှစ်နိုင်ကြပြီဖြစ်သည်။ သို့ရာတွင် ယခုထက် ပိုမိုဆက်ဆံရေး ကောင်းမွန်လာစေနိုင်ရန်ဆိုလျှင် နှစ်ဘက်အသိုင်းအဝိုင်းကြားတွင် သြဇာရှိသည့်ပုဂ္ဂိုလ်များကလည်း သမာသမတ်ကျကျဖြင့် ဦးဆောင်တည့်မှတ်ပေးရမည်ဟု ဒေသခံများကယူဆကြသည်။

“ဆက်ဆံရေးကတော့ လောလောဆယ်မှာ နှစ်ဖက်စလုံးအေးဆေးပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့နဲ့ မွတ်ဆလင်တွေကြားမှာ လူကြီးချင်း အမြဲတမ်းဆွေးနွေးတိုင်ပင်မှုရှိတယ်။ ကျနော်တို့ဖက်ကတော့ ရခိုင်လူငယ်တွေကို ပြောပြဆိုပြတာရှိတယ်။ လူငယ်တွေကလည်း လက်ခံကြတယ်”ဟု ကြက်မဂျီကျေးရွာမှ ရခိုင်အမျိုးသား ဦးတင်အောင်သန်းကပြောသည်။

“လူကြီးပိုင်းတွေဆွေးနွေးလို့ရလာတဲ့အရာတွေကို နှစ်ဖက်စလုံးက နားလည်လက်ခံကြတော့ ဆက်ဆံရေးက ကောင်းမွန်နေတာပေါ့။ နောက်လည်း ဒီလိုပဲဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးတစ်ခုဖြစ်အောင်တော့ လုပ်သွားရမှာပေါ့”ဟု ၎င်းကဆက်ပြောသည်။

ပေါ်တော်မူ ဘုရားပေါင်းဘုရားပွဲတော်တွင်လည်း အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးများသည် တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြသည်။ မွတ်ဆလင်များအနေဖြင့် လူမျိုးဘာသာမခွဲခြားဘဲ ကျေနပ်စွာဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသဖြင့် ဝမ်းသာမိသည်ဟု နာဒင်(ရခိုင်)ကျေးရွာမှ ဘုရား‌ဂေါပကဥက္ကဋ္ဌ ဦးစံထွန်းလှက ပြောသည်။

“ကျနော်တို့ကလည်း မွတ်ဆလင်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ချက်ရှိပါတယ်။ သူတို့လည်း ပူးပေါင်းဖို့အတွက် အမြဲတမ်းကမ်းလှမ်းသွားပါမယ်လို့လည်း ပြောပါတယ်”ဟု ၎င်းက ပြုံးရွှင်ရွှင်ဖြင့်ဆိုသည်။

ပြဿနာမရှိဘဲ လူမျိုးစုနှစ်စုကြား အတူတကွယှဉ်တွဲနေထိုင်ခြင်းဖြင့် ဆင်းရဲတွင်းနက်ထဲရောက်နေသော ရခိုင်ပြည်အား ကယ်တင်နိုင်လိမ့်မည်ဟု ဒေသခံများကယူဆကြသည်။ လူမျိုးစုနှစ်ခုကြား ပဋိပက္ခမြောက်များစွာ ပေါ်ပေါက်နေလျှင်လည်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေမည်ဖြစ်သကဲ့သို့ ကမ္ဘာ့အလည်တွင်လည်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုပုံရိပ်ဆိုးများ စွန်းထင်းနေမည်ဆိုသည့် အချက်ကိုလည်း ပြည်သူများကလက်ခံနေကြပြီ။

“အခုဆိုရင် ကျနော်တို့နဲ့ ရခိုင်တွေကြားမှာ ဆက်ဆံရေး‌တွေက အရင်ထက်စာရင် အများကြီးကောင်းမွန်နေပြီ။ နောက်လည်း ဒီထက်ပိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရလာအောင် ကျနော်တို့ကြိုးစားသွားမှာပါ”ဟု ကိုကျော်မောင်ချေက ပြုံးရွှင်စွာဖြင့်ပြောသည်။

ကံဖေတိုက်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုရားပွဲတွင် ထည့်သွင်းကျင်းပသည့် မွတ်ဆလင်ကျင်ကိုင်ပွဲသို့ ပါဝင်ဆင်နွှဲရန်လာရောက်သည့် ကိုကျော်မောင်ချေက အနိုင်အရှုံးကိုအဓိကထားပြီး လာရောက်ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ လာပြိုင်ရသည့် အဓိကအကြောင်းအရင်းကို တည်ကြည်လေးနက်စွာဖြင့် အောက်ပါအတိုင်း ပြောဆိုလိုက်သည်။

“ကျနော်ဒီပွဲမှာ အရှုံး၊အနိုင်ပဓာနထားပြီး ပြိုင်တာမဟုတ်ဘူး။ အဓိက ရခိုင်လူမျိုးနဲ့ ကျနော်တို့ကြားမှာ ဆက်ဆံရေး ဒီထက်ပိုကောင်းမွန်လာဖို့ မျှော်လင့်တယ်”

နှင်းအိချို ၊ ချိုမာဝင်း - ရေးသည်

ဗီဒီယိုများ