ရခိုင်ပြည်နယ် စစ်ရှောင်စခန်းက မျိုးဆက်သစ်လူငယ်တို့ရဲ့ ပညာရေးခရီးကြမ်း

“ကျမမှာ နဝမတန်းနဲ့ ဒသမတန်းတက်နေတဲ့ အကိုနှစ်ယောက်ရှိတယ်။ ကျောင်းအသုံးစရိတ်ကို ဇာတိရွာဖြစ်တဲ့ သိမ်းချောင်းရွာကို ရံဖန်ရံခါပြန်ပြီး မျှစ်ချိုးတယ်၊ ဝါးခုတ်တယ်။ ရွာမှာကျန်ခဲ့တဲ့ သစ်နဲ့ဝါးကိုရောင်းတယ်။ လက်ဝတ်လက်စားတွေကိုလည်း ရောင်းချပြီး ဖြေရှင်းရတယ်။ ရွာကိုတက်ဖို့ အခက်အခဲတော့ရှိတယ်” ဟု သတ္တမတန်းကျောင်းသူ မလှအေးဌေးက ပြောသည်။

By စိမ်းကိုကို 31 Oct 2019

စင်းဘောကိုင်း စစ်ရှောင်စခန်းမှ ကျောင်တက်ရန်သွားနေသည့် မူလတန်းကလေးများ။ ဓာတ်ပုံ - စိမ်းကိုကို

စိမ်းကိုကို|DMG

အောက်တိုဘာ ၃၁၊ စစ်တွေ


ရခိုင်ပြည်နယ်တွင်  ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့နေရသူများတွင် ကျောင်းနေအရွယ် မျိုးဆက်သစ် လူငယ်များလည်း ပါဝင်နေသည်။

၎င်းတို့မှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့ရှိ ကျေးရွာများမှ နီးစပ်ရာ မြို့ပေါ်များသို့ ပြောင်းရွှေ့၍ စစ်ရှောင်စခန်းတွင် နေထိုင်ရခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်ရှိ ပီပင်ရင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံရင်း နေထိုင်ရသည့် ကျောင်းသား/သူများအနေဖြင့် သေနတ်သံများ ရံဖန်ရံခါ ကြားရသည့်အတွက် ပညာဆက်လက် ဆည်းပူးရာတွင် အခက်အခဲများရှိကြောင်း သိရှိရသည်။

“ကျောင်းမမှန်တော့ ဆရာတွေဆီမှာလည်း အဆူခံရတယ်။ စာတွေလည်း နောက်ကျပါတယ်။ တိုက်ပွဲဖြစ်လို့ လှည့်ပြန်ရတာလဲ ၅ ကြိမ်လောက်ရှိပါတယ်။ စာကျက်ရတာလည်း လူအများကြီးနဲ့ဆိုတော့ မလွတ်လပ်ဘူး။ ကျိတ်ပြီးတော့ ဆိုရတယ်”ဟု  ပီပင်ရင်းကျေးရွာကို လက္ကာကျေးရွာမှ စစ်ရှောင်လာသော နဝမတန်းကျောင်းသူ မဆန်းမြင့်ကြည်က ပြောသည်။

ပီပင်ရင်း စစ်ဘေးရှောင်စခန်းတွင်ရှိသော ကျောင်းသား/သူများအနေဖြင့် (၃)မိုင်ခန့် ဝေးသည့် ပေါက်တောပြင်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းသို့ ခြေလျင်တက်ကြရသည်။
ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် အထက်တန်းကျောင်းသား/သူများအနေဖြင့် ကျောင်းသို့လာရာ လမ်းခရီးကြန့်ကြာမည်စိုး၍ မြောက်ဦးမြို့နယ်ပညာရေးဌာနမှ  စက်ဘီးများ ထုတ်ပေးခဲ့သည်။

သို့သော် မိုးတွင်းကာလတွင် လမ်းခရီးများကြမ်းတမ်းခြင်းကို အံတု၍ သွားလာရခြင်းကြောင့် စက်ဘီးများလည်း ပျက်စီးသွားခဲ့သည်။

“ပီပင်ရင်း စစ်ရှောင်စခန်းက ကလေးတွေရဲ့ နောက်အခက်အခဲတစ်ခုက တစ်ပတ်ကို ကျောင်း(၃)ရက်ပဲ တက်ရတယ်။ အခုလို စီစဉ်ရတာက ဒေသမတည်ငြိမ်မှုကြောင့်ပါ။ ကျောင်းအုပ်ကြီးနဲ့ညှိနှိုင်းပြီး အခုလို စီစဉ်ထားရတာ” ဟုပီပင်ရင်း စစ်ရှောင်စခန်မှကလေးများကို ပညာသင်ကြားပေးနေသော ပြင်ပဆရာတစ်ဦးဖြစ်သူ ဦးဦးကျော်ယဉ်ကပြောသည်။

နယ်မြေမတည်ငြိမ်ခြင်းကြောင့် ပီပင်ရင်းစခန်းမှ ကျောင်းပုံမှန်တက်ခွင့်မရသည့် နဝမတန်းနှင့် အဌမတန်း ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများ လေ့လာနိုင်စွမ်းအားနည်းပြီး အရည်အချင်းစစ် စာမေးပွဲတွင် ဖြေဆိုနိုင်ရန် စိတ်ပူလျက်ရှိသည်။

 “ဒီနှစ်အတိုင်းအတာမှာတော့ ပညာရေးက ချို့တဲ့မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းက မမှန်ဖြစ်တဲ့အတွက် ကိုးတန်းပညာကို အရည်အသွေးအရည်အချင်းနဲ့တော့ ပြည့်မီမှာမဟုတ်ဘူးလို့မြင်တယ်” ဟု ပီပင်းရင်းစစ်ရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်ဇော်လှက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းဇယားများတွင် တိုက်ပွဲ စတင်ဖြစ်ပွားသည့်အချိန်မှ အောက်တိုဘာလ အထိ စစ်ဘေးရှောင်သူ ဦးရေ (၆၈၅၅၀) ခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ် အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၁၅၁)စု၊ လူဦးရေ (၆၉၇)ဦး၊ ဝါးတောင်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၂၁၈)စု၊ လူဦးရေ (၁၁၈၁)ဦး၊ မြောက်ဦးမြို့နယ်ရှိ ပီပင်ရင်း စစ်ရှောင်စခန်းတွင် လူဦးရေ (၁၀၀၀)ခန့်၊ မြို့သစ်ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၁၉၃)စု၊ လူဦးရေ (၈၂၈)ဦး၊ မြတန်းဆောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၁၇၀)၊ လူဦးရေ (၆၅၆)ဦး၊ စင်းဘောကိုင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၆၇၀)စု၊ လူဦးရေ (၃၂၉၆)ဦး ရှိသည်။

ကျောက်တော်မြို့နယ်ရှိ အထက်မြတ်လှဲ စစ်ရှောင်စခန်းမှ ဒသမတန်း ကျောင်းသား/သူများသည် ကျောင်းသုံး စာရေးကိရိယာများ မလုံလောက်ခြင်းကြောင့် သင်ယူမှတ်သားရေးပိုင်းတွင် အားနည်းသည့်အပြင် ငွေကြေးအခက်အခဲကြောင့် ကျောင်းချိန်ပြင်ပ စာသင်ယူခြင်းကိုလည်း မတက်ရောက်နိုင်ကြောင်း ကျောင်းသား/သူတချို့ထံက သိရသည်။

“စာသင်ရတာက မလိုက်နိုင်တဲ့ ဘာသာတွေလည်းရှိတယ်။ လိုက်နိုင်တဲ့ ဘာသာတွေလဲရှိပါတယ်။ ဓာတုဗေဒနဲ့ ရူပဗေဒမှာ အခက်အခဲရှိပါတယ်။ ဆရာမတွေ နည်းနည်းရှင်းပြဖို့ အဆင်မပြေတဲ့အပိုင်းတွေ ရှိသလို ကျောင်းသားတွေနားမလည်တဲ့ အပိုင်းတွေလည်းရှိပါတယ်။ ကျုရှင်ကတော့ တစ်နှစ်စာချုပ် ချုပ်ရပါတယ်။ အပြီး နှစ်သိန်းပေးရတယ်။ အခု ငွေမတတ်နိုင်လို့ ထွက်လိုက်ပါပြီ။ ဆယ်တန်းအောင်၊ မအောင်ကတော့ ခန့်မှန်းလို့ မရပါဘူး။ စာဖတ်ဖို့ အချိန်မှာလည်း အခက်အခဲတွေရှိပါတယ်”ဟု အထက်မြတ်လှဲ စစ်ရှောင်စခန်းတွင်နေထိုင်သူ ဆယ်တန်းကျောင်းသူ မမိုးဌေးက ပြောသည်။

ဝါးတောင်ကယ်ဆယ်ရေးစခန်းတွင်တော့KG တန်းမှ ဒသမတန်းအထိ ကျောင်းသား/သူ (၂၇၅)ဦးရှိပြီး အထက်တန်းကျောင်းသား/သူများသည် မြစ်တစ်ဖက်ကမ်းရှိ ကန်စောက်ကျေးရွာ အ.ထ.က ကျောင်းသို့ သွားရောက်တက်ကြရသည်။

အဆိုပါ မြစ်တစ်ဖက်ကမ်းရှိ ကန်စောက် အ.ထ.က ကျောင်းသို့ သွားရောက်နိုင်ရန် မြစ်ကူးခ (ကူးတို့ခ) တစ်နှစ်လျှင် (၂၅၀၀၀)ကျပ်၊ ကျောင်းချိန်ပြင်ပ စာသင်ဝိုင်းအတွက် တစ်နှစ်စာ (၁၆၀၀၀၀)ကျပ် ကုန်ကျသည်။

“ကျမမှာ နဝမတန်းနဲ့ ဒသမတန်းတက်နေတဲ့ အကိုနှစ်ယောက်ရှိတယ်။ ကျောင်းအသုံးစရိတ်ကို ဇာတိရွာဖြစ်တဲ့ သိမ်းချောင်းရွာကို ရံဖန်ရံခါပြန်ပြီး မျှစ်ချိုးတယ်၊ ဝါးခုတ်တယ်။ ရွာမှာကျန်ခဲ့တဲ့ သစ်နဲ့ဝါးကိုရောင်းတယ်။ လက်ဝတ်လက်စားတွေကိုလည်း ရောင်းချပြီး ဖြေရှင်းရတယ်။ ရွာကိုတက်ဖို့ အခက်အခဲတော့ရှိတယ်” ဟု သတ္တမတန်းကျောင်းသူ မလှအေးဌေးက ပြောသည်။

မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာရှိ စစ်ရှောင်စခန်းမှ ကျောင်းနေအရွယ်များသည် စားဝတ်နေရေး အဆင်မပြေခြင်းကြောင့် ကျောင်းဆက်လက်မတက်တော့ကြောင်း သိရသည်။

“၈ တန်းနဲ့ ၆ တန်းကို ထုတ်လိုက်ရတယ်။ စီးပွားရေးအခြေအနေကလိုက်လို့မမီတဲ့အတွက်ပါ။ ကျုရှင်ခကတစ်မျိုး၊ ကျောင်းစိမ်းလိုတာကတစ်မျိုး၊ စာအုပ်စာတမ်း လိုတာကတစ်မျိုး ဆိုတော့ ငွေကြေးအဆင်မပြေလို့ ထုတ်လိုက်ရပါတယ်” ဟု စင်းဘောကိုင်းစစ်ရှောင်စခန်းမှ ကျောင်းသားမိဘ ဦးကျော်ကြီးက ပြောသည်။

စင်းဘောကိုင်း စစ်ရှောင်စခန်းမှ အထက်တန်းကျောင်းခွဲတွင် တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား/သူ (၄၀)ကျော်ခန့်ရှိသည်။ စင်းဘောကိုင်းစစ်ရှောင်စခန်းအတွင်း နေထိုင်ရသူများအဖို့ စီးပွားရေးအဆင်မပြေခြင်းကြောင့် ကျောင်းသား/သူ (၃၀)ခန့် ကျောင်းထွက်ခဲ့ကြောင်း ကျောင်းသားမိ ဘများက ခန့်မှန်းပြောဆိုသည်။

သေကန် စစ်ရှောင်စခန်းမှ မူလတန်း၊ အလယ်တန်း ကလေးများကို အခမဲ့စာသင်ဝိုင်းတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - စိမ်းကိုကို

စင်းဘောကိုင်း အထက်တန်းကျောင်းခွဲတွင် ဆရာ/ဆရာမ လုံလောက်သော်လည်း စစ်ရှောင်လာသည့် ကျောင်းသား/သူများအနေဖြင့် အခြေခံ စာလေ့လာမှုအပိုင်းတွင် အားနည်းခြင်းအတွက် အရည်အချင်း ပြည့်မီမှုအပိုင်းတွင် အားနည်းကြောင်း စင်းဘောကိုင်း အ.ထ.က(ခွဲ) ကျောင်းအုပ်ကြီးက သုံးသပ်ပြောဆိုသည်။

“သူတို့အတွက် အဆောက်ဦးလိုမယ်။ မီးလိုမယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီကလေးတွေ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ဖွံ့ဖြိုးဖို့အတွက်ဆိုရင် နိုင်ငံတော်ကသော်လည်းကောင်း၊ တစ်ခြား INGO၊ NGO အဖွဲ့တွေကသော်လည်းကောင်း အဘက်ဘက်က ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ သူတို့ရဲ့အနာဂတ် လှပလာမယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ ပညာတက်မြောက်မှုအပိုင်းမှာ ပံ့ပိုးကူညီမှုတွေလိုမယ်”ဟု စင်းဘောကိုင်း အ.ထ.က (ခွဲ) ကျောင်းအုပ်ကြီး ဦးရွေထွန်းကပြောသည်။

စစ်ရှောင်စခန်းများတွင် နေထိုင်ရပြီး ပညာသင်ယူနေသည့် ကျောင်းသား/သူ များအနေဖြင့် နေရာဒေသအလိုက် ကြုံတွေ့ရသည့် အခက်အခဲမှာ ဒေသအခြေအနေအပေါ်မူတည်၍ ကွဲပြားမှုများရှိသည်။

တချို့စာသင်ကျောင်းများတွင် စစ်ရှောင်စခန်းမှ ကျောင်းသား/သူများအနေဖြင့် နီးစပ်ရာ အ.ထ.က(ခွဲ)ကျောင်းနှင့် မူလွန်ကျောင်းများတွင် ကျောင်းတက်ရောက်ကြသော်လည်း ၎င်းကျောင်းများ၌ နေရာအခက်အခဲရှိ၍ နံနက် (၆)နာရီမှ (၁၀)နာရီအတွင်း အချိန်အကန့်အသတ်ဖြင့်သာ သင်ယူရကြောင်း မြောက်ဦးမြို့ရှိ အောင်မင်္ဂလာ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးစိန်လှမောင်က ပြောသည်။

မင်းပြားမြို့နယ် သေကန်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်းမှ ဆဌမတန်းကျောင်းသား/သူ တစ်ချို့မှာ သင်ထောက်ကူပစ္စည်း လိုအပ်ချက်ရှိနေကြောင်း ပြောဆိုကြသည်။

“ကိုယ့်ပတ်ဝန်းကျင်မှာ လူများတော့ စာကျက်တဲ့အခါမှာ မလွတ်လပ်ဘူး၊ နေရတဲ့နေရာက ကျဉ်းလဲကျဉ်း မီးကလည်းမရှိတော့ စာကို သေချာကျက်လို့မရဘူး၊ သေနတ်ပစ်သံတွေကြားတဲ့အခါ ညအချိန်စာကျက်ရင် လူကြီးတွေက တားတယ်။ ကိုယ့်ရွာမှာနေတုန်းကဆို လွတ်လပ်တယ်။ ဒီမှာက သိပ်အဆင်မပြေဘူး၊ စာလည်းသိပ်မလိုက်နိုင်ဘူး” ဟု သေကန်စစ်ရှောင်စခန်းမှ ဆဌမတန်းကျောင်းသူ မနန္ဒာဝင်းက ပြောသည်။

စစ်ရှောင်စခန်းရှိ ကျောင်းသား/သူများအတွက် ပညာရေးနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများကို သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးအနေဖြင့် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးတွင် လာရောက်ထုတ်ယူနိုင်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ဆရာကြီးတို့ဖက်ကတော့ ကျောင်းသားအင်အားနဲ့ စာရေကိရိယာ အပြည့်အစုံရှိပါတယ်။ မြို့နယ် ပညာရေးမှူးတွေကိုလည်း စာတွေထုတ်ပြီးသားပါ။ မလောက်ငှဆိုတာက ဒီကြားထဲ ဟသွားတာ။ မြို့နယ်မှူးက ချက်ချင်းသတင်းပို့ပါ။ အချိန်မရွေး လာထုတ်လို့ရတယ်”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

၂၀၁၉ခုနှစ် အောက်တိုဘာ (၂၇)ရက်အထိ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ရသေ့တောင်မြို့နယ်ရှိ စာသင်ကျောင်း (၃)ကျောင်း၊ မင်းပြားမြို့နယ်ရှိ စာသင်ကျောင်း (၂)ကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ စာသင်ကျောင်း(၉)ကျောင်းအား ခေတ္တ ပိတ်ထားရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ရသည့် စစ်ရှောင်ပြည်သူများအတွက် နေရပ်ပြန်နိုင်ရေး၊ စီးပွားရေးအဆင်ပြေနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ကူညီပံ့ပိုးပေးဖို့လိုအပ်ကြောင်း ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အကြံပြုပြောဆိုသည်။

“အစိုးရအနေနဲ့ ဘယ်လိုစီမံချက်တွေ လုပ်ပေးရမှာလဲဆိုတော့ စစ်ဘေးရှောင် စခန်းတွေဖွင့်ထားတဲ့ နေရာဒေသ တွေမှာ ယာယီကျောင်းလေးတွေကိုဆောက်ပြီးတော့ ကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းရယ်၊ စာအုပ်စာတမ်းပိုင်းရယ် အကုန်လုံးကို အစိုးရက စီမံဆောင်ရွက်ပေးသင့်တယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်၏ ပညာရေးမှာ နိမ့်ကျသည့်ကြားမှ ယခုလို တိုက်ပွဲများကြောင့် ကလေးငယ်များ ပညာ ကောင်းစွာမသင်ရဘဲ နှစ်နှင့်ချီ တိမ်းရှောင်နေကြရမည်ဆိုလျှင် ပညာရေးအခြေအနေမှာ ပိုမိုဆိုးရွာလာနိုင်သည်။

ထို့ကြောင့် စစ်ရှောင်ကလေးငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားလာရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးအပါဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်လျက်ရှိသည်။

ဗီဒီယိုများ